နေပြည်တော် နိုဝင်ဘာ ၂၅
မြန်မာ့မီးရထားအနေဖြင့် ရထားစီး ခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင် စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များ၊ လေအိတ်ရထားတွဲဆိုင်းများဖြင့် လူစီးအမြန်ရထားများ အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိရာ အမှတ်(၇၂)အစုန်(ပြည်-ရန်ကုန်) လူစီးအမြန်လေအိတ်ရထားသည် ယနေ့နံနက် ၂ နာရီ ၁၆ မိနစ်တွင် ဥက္ကံဘူတာမှ ထွက်ခွာလာပြီး တိုက်ကြီးမြို့နယ် ဥက္ကံဘူတာနှင့် ဖလုံဘူတာကြား၊ မိုင်တိုင်အမှတ် ၅၆/၄ နှင့် မိုင်တိုင်အမှတ် ၅၆/၃ အကြားသို့ နံနက် ၂ နာရီ ၁၉ မိနစ်တွင် ရောက်ရှိဖြတ်သန်းစဉ် ရထားသံလမ်းအလယ်၌ အိပ်ပျော်နေသည့် အမျိုးသား တစ်ဦးအား ရထားဖြင့်ကြိတ်မိခဲ့ရာ ဝဲဘက်လက်တံတောင်ဆစ် အောက်မှပြတ်၊ ဦးခေါင်းယာဘက် ချိုစောင်းပေါက်ပြဲဒဏ်ရာတို့ဖြင့် ဖြစ်ပွားရာနေရာ၌ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါရထားဖြင့် လိုက်ပါလာသည့် ရထားလိုက်လုံခြုံရေး ရဲအုပ် ဦးစီးအဖွဲ့သည် နယ်မြေခံ ဥက္ကံမြို့ မရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး စခန်းမှူး ရဲအုပ်ဦးစီးခုနစ်ဦးတို့သည် နံနက် ၃ နာရီတွင် ရောက်ရှိစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးရဲဇာနည် အသက်(၄၀)နှစ်၊ (ဘ) ဦးခင်မောင်မြင့် မှတ်ပုံတင်မရှိ ပနီပင်ကျေးရွာ ဥက္ကံမြို့နေထိုင်သူဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား ဥက္ကံမြို့ ငြိမ်းအေးချမ်းသာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဥက္ကံတိုက်နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဥက္ကံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် (၁၅/၂၀၂၆)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် အမှတ်(၇၂)အစုန် လူစီးအမြန်ရထားသည် ဖြစ်ပွားရာနေရာတွင် ၄၆ မိနစ် ကြန့်ကြာမှုဖြစ်ပေါ်ခဲ့သည်။
ရထားလမ်းအနီး နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် ရထားလမ်းပေါ်နှင့် ရထားလမ်းအနီး စည်းကမ်းမဲ့ဖြတ်သန်းသွားလာမှုများကြောင့် လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားပြီး ရထားလမ်းပေါ်တွင် အိပ်စက်ခြင်းများကြောင့် လည်းကောင်း မတော်တဆမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ လူသေဆုံး/ ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ကြုံတွေ့နေရသဖြင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဒေသအာဏာပိုင်များ ပူးပေါင်း၍ ရထားလမ်းအနီးရှိ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်များတွင် လူထုအသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဘူတာများရှိ ကြေညာသင်ပုန်းများတွင် အသိပေးထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ “ရထားအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ”အား ပြည်သူအားလုံးက အထူးအလေးထား လိုက်နာကြရန် လိုအပ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်းစဉ်


