နေပြည်တော် နိုဝင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ပထမဆုကို တက္ကသိုလ်မြမဉ္ဇူ၏ နေအဆင်း လအလင်း ချစ်ခြင်းဖြာဝေ ရနံ့သင်းပါစေ၊ ဒုတိယဆုကို ရဲမင်းစိုး၏ တောင်ခမ်းမြေမှာ ပွင့်ဝေလာသောပန်း စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို ခင်လေးစိန်(ဘိုကလေး)၏ အရှေ့ဆီ ရောင်နီထွန်းပါလိမ့်နှင့် အခြားဝတ္ထုတိုများ၊ ဒုတိယဆုကို စုမွန် (UFL)၏ အဖေ (သို့မဟုတ်) တုနှိုင်းမဲ့ မေတ္တာစမ်းရေနှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို မောင်နေခြည်(ပြည်)၏ ညမှောင်မိုက်မှာ လမင်းသာသော်နှင့် အခြားဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို နေခြည်မောင် (မြောင်းမြ)၏ မပြယ်သောရနံ့ မတန့်သောအလင်းကဗျာများ၊ ဒုတိယဆုကို မိုးပွင့်သစ် (မန်းတောင်ရိပ်) ၏ ရင်ဝှက်အလွမ်း ပန်းအိပ်မက်ကဗျာများ၊ တတိယဆုကို မောင်ယုလွင်(သပြေ)၏ အမွှေးဆုံးနံ့သာ ကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ(ဝိဇ္ဇာ) ဆုတွင် ပထမဆုကို မောင်ငြိမ်းချမ်း (မြန်အောင်)၏ သွေးလှူ၊ သွေးကူ၊ သွေးယူ၊ ဒုတိယဆုကို မောင်သာ (ရှေးဟောင်းသုတေသန) ၏ ကျောက်စာများပေါ်က ပုဂံပုံရိပ်များ၊ တတိယဆုကို ယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန)၏ ပင်းယခေတ်ကို ရှာဖွေလေ့လာခြင်းစာမူများက လည်းကောင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ) ဆုတွင် ဒုတိယဆုကို လှဆန်း(စိုက်ပညာရှင်)၏ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးရေး၊ သုတပဒေသာ(အသုံးချသိပ္ပံ) ဆုတွင် ပထမဆုကို ပန်းတနော် ခင်မောင်မြင့်၏ ကမ္ဘာ့မြေရှားသတ္တုလောကနှင့် မြန်မာ့မြေရှားသတ္တု၊ ဒုတိယဆုကို ကိုချစ်(ဓာတု)၏ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စွန့်ပစ်ရေကို သန့်စင်စို့၊ တတိယဆုကို ဒေါက်တာနုမြတ်သိင်္ဂီဦး၏ မေမေ့ သက်တံလေးနှင့် ရင်သွေးရရေး ဆေးပညာပေးဆောင်းပါးများ စာမူများကလည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို ကိုတူး (သာယာမြိုင်)၏ လေးရပ်ဝတီ ခရီးသည်၊ ဒုတိယဆုကို ကိုတိုး (ရန်ကင်း) ၏ အမှတ်တရ တသသရင်မှာ ထာဝရ မြန်မာတေးအလှ၊ တတိယဆုကို ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)၏ နွမ်းလျသော်လည်း ပန်းအလှလေးပွင့်ခဲ့သည် စာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ဒုတိယဆုကို ကျော်မျိုးနိုင်၏ ကျွန်တော်ထိစပ် ပတ်သက်ကျင်လည်ခဲ့ရသော မြန်မာ့ဆိုင်းလောက၊ တတိယဆုကို ဆလိုင်းတူးတူးမောင်၏ အရှိုချင်း ရိုးရာဓလေ့ထုံးစံများ စာမူများကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို မြတ်မင်းသန့်၏ သားတို့ချစ်သည် မြန်မာပြည်နှင့် အခြားကဗျာများ၊ ဒုတိယဆုကို မင်းလပြည့်(ဟားခါး)၏ ဝါးယပ်တောင်လေးနှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို ကျော့ဝင်း (မိုးညှင်း)၏ ပြည်ထောင်စု၏ ရင်သွေးငယ်နှင့် အခြားကလေးကဗျာများ စာမူများကလည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၏ လူငယ့်ဂုဏ်ရည် စာပန်းချီ၊ ဒုတိယဆုကို အမောင်၏ သားအတွက် ပျားတစ်စက် ခွန်အားဖြည့်စာ၊ တတိယဆုကို ခင်ဇော် (သီတာကုန်းပြင်)၏ ဒူးထောက်လို့ အညံ့မခံ နင်လားဟဲ့ လောကဓံ စာမူများကလည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို နေစိုးသော်၏ ပန်းပျိုးသူ၊ တတိယဆုကို သိန်းဇော်(ရွှေလီဦး)၏ တို့ဘိုးဘွားအမွေ မြေဆီမြေအနှစ်က ရတနာရွှေတကယ်ဖြစ်ပြီ စာမူများကလည်းကောင်း၊ ဘာသာပြန်(သုတ)ဆုတွင် ပထမဆုကို ဆွေဇင်ညွန့် (မဟာဒဿန)၏ ဘုရားသခင်အလား လူသား (အနာဂတ်၏ သမိုင်းအကျဉ်းချုပ်) စာမူကလည်းကောင်း၊ အင်္ဂလိပ်စာပေဆုတွင် ပထမဆုကို Khin Maung Myint ၏ A Selection of My Articles စာမူကလည်းကောင်း၊ ရသစာတမ်းဆုတွင် ပထမဆုကို နိုင်ဆွေ (ခရမ်း)၏ ကျွန်တော်တို့ မြို့ကလေး ဖေဖေနှင့် နှစ် ၅၀ အပါအဝင် ရသစာတမ်းများ၊ ဒုတိယဆုကို မမမီ (ရန်ကုန်တက္ကသိုလ်)၏ ညများ၏ ရာဇဝင်နှင့် အခြားအက်ဆေးများ၊ တတိယဆုကို ပန်းသွန်းသွန်းခက်၏ နံနက်ခင်း အတွေးတစ်စနှင့် အခြားရသစာတမ်းများ စာမူများက လည်းကောင်း ရရှိကြသည်။
စာပေဗိမာန်စာမူဆုများကို ပထမဆု ငွေကျပ်သိန်း ၂၀၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်းနှင့် တတိယဆု ငွေကျပ်သိန်း ၁၀ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
စာပေဗိမာန်စာမူဆုကို စာပေပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၅ ခုနှစ် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူအစောင်၂၆၀ ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့် သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး တယ်လီဖုန်းအမှတ် ၀၁၈-၂၄၀၀၄၈ နှင့် စီမံရေးရာဌာန တယ်လီဖုန်းအမှတ် ၀၁၈-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅x၈)လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့် ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါဆုများကို အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


