​ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ပုညဝတီလမ်းမကြီးဖွင့်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၄

 

​ရန်ကုန်မြို့ သာကေတမြို့နယ် ကျက်သရေ​ဆောင် ဇိနမာရ်အောင် စေတီတော်မြတ်ကြီး ပုညဝတီ လမ်းမကြီးဖွင့်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ညပိုင်းက စေတီတော် မြတ်ကြီး၌ ကျင်းပသည်။

 

​ဇိနမာရ်အောင် စေတီတော်မြတ်ကြီးတွင် ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိရာ စေတီတော်ကြီးနှင့် အရန်စေတီ ရှစ်ဆူ ရွှေသင်္ကန်းကပ်လှူခြင်း၊ မုခ်ဦးနှင့် တန်ဆောင်းများ ပြုပြင် မွမ်းမံခြင်းနှင့် အလျားပေ ၉၀၀၊ အကျယ် ၂၄ ပေရှိ ပုညဝတီ ကွန်ကရစ်လမ်းမကြီး ခင်းကျင်းခြင်းတို့ ပြီးစီးခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ရင်ပြင်တော်အား နှစ်ပေခန့်မြှင့်တင်၍ နေပူဒဏ်ခံ ကျောက်ပြား ခင်းကျင်းခြင်း အပါအဝင် အခြားပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဦးလှဝင်းမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်း၊ အလှူရှင် ဦးစိုင်းမျိုးဝင်းနှင့်ဇနီး ဒေါ်နန်းခင်မြင့်ရီ ကိုယ်စား ဒေါ်ချိုချိုမြင့်၊ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်လှ၊ အလှူရှင် ဦးအောင်ကျော်သူနှင့် ဇနီး ဒေါ်နန်းအေးမြတ်သူဇာတို့က ပုညဝတီလမ်းမကြီးကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး မော်ကွန်းကမ္ပည်း ကျောက်စာတိုင်အား အမွှေးနံ့သာများ ပက်ဖျန်းကြသည်။

 

ဆက်လက်၍ မသိုးရွှေကြာ သင်္ကန်းရက်ပြိုင်ပွဲဖွင့်ပွဲကို စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများက မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်လုပ်နေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

​အောင်မြင့်(ပြန်/ဆက်)