၂၀၃၀ ပြည့်နှစ်တွင် လကမ္ဘာပေါ်သို့ လူဆင်းသက်နိုင်ရေး တရုတ်နိုင်ငံက ဆက်လက်ကြိုးပမ်းနေ

ပေကျင်း  နိုဝင်ဘာ  ၂၄

တရုတ်နိုင်ငံ၏  လကမ္ဘာစူးစမ်းလေ့လာရေးအစီအစဉ်သည် သတ်မှတ်ထားသည့် ရည်မှန်းချက်များအတိုင်း  တိုးတက်နေကြောင်း   တရုတ်လူလိုက်ပါအာကာသစီမံကိန်းအေဂျင်စီ (CMSA) က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။

နိုဝင်ဘာ ၂၅ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားသည့် Shenzhou-24 မစ်ရှင်နှင့်ပတ်သက်၍  သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အာကာသယာဉ်မှူးများလိုက်ပါသည့် အာကာသယာဉ်ကို လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ရန် ရည်မှန်းလုပ်ဆောင်လျက်ရှိသည်။                            

CMSA ပြောရေးဆိုခွင့်ရှိသူ ကျန်းကျင်းပေါက မကြာမီကာလအတွင်း Long March-10A ဒုံးပျံနှင့် မျိုးဆက်သစ်လူလိုက်ပါ  အာကာသယာဉ် Mengzhou  တို့ကို    ဟိုင်နန်ပြည်နယ်၊ ဝန်ချန်းအာကာသယာဉ် လွှတ်တင်ရေးစခန်းတွင် ပူးတွဲလေ့ကျင့်စမ်းသပ်သွားမည်ဖြစ်ကြောင်း ပြောသည်။ ယင်းစမ်းသပ်မှုသည် လွှတ်တင်ရေးလုပ်ငန်းစဉ်များနှင့် စနစ်အချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုများကို အပြည့်အဝစစ်ဆေးရန် ရည်ရွယ်သည်။ ထို့နောက် Long March-10 ဒုံးပျံ၏ နည်းပညာပိုင်းဆိုင်ရာ အတည်ပြုစမ်းသပ်ပျံသန်းမှုကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် လူလိုက်ပါသည့်  လကမ္ဘာစူးစမ်းရေးမစ်ရှင်များအတွက် တည်ဆောက်ထားသော Long   March-10    ဒုံးပျံစီးရီးတွင်  Long March-10 နှင့် Long March-10A ဟူ၍  အမျိုးအစားနှစ်မျိုး  ပါဝင်ကြောင်း  သိရသည်။   လကမ္ဘာပေါ်သို့    ဆင်းသက်မည့်   Lanyue (လကိုဖက်တွယ်ခြင်း)   အမည်ရှိ လဆင်းယာဉ်၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကိုလည်း သတ်မှတ်အစီအစဉ်အတိုင်း ဆောင်ရွက်နေကြောင်း တရုတ်အာကာသအေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့သည်။

ဆင်ဟွာ