မော်လမြိုင် နိုဝင်ဘာ ၂၄
မွန်ပြည်နယ်၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် နှစ်စဉ်ကျင်းပသည့် ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲနှင့် ဆွမ်းအိုးမျှောပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပွဲတော်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ဇနီးတို့က ရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်မှန်း၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် မုန့်ခဲဖွယ်များ ကပ်လှူပူဇော်ကြပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ သံလွင်မြစ်အတွင်းသို့ ရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်မှန်းကပ်လှူသည့် ဆွမ်း၊ မုန့်၊ သပိတ်၊ ဆီမီးနှင့် လှူဖွယ်ဝတ္ထုများ ထည့်သွင်းထားသော ဆွမ်းအိုး (ရေမျှောဆွမ်းအိုး)များကို စေတနာ သဒ္ဓါတရားထက်သန်စွာမျှော၍ ပူဇော်ကြသည်။
အဆိုပါ ပွဲတော်နှင့်အတူ မြို့ပေါ်ရပ်ကွက်များတွင် စေတနာရှင်၊ အလှူရှင်များက စတုဒိသာများ ဧည့်ခံကျွေးမွေးကြရာ ပွဲတော်လာပြည်သူများဖြင့် စည်ကားခဲ့သည်။
ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ် ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ မဟာမြတ်မုနိ ဘုရားဝင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ကို ဖွင့်လှစ်ပေးကာ MSME ပြခန်းများ၊ အရောင်းဆိုင်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


