ပုသိမ် နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တိုက်စွန်းကျေးရွာ၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥစားကြက်သားပေါက်ကောင်ရေ ၁၁၇၃၀ မွေးမြူထားရှိကြောင်း သိရသည်။
ထိုသို့ အစုအဖွဲ့စနစ်ဖြင့် ဥစား ကြက်မွေးမြူထားရှိမှုကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကြည့်ရှုအားပေးပြီး စဉ်ဆက်မပြတ် မွေးမြူနိုင်ရေး၊ မွေးမြူရေး လုပ်ငန်းများ ရေရှည်တည်တံ့ အောင်မြင်စေရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရေးနှင့် ဒေသတွင်းစားသုံးမှု ဖူလုံစေရေး တို့ကို အလေးထား ဆောင်ရွက်ရန်၊ ထွက်ရှိလာမည့် ကြက်ဥများကို ဈေးကွက်လိုအပ်ချက်နှင့်အညီ အရည်အသွေး ကောင်းမွန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေး၊ လုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန် မှာကြားသည်။
ယမန်နေ့ညနေပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေဆင်း တန်ဆောင်း၌ ကျင်းပသည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဆီမီးမျှော ပူဇော်ပွဲသို့ တက်ရောက် ကြည်ညိုပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရှင်ဥပဂုတ္တမထေရ် မြတ်ဖောင်တော်ကို ရေမျှောကုသိုလ်ပြုကြသည်။
ဆက်လက်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက နိဗ္ဗာန်ဈေးဖွင့်လှစ်၍ စတုဒိသာ ကျွေးမွေးနေမှု၊ နိဗ္ဗာန်ဈေးပွဲတော်တွင် ပြည်သူများ ဆင်နွှဲနေမှု၊ ငဝန်မြစ်အတွင်း ဆီမီး ၃၀၀၀၀ ဆီမီးမျှော ပူဇော်မှုနှင့် နိုင်ငံကျော် တေးသံရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


