အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

 

 

နေပြည်တော် နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုမှ ကင်းဝေးစေရေးအတွက် အသိပညာပေးမှုအစီအစဉ်များဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် Hotel Max ၌ ကျင်းပပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip ကိုပြသ၍ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင် က ယခုနှစ်အတွက် သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာဆောင်ပုဒ်မှာ "UNiTE to End Violence Against Women and Girls: Ensure Justice, Protect Survivors, End Im-punity" “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး၊ တရားမျှတမှုဖြင့် ကာကွယ်ဖို့၊ ပြစ်ဒဏ်ကျေအေးခြင်းကို အဆုံးသတ်စို့” ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း၊ အကြမ်းဖက်ခံရသူများကို အကာအကွယ်ပေးခြင်းနှင့် ပြစ်မှုကျူးလွန်သူများကို လုံးဝသည်းခံခွင့်လွှတ်မှုမရှိရေး (Zero-tolerance) မူအရ ဥပဒေဖြင့် ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်ခံစားစေခြင်းတို့ကို တစ်ပြိုင်တည်း အလေးထားဆောင်ရွက်ရန် တိုက်တွန်းထားခြင်းဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေနှင့် နိုင်ငံအတွင်းမှာရှိသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုမှကင်းဝေးစေရေးအတွက် ကုလသမဂ္ဂက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များ၊ အာဆီယံအမျိုးသမီးရေးရာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များဖြစ်သည့် အမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ကျား၊မ အခြေပြုအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတင်းမီဒီယာများတွင် TV Spot များ ထည့်သွင်းဖော်ပြခြင်းစသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများကို (၁၆) ရက်တာ လှုပ်ရှားမှုများအဖြစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                           

သတင်းစဉ်