မန္တလေး နိုဝင်ဘာ ၂၇
အငြင်းပွားမှုများ ဖြစ်ပွားပါက ဖြေရှင်းဆောင်ရွက်နိုင်ရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဖွဲ့စည်းထားသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိ ကောင်စီဝင်များအနေဖြင့် အငြင်းပွားမှုများကို ဖျန်ဖြေခြင်း၊ စစ်ဆေးဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်၏ အကျိုးစီးပွားကို မျှတစွာကြည့်ရှု၍ ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်မှသာ အလုပ်ရှင်၊ အလုပ်သမားများက ယုံကြည်အားကိုးရသည့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားတစ်ရပ်အဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ယနေ့ ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ၂၈ မြို့နယ်တွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးလျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တာဝန်ရှိသူများက နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များ၊ အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက အုပ်စု (၄) စုဖွဲ့၍ အစုအဖွဲ့လိုက် ဝိုင်းဝန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Unilever EAC Myanmar Co., Ltd. လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံနှင့် Good Brothers Co., Ltd. လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံတို့ရှိ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များကို သွားရောက်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ အဆိုပါစက်ရုံအတွင်း လူမှုဖူလုံရေးအကျုံးဝင် အာမခံ အလုပ်သမားများအား လုပ်ငန်းခွင်အတွင်း ကျန်းမာကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရေး အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့က အာမခံအလုပ်သမားများကို လိုအပ်သောဆေးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ ECG ဖြင့် နှလုံးစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


