နေပြည်တော် နိုဝင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရီမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ ပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း ပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။
ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ ပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့်နေ့မှစ၍ ဘုရားဖူးပြည်သူ အများအပြား နေ့စဉ်လာရောက် ဖူးမြော်ကြည်ညို ကြရာ ၁၃၈၈ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက် ညတွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့မှ လာရောက်ဖူးမြော်သည့် ဇနီးမောင်နှံသည် ဦးရေငါးသန်း ပြည့်မြောက်သည့် ကံထူးရှင်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဦးရေငါးသန်းမြောက် ဘုရားဖူးလာပြည်သူ ဇနီးမောင်နှံအား ဉာဏ်တော်ကိုးလက်မ အမြင့်ရှိသော စကျင်ကျောက်သားဖြင့် ထုဆစ်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံတော်တူ ဆင်းတုတော် တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင် သွင်းပုံတော် တစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများဆိုင်ရာ သမိုင်းကြောင်း ပါဝင်သည့် မြန်မာ၊ အင်္ဂလိပ်ဘာသာ စာအုပ်နှစ်အုပ်တို့ကို အမှတ်တရဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


