မော်လမြိုင် နိုဝင်ဘာ ၂၅
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်းနှင့် အခြေခံ စားသောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၁)၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်စေရန်အတွက် ၂၀၂၆-၂၀၂၇ / ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မော်လမြိုင် (ဟင်္သာအဝိုင်း)-ကျိုက်မရောလမ်း (၉ မိုင် ၇ ဖာလုံ) အပိုင်းအတွင်း ကတ္တရာကွန်ကရစ် ခင်းခြင်း၊ မြေသားတာပေါင်နှင့် Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် လမ်းအရည်အသွေး ကောင်းမွန်စေရန်၊ စံချိန် စံညွှန်းအတိုင်း ရေရှည်ခိုင်ခံ့အောင် ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် လျာထားချက်အတိုင်း အချိန်မီ ပြီးစီးရေး အလေးထားကြရန် မှာကြားသည်။
ထို့အတူ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာအုပ်စု ကွင်းအမှတ်(၅၈၀-က) ကျောက်တောင် ကွင်းရှိ အိမ်ခြံဥယျာဉ် ငါးဧက စံပြစိုက်ခင်းကို သွားရောက် ကြည့်ရှုအားပေးသည်။
ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ (၂၃၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်ပွဲတော် ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော် သံဃာတော်အရှင်သူ မြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များက ဆရာတော် သံဃာတော်အရှင်သူမြတ် ၁၁၁ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူကြပြီး ကျိုက်သလ္လံ စေတီတော်မြတ်ကြီးတွင် ကပ်လှူပူဇော်မည့် ကတ္တီပါသင်္ကန်းကို စေတီတော်မြတ်ကြီးထံ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ စေတီတော်မြတ် ကြီးရင်ပြင်တော်၌ ကျင်းပသည့် မီးပုံးပျံလွှတ်တင်ပွဲနှင့် မီးရှူး မီးပန်းများ ပစ်လွှတ်ပူဇော်ပွဲကို တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


