တောင်ကြီး နိုဝင်ဘာ ၂၄
တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာစေတီတော်၌ တန်ဆောင်တိုင်ပွဲတော် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ကျင်းပသည်။
မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ စူဠာမုနိ လောကချမ်းသာ စေတီတော်ကို လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ပြီး စေတီအတွင်းရှိ ရုပ်ပွားတော်များကို မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


