နေပြည်တော် နိုဝင်ဘာ ၂၄
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ၂၀၂၆ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မသိုးရွှေကြာ သင်္ကန်းဆက်ကပ်လှူဒါန်းသည်။
အဆိုပါ မဟာမင်္ဂလာအခမ်း အနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး “ ဗုဒ္ဓံသရဏံဂစ္ဆာမိ” အစချီသည့် အရိယာသာဝိတ္ထီ ဂါထာတော်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆို ပူဇော်ကြသည်။ ထို့နောက် သာသနာရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက နေပြည် တော်ကောင်စီနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ကိုယ်စားပြု ရက်ကန်းစင်တော် များမှ ရက်လုပ်ပူဇော်ထားသည့် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီး ရင်ပြင်တော်သို့ ပင့်ဆောင်ကြ ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့်နေရာသို့ ပင့်ဆောင် ကြသည်။ ထိုသို့ ပင့်ဆောင်နေချိန်၌ ဝတ်အသင်းအဖွဲ့များက ဘုရားဂုဏ်တော် ကိုးပါးပါဠိကို ရွတ်ဆိုပူဇော်ကြသည်။
ယင်းနောက် မသိုးရွှေကြာ သင်္ကန်းတော် ၁၅ ထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍ စုစည်းခြင်းများကို ဆောင်ရွက်ကြ ပြီး ရွှေကြာကလပ်တော်ပေါ်သို့ ပင့်ဆောင်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော် ကြည်ညို၍ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ရက်ကန်း အဖွဲ့ ၁၅ ဖွဲ့မှ ရက်လုပ်စပ်ချုပ် သီလွှမ်းထားသည့် မသိုးရွှေကြာ သင်္ကန်းတော် ၁၅ ထည်ကို ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် မသိုးရွှေကြာသင်္ကန်းတော်များအား ဥပါသကာများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ လက်တော်ပေါ်သို့ ဆက်ကပ်ပူဇော်သည်။
ထိုသို့ ဆက်ကပ်ပူဇော်နေချိန်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သော ဘုရားဒါယကာ၊ ဒါယိကာမများက နမောတဿ အစချီ၍ ဘုရားဂုဏ်တော်၊ ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိ၊ ပရိတ်၊ မေတ္တာပို့ လင်္ကာများကို ရွတ်ဆိုပွားများ ပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား မြသပိတ် ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များနှင့် သုံးဆယ့်တစ်ဘုံသားတို့အား မေတ္တာပို့၍ကုသိုလ်အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများ ကို တန်ဆောင်မုန်းလ အခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍ လပြည့်နေ့အရုဏ်မတက်မီအချိန် အပြီးချုပ် လုပ်ကာ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်းဖြစ်သည်။ မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းခြင်းများကို နှစ်စဉ်နိုင်ငံတစ်ဝန်း အမြို့မြို့ အနယ်နယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၌လည်း နိုင်ငံတော် သမ္မတနှင့် ဇနီး ဦးဆောင်သော ခုနစ်ရက်သားသမီးများက မသိုးရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်





