နီပေါနိုင်ငံ ရေကြီးရေလျှံမှုအတွက် အိန္ဒိယနိုင်ငံက ထောက်ပံ့ငွေပေးအပ်မည်

နယူးဒေလီ    နိုဝင်ဘာ    ၂၄

နီပေါနိုင်ငံတွင်  ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင် မြေပြိုမှုများအတွက် နီပေါရူပီး ၂၄၀ ဘီလီယံတန်ဖိုးရှိ ဖွံ့ဖြိုးရေး အကူအညီများပေးအပ်မည်ဖြစ်ကြောင်း   အိန္ဒိယဝန်ကြီးချုပ်မိုဒီက  ကတိပြုပြောကြားခဲ့သည်။

နီပေါနိုင်ငံ  ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့်  အခြေခံအဆောက်အအုံ စီမံကိန်းသစ်များအတွက် အကူအညီများပေးအပ်သည့်   အဆိုပါအစီအစဉ်အား  နီပေါနိုင်ငံဝန်ကြီးချုပ် ဘလန်ဒါရှတ်နှင့် နယူးဒေလီမြို့တွင် တွေ့ဆုံစဉ် ဝန်ကြီးချုပ်မိုဒီက  ကြေညာခဲ့ခြင်းဖြစ်သည်။   ခေါင်းဆောင်နှစ်ဦး ကြား၌ စွမ်းအင်၊ ဂြိုဟ်တုဆက်သွယ်ရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူခဲ့ကြသည်။ 

အိန္ဒိယနှင့်  နီပေါနိုင်ငံတို့အကြား ဆက်ဆံရေးသည် ရင်းနှီးမှုနှင့် ယုံကြည်မှုတို့အပေါ်  အခြေခံ၍ တည်ဆောက်ထားကြောင်းနှင့်  မိမိတို့နှစ်နိုင်ငံသည် ခက်ခဲကြမ်းတမ်းသော ကာလများတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အစဉ်တစိုက် အပြန်အလှန်ပံ့ပိုးကူညီခဲ့ကြောင်းလည်း  ဝန်ကြီးချုပ် မိုဒီက ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည်   နီပေါနိုင်ငံ၏ ယုံကြည်စိတ်ချရသော အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းနှင့်  နီပေါနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် အခြားစိန်ခေါ်မှုများကို ရင်ဆိုင်ရသည့်အချိန်တိုင်း  အိန္ဒိယနိုင်ငံက  ဦးစွာတုံ့ပြန်ကူညီပေးလေ့ရှိကြောင်း နီပေါနိုင်ငံဝန်ကြီးချုပ် ဘလန်ဒါရှတ်က ပြောကြားခဲ့သည်။ မိမိတို့နှစ်နိုင်ငံကြား ယခုနောက်ဆုံးရရှိခဲ့သည့် သဘောတူညီချက်များသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိစေရန် အထောက်အကူပြုလိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ