ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၅

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်း မရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင် ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချ ဖျက်ဆီးလျက်ရှိသည့် ငါးထပ်အဆောက်အအုံ တစ်လုံးအား ယနေ့အထိ ၇၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီး ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ ငါးထပ်အဆောက်အအုံ တစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှု မှာ ယနေ့အထိ ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

 

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန် ကျန်အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချ ဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့် အဆောက်အအုံ လေးလုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ ကိုးလုံး စုစုပေါင်းအဆောက်အအုံ ၁၃ လုံးတို့ကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့်တရားမဝင် အဆောက်အအုံ ၅၀ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင် လုံးဝပပျောက်သွားစေရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

၁၀၀

 2112620261026.jp 3_508.jpg