ကမ္ဘာ့ကော်ဖီဈေးကွက်၏ နှစ်စဉ်အရောင်းအဝယ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၆၀ ဘီလီယံမှ ဘီလီယံ ၅၀၀ ကျော်အထိရှိပြီး ၆၀ ကီလိုဂရမ်ဝင် အိတ်ရေပေါင်း သန်း ၁၈၀ ခန့် ရောင်းဝယ်သောက်သုံးနေကြခြင်း ဖြစ်သည့်အပြင် ကော်ဖီဈေးကွက်သည်လည်း တစ်နှစ်လျှင် ပျမ်းမျှ ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းကြား ဆက်လက်တိုးတက်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်းချသည့် နိုင်ငံပေါင်း ၇၅ နိုင်ငံတွင်ပါဝင်နေပြီး ပြည်ပသို့ ကော်ဖီတင်ပို့ရောင်းချမှုမှ ဝင်ငွေပိုမိုရရှိရန် ရည်မှန်းချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးသည့် ဧရိယာစုစုပေါင်း ၆၈၉၉၄ ဧကခန့်ရှိသည့်အနက် ကော်ဖီထုတ်လုပ်မှုဧရိယာမှာ ၃၄၅၆၃ ဧကခန့် ရှိသည်။ တစ်နိုင်ငံလုံး ကော်ဖီစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၁၀၀၀၀ ခန့် သာဖြစ်သည်။ နိုင်ငံတော်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသတွင်း ကော်ဖီနှင့် ဒေသထွက်ကုန်ပစ္စည်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) များ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ဒေသနှင့်ကိုက်ညီပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းချက်ထားရှိကာ ပြင်ဦးလွင် ကော်ဖီစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ၏ စီးပွားဖြစ် ကုန်းမြင့်ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရိပ်ပင်အောက်တွင် စိုက်ပျိုးသည့် သဘာဝရှိသော ကော်ဖီသီးနှံစိုက်ပျိုးရေးသည် စီးပွားရေးအတွက်သာမက သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ရာ ကော်ဖီလုပ်ငန်းကို အမှန်တကယ် စနစ်တကျ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များက လုပ်ကိုင်ကြမှသာလျှင် ရည်ရွယ်ချက်ပြည့်မြောက်အောင်မြင်နိုင်မည် ဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းတွင် ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီစီမံကိန်းဧရိယာအတွင်းမှ ကော်ဖီခြံ ၁၀၁၉ ခြံကို ကောင်း/သင့်/ညံ့ ခွဲခြားစစ်ဆေးခြင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုရာခိုင်နှုန်း အခြေအနေနှင့် ကော်ဖီစိုက်ပျိုးခြင်း ရှိ မရှိတို့ကို ကွင်းဆင်းစစ်ဆေးပညာပေးမှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်းဧက ၆၈၀၀ ကျော်အနက် ကောင်းသည့် ဧက ၃၂၀၀ ခန့် ၊ သင့်သည့် ဧက ၁၉၀၀ ခန့်၊ ညံ့သည့် ဧက ၁၈၀၀ ကျော်တို့ကို တွေ့ရှိခဲ့ပြီး ကော်ဖီလုံးဝမစိုက်သည့် ဧရိယာဧက ၄၅၀၀ ခန့်ကိုလည်း တွေ့ရှိခဲ့သည်။ အရိပ်ပင်၊ ကော်ဖီပင် စသည်တို့ကို စနစ်တကျစိုက်ပျိုးသည့် ခြံများ အောင်မြင်ကြကြောင်း သတင်းများအရ သိရှိရသည်။
ပြင်ဦးလွင် ကော်ဖီစီမံကိန်းအရ မြေလွတ် မြေလပ် မြေရိုင်းမြေနှင့် သစ်တောမြေများတွင် ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ကို စာချုပ်ပါ စည်းကမ်းနှင့်အညီ စာချုပ်ချုပ်ဆို၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ရာ အချို့လုပ်ငန်းရှင်များအနေဖြင့် အဆိုပါလုပ်ကိုင်ခွင့်ကိုရယူပြီး အရောင်းအဝယ်ပြုလုပ်ကြကြောင်းနှင့် ရောင်းခွန်ဝယ်ခွန်များ ပေးဆောင်ခြင်းမရှိသည့် လုပ်ငန်းရှင် ၅၆ ဦးတို့ကို အခွန်ပေးဆောင်ရန်လည်း သက်ဆိုင်ရာဌာနက ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့ရာ လုပ်ငန်းရှင်အချို့က မြေနေရာနှင့် လုပ်ကိုင်ခွင့် ဝင်ယူခြင်းသာ ဖြစ်သည့်သဘောကို တွေ့ရသည်။
ကော်ဖီစီမံကိန်းဧရိယာအတွင်း လုပ်ကိုင်ခွင့်ချထားပေးသော မြေများအပေါ် စိုက်ပျိုးဆောင်ရွက်ထားမှု အခြေအနေကို မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များက ပြီးခဲ့သည့်အောက်တိုဘာလမှ နိုဝင်ဘာလအထိ ကွင်းဆင်းစစ်ဆေးခဲ့ရာ အချို့ဧရိယာပြည့် စိုက်ပျိုးထားမှုမရှိခြင်း၊ အချို့ စိုက်ပျိုးသည်ဆိုရုံမျှသာ စိုက်ပျိုးထားခြင်းတို့ကို တွေ့ရှိရသည့်အတွက် မြေဧရိယာအပြည့် မစိုက်ပျိုးသည့် လုပ်ငန်းရှင် ၁၁ ဦးနှင့် စိုက်ပျိုးသော်လည်း အောင်မြင်မှုအားနည်းနေသည့် လုပ်ငန်းရှင် ၅၆ ဦးတို့်ကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့သည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြင်ဦးလွင် ကော်ဖီစီမံကိန်း လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးထားသည့် ကော်ဖီပင်များ အောင်မြင်ဖြစ်ထွန်းအောင် ထိန်းသိမ်းပြုစုကြရန်နှင့် နည်းပညာ၊ မျိုးစေ့၊ ပျိုးပင် လိုအပ်ချက်များ၊ အခြားအခက်အခဲများရှိပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ ထပ်မံကွင်းဆင်းစစ်ဆေး၍ ကော်ဖီပင်များ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးခြင်းမရှိပါက စာချုပ်ပါ စည်းကမ်းများအတိုင်း လုပ်ကိုင်ခွင့် ရုပ်သိမ်းမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆွေးနွေးခဲ့သည်ကို သတင်းတွင် တွေ့ရှိရသည်။
ကော်ဖီလုပ်ငန်းသည် ကမ္ဘာနှင့်ချီ၍ ဈေးကွက်ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းဖြစ်ပြီး နိုင်ငံတော်က အားပေးနေသည့် လုပ်ငန်းလည်းဖြစ်ရာ အမှန်တကယ်လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းကြမည် ဖြစ်သည်။ အခြားသောရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ခွင့်ရယူကြပါက ပြန်လည်အပ်နှံစေခြင်း၊ ကော်ဖီလုပ်ငန်းကို အမှန်တကယ်လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအား လိုအပ်ချက်များ အားပေးကူညီပံ့ပိုးပေးခြင်းဖြင့် မြန်မာ့ကော်ဖီ ကမ္ဘာ့ထိပ်တန်းသို့ ရောက်ရှိပါစေကြောင်း။ ။
(မြန်မာ့အလင်း)


