ဂျပန်နိုင်ငံ၌ ၂၀၂၄ ခုနှစ် ငလျင်ကြောင့် ပျက်စီးသွားသော စာသင်ကျောင်းအဆောက်အအုံ ပြန်လည်ဖွင့်လှစ်

နိုဝင်ဘာ ၁၇

ဂျပန်နိုင်ငံ အလယ်ပိုင်း အီရှီကာဝါ စီရင်စုရှိ မူလတန်းကျောင်းအဆောက်အအုံတစ်ခုသည် နိုတိုကျွန်းဆွယ်ငလျင်ကြောင့် ပျက်စီးခဲ့ပြီး သုံးနှစ်နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ယူချီနာဒါမြို့ရှိနီရှီယာရာယာ မူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အခမ်းအနားတစ်ခု နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြေသားအရည်ပျော်ခြင်း ဖြစ်ပေါ်ခဲ့ပြီး ကျောင်းအဆောက်အအုံ  ပြင်းထန်စွာ ပျက်စီးကာ ကျောင်း၏ ရေပေးဝေမှုလည်း ပြတ်တောက်သွားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ပညာသင်ကြားမှုကို ဆက်လက်ပြုလုပ်နိုင်ရန် ၅ ကီလိုမီတာခန့် အကွာအဝေးရှိ အခြားကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့ကာ ပညာသင်ကြားခဲ့ကြသည်။

ကျောင်း၏အတွင်းပိုင်း ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြီးစီးသွားသော်လည်း အပြင်ဘက်နံရံများနှင့် ကျောင်းဝင်း ပြုပြင်မှုများကို နှစ်ကုန်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နီရှီယာရာယာ ကျောင်းသားများသည် နှစ်နှစ်နှင့် ၁၀ လကြာပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့က ၎င်းတို့၏ကျောင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း ဖော်ပြထားသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ကြီး ကီယာမာ ချီဆာက စာသင်ကျောင်းသည် ပျော်ရွှင်ဖွယ်အသံများနှင့် ပျော်ရွှင်ဖွယ်အပြုံးများဖြင့် ပြန်လည်ပြည့်နှက်နေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပွဲသို့ တက်ရောက်လာသော ကလေးများသည် ကျောင်းသီချင်းကို အတူတကွ သီဆိုခဲ့ကြသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို