ဖျူရီနှင့် ဂျော့ရှူအာ ပွဲစဉ်တွင် အကြိုတွဲဆိုင်းအဖြစ် ဝီလ်ဒါနှင့် ဘာကိုလေတို့ ထိုးသတ်မည်

ဟဲဗီးဝိတ်ဖိုက်တာ  မာတင်ဘာကိုလေသည် လာမည့်  ဒီဇင်ဘာ  ၁၁  ရက်တွင် ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့၌   တိုင်ဆန်ဖျူ ရီနှင့် အန်သိုနီ ဂျော့ရှူအာတို့ ထိုးသတ်မည့်ပြိုင်ပွဲ၌ အကြိုတွဲဆိုင်းအဖြစ် ကမ္ဘာ့ချန်ပီယံဟောင်း   ဒီယွန်တေဝီလ်ဒါနှင့် ထိုးသတ်သွားမည်ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် ကွန်ဂိုဖိုက်တာ ဘာကိုလေသည် လေ့ကျင့်ရေးအစီအစဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် နုတ်ထွက်သွားသော ဩစတြေးလျဖိုက်တာ ဂျိုင်းအိုပီတိုင်းယား၏ နေရာကို အစားထိုးဝင်ရောက်ထိုးသတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဘာကိုလေသည် ဖေဖော်ဝါရီလအတွင်းက ထိုးသတ်ခဲ့သည့်  ဂျိုးဆက်ပါကားနှင့်ပွဲစဉ်၌  ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ထားသည်။

အသက် ၃၁ နှစ်အရွယ် ရှုံးပွဲမရှိသေးသည့် ခရူဇာဝိတ်တန်းဖိုက်တာ အိုပီတိုင်းယားသည်  ဟဲဗီးဝိတ်တန်း  ပွဲဦးထွက်အဖြစ် ဝီလ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင်  ပြိုင်ပွဲမှ  နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

အသက် ၄၁ နှစ်အရွယ် WBC ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဝီလ်ဒါသည် လက်ဝှေ့သက်တမ်းတစ်လျှောက် စုစုပေါင်းပွဲ ၅၀ ထိုးသတ်ထားရာ ၄၅ ပွဲနိုင်၊ လေးပွဲရှုံးနှင့် တစ်ပွဲသရေကျထားသည်။ ဝီလ်ဒါသည် ၎င်း၏ နိုင်ပွဲ ၄၅ ပွဲတွင် အလဲထိုးနိုင်ပွဲ ရရှိမှု ၄၃ ပွဲအထိ ရှိထားသည်။

ဘာကိုလေသည်  လက်ဝှေ့ကစားသမားဘဝ  စုစုပေါင်း  ၂၄ ပွဲ  ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၂၁ ပွဲနိုင်၊ နှစ်ပွဲရှုံးနှင့် တစ်ပွဲသရေကျထားသည်။ ဘာကိုလေ၏ နိုင်ပွဲ  ၂၁ ပွဲတွင်  အလဲထိုးနိုင်ပွဲ ရရှိမှု ၁၆ ပွဲအထိ ရှိသည်။

မိုးဇက်