ရန်ကုန် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်ကော်မတီတို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ် (၇) ပထမနေ့ကို နိုဝင်ဘာ ၂၅ ရက်က ကျင်းပရာ ထိပ်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်း နိုင်ပွဲပြန်ရပြီး တက္ကသိုလ်အသင်းနှင့် ရွိုင်ရယ်ဒဂုံအသင်းတို့ သရေကျခဲ့သည်။ ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက မနောအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ဂိုးပြတ်ရလဒ်နှင့်အတူ နိုင်ပွဲပြန်လည်ရယူပြီး ရာသီဝက်ချန်ပီယံဆု အတွက် အခြေအနေကောင်းသွားသည်။ ရခိုင်ယူနိုက်တက်အသင်းသည် ထွန်းနိုင်စိုး၏ ခြေစွမ်းပြမှုနှင့် အတူ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းအတွက် ဂိုးများကို ထွန်းနိုင်စိုးက ၂၄၊ ၃၇၊ ၆၁၊ ၆၉ မိနစ်တို့တွင် တစ်ဦးတည်း လေးဂိုးသွင်းယူပြီး ကျန်တစ်ဂိုးမှာ ၄၄ မိနစ်တွင် ဇော်ဇော်နိုင်က သွင်းယူသည်။ မနောအသင်းအတွက် ချေပဂိုးများကို ၄၂ မိနစ်တွင် မင်းစိုးသန်းနှင့် ၈၉ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် Mung Dan La Tawng တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရခိုင်ယူနိုက်တက်အသင်းအတွက် လေးဂိုးသွင်းယူခဲ့သည့် ထွန်းနိုင်စိုးက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်ငါးသိန်း ရရှိသည်။
သန်လျင်သီဟဒီပကွင်း၌ကျင်းပသည့်ပွဲတွင် တက္ကသိုလ်အသင်းနှင့် ရွိုင်ရယ်ဒဂုံအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ ဒုတိယနေရာမှ တက္ကသိုလ်အသင်းနှင့် တတိယနေရာမှ ရွိုင်ရယ်ဒဂုံအသင်းတို့ တွေ့ဆုံခြင်းဖြစ်ပြီး သရေရလဒ်ဖြင့်ပြီးဆုံးခဲ့ပြီး ထိပ်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်း လေးမှတ်ဖြတ် ဦးဆောင်ခွင့်ရခဲ့သည်။ ၅၂ မိနစ်တွင် ရှိုင်းထက်အောင်က တက္ကသိုလ်အသင်းအတွက် ဂိုးစတင် သွင်းယူသော်လည်း ၆၁ မိနစ်တွင် ပါဂျီက ရွိုင်ရယ်ဒဂုံအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို တက္ကသိုလ်အသင်းအတွက် ခြေစွမ်းပြကစား ခဲ့သည့် မင်းခန့်စိုးကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေ ကျပ်ငါးသိန်းရရှိသည်။
ပွဲစဉ်(၇) ဒုတိယနေ့အဖြစ် နိုဝင်ဘာ ၂၆ ရက် ပဒုမ္မာကွင်း၌ Enjoy Brother အသင်းနှင့် ရာမညယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MLeague


