နိုဝင်ဘာ ၁၇
နယူးဇီလန်နိုင်ငံတွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများသည် အောက်တိုဘာလအတွင်း တတိယမြောက်လဆက်တိုက်မြင့်တက်ခဲ့ပြီး စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက အောက်တိုဘာလတွင် ဓာတ်ဆီဈေးနှုန်း ၁၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် ဒီဇယ်ဈေးနှုန်း ၁၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သော တရားဝင်စာရင်းအင်းအချက်အလက်များအရ သိရသည်။
နယူးဇီလန်နိုင်ငံ၏ စာရင်းအင်းဌာနမှ ဈေးနှုန်းနှင့် အချက်အလက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Jason Attewell က ဖေဖော်ဝါရီလမှစ၍ တွက်ချက်ပါက ဓာတ်ဆီဈေးနှုန်း ၄၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒီဇယ်ဈေးနှုန်း ၇၃ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြည်တွင်းလေကြောင်းခရီးစဉ် လက်မှတ်ခများလည်း အောက်တိုဘာလတွင် စက်တင်ဘာလကထက် ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ စက်တင်ဘာလတွင်လည်း ၉ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တစ်နှစ်တာကာလအလိုက် နှိုင်းယှဉ်ပါက ပြည်တွင်းလေယာဉ်လက်မှတ်ခများသည် ၃၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် ကုန်ဆုံးခဲ့သည့် တစ်နှစ်တာကာလနောက်ပိုင်း အမြင့်ဆုံးနှုန်းထားဖြစ်သည်ဟု Attewell က ဆိုသည်။
အောက်တိုဘာလတွင် ကုန်ဆုံးသည့် တစ်နှစ်တာကာလအတွင်း အစားအသောက်ဈေးနှုန်းများသည် ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စက်တင်ဘာလတွင် ကုန်ဆုံးသည့် တစ်နှစ်တာကာလ၌ ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လျော့ကျလာခြင်းဖြစ်သည်ဟု သိရသည်။
အစားအသောက်ဈေးနှုန်းများ နှစ်စဉ်မြင့်တက်မှုတွင် စားသောက်ဆိုင်များမှ အစားအစာများနှင့် အသင့်စားအစားအစာများက အများဆုံးပါဝင်ခဲ့ပြီး ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်စုံဆိုင်များမှ အစားအသောက်ဈေးနှုန်းများ ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နယူးဇီလန်နိုင်ငံ၏ စာရင်းအင်းဌာနက ဖော်ပြသည်။
သို့ရာတွင်လစဉ်နှိုင်းယှဉ်မှုအရ စက်တင်ဘာလမှ အောက်တိုဘာလအတွင်း အစားအသောက် ဈေးနှုန်းများသည် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယင်းကျဆင်းမှုသည် ကုန်စုံဆိုင်များမှ အစားအသောက်ဈေးနှုန်း ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်း ၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ခြင်းကြောင့် အဓိကဖြစ်သည်ဟု စာရင်းအင်းဌာနက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


