(၅၁၆) နှစ်ပြည့် ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် ဝင်းခင်းသဘင်ပွဲ၊ အရုဏ်ဆွမ်းကပ်လှူခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တောင်ငူ နိုဝင်ဘာ ၂၄

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ (၅၁၆) နှစ်ပြည့် ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် ဝင်းခင်းသဘင်ပွဲ၊ အရုဏ်ဆွမ်းကပ်လှူခြင်းနှင့် ရပ်ကွက်အဖွဲ့များအလိုက် (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲတွင် ဆုရရှိသည့် ရပ်ကွက်အဖွဲ့များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

 

(၅၁၆) နှစ်ပြည့် ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် ဝင်းခင်းသဘင်ပွဲကို ဗိုလ်မှူး ဖိုးကွန်းလမ်းဗဟိုမဏ္ဍပ်၌ နံနက် ၈ နာရီတွင် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဝင်းခင်းသဘင် အခမ်းအနားတွင် နိုင်ငံကျော် အနုပညာရှင်များက မြို့ရွှေမန်းသား ဇာတ်သဘင်အဖွဲ့သူ အဖွဲ့သားများနှင့်အတူ ဆင်ငါးစီး၊ မြင်းများဖြင့် ရာဇာဝင်းခင်း၊ ဒေဝါဝင်းခင်း၍ ဗဟိုမဏ္ဍပ်မှ ဗိုလ်မှူး ဖိုးကွန်းလမ်းအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး - ဇနီး ဒေါ်ဝင့်ရည် အေးမိသားစုနှင့် ဧည့်ပရိသတ်များ၊ တောင်ငူဒေသခံပြည်သူများ စုစုပေါင်း  ၂၀၀၀၀ ခန့် လာရောက် ကြည့်ရှုအားပေးကြသည်။

 

ထို့အတူ ယနေ့နံနက် ၅ နာရီ တွင် KMA Kaytumadi Hotel ဘုရင့်နောင်ခန်းမ၌ CB Bank ဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ်များက သံဃာတော်အရှင်မြတ် ၅၁၆ ပါး အား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ကပ်လှူကြပြီး ကြာနီကန်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ယိုယွင်းပျက်စီးခဲ့သည့် ဘုရားစေတီတော် ရှစ်ဆူပြုပြင်လှူဒါန်းခြင်း၊ ဘာသာရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ လှူဒါန်းမှုများ စုစုပေါင်းလှူဒါန်း ငွေကျပ် သိန်း ၅၅၀၀၀ လှူဒါန်း ခဲ့ခြင်းအတွက် ရေစက်ချတရား နာယူကြည်ညိုကြသည်။

 

ဆက်လက်၍ ဂုဏ်ပြုနေ့လယ်စာ ဧည့်ခံကျွေးမွေးခြင်းနှင့် ရပ်ကွက်အဖွဲ့များအလိုက် (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲတွင် ဆုရရှိသည့် ရပ်ကွက်အဖွဲ့များအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)