ဆူဗာ နိုဝင်ဘာ ၂၄
ဖီဂျီနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် မိုးခေါင်ရေရှားမှုအခြေအနေများ ပိုမိုဆိုးရွား လာနေသဖြင့် အစိုးရအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းများအား ယခုလကုန်မှစတင်၍ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာထားချိန်တွင် ကျောင်းသားများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် မူလက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြီးဆုံးရန် သတ်မှတ်ထားသည့် တတိယအကြိမ် ကျောင်းဖွင့်ရာသီကို ယခုကဲ့သို့ စောစီးစွာပိတ်လိုက်ခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန် သည့် ညွှန်ကြားချက်တစ်ခု၌ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နာဗင်ရတ်က အဆိုပါဆုံးဖြတ်ချက်အား အတည်ပြုခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် အရေးပေါ်ကော်မတီ၏ အကြံပြုချက်များအပေါ် အခြေခံထားပြီး အစိုးရ၏ “အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အတွက် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်”နှင့် ကိုက်ညီမှုရှိကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ညွှန်ကြားချက်အရ ကျောင်းများအားလုံးသည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ပိတ်ထားရမည်ဖြစ်သော်လည်း ဆရာ/ဆရာမများနှင့် အခြားကျောင်းဝန်ထမ်းများမှာမူ ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
လက်ရှိ ဖြစ်ပေါ်နေသော အမျိုးသားအဆင့် အရေးပေါ်အခြေအနေကာလအတွင်း ကျောင်းသားများအပေါ် သက်ရောက်နိုင်သည့် အန္တရာယ်များကို လျှော့ချရန်နှင့် ၎င်းတို့၏ ဘေးကင်းရေးကို ရည်ရွယ်၍ အဆိုပါကြိုတင်ကာကွယ်ရေးအစီအမံကို ချမှတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာ


