ကျိုင်းတုံမြို့နယ် ဝမ်ဆာကျေးရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်း အထောက်အကူပြု ကျေးရွာအဖြစ် တိုးချဲ့ဆောင်ရွက်မည်

နေပြည်တော် နိုဝင်ဘာ ၂၄

 

ရှမ်းပြည်နယ်တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း အထောက်အကူပြု ကျေးရွာ ၁၈ ရွာအား အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၌ ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆာကျေးရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်း အထောက်အကူပြု ကျေးရွာအဖြစ် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။

 

ရှမ်းပြည်နယ်တွင် ၂၀၂၅ ခုနှစ်၌ ပြည်တွင်း/ ပြည်ပခရီးသွား ၉၃၇၁၄၄ ဦး၊ ၂၀၂၆ ခုနှစ်တွင် ဇန်နဝါရီမှ အောက်တိုဘာအထိ ပြည်တွင်း/ပြည်ပခရီးသွား ၁၀၅၇၄၁၇ ဦး လာရောက် လည်ပတ်ခဲ့ပြီး ခရီးသွားဝင်ရောက်မှု ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

 

၂၀၂၆ ခုနှစ်တွင် ဇန်နဝါရီမှ အောက်တိုဘာလ အထိ ခရီးစဉ်ဒေသများသို့ နယ်စပ်ဒေသများမှ Package Tour အနေဖြင့် နိုင်ငံခြားခရီးသွား ၉၇၀ လာရောက်လည်ပတ်ခဲ့ပြီး တောင်ကြီး၊ ညောင်ရွှေ၊ ကလော ခရီးစဉ်ဒေသများသို့ ပြည်တွင်းခရီးသွား ၆၉၈၅၁ ဦးနှင့် ပြည်ပ ခရီးသွား ၁၆၅၆၃ ဦး စုစုပေါင်း ၇၁၆၄၁၄ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်က ပြောသည်။

 

ရှမ်းပြည်နယ်တွင် ထင်ရှားသောခရီးစဉ် ဒေသခြောက်ခုအပြင် လူထုအခြေပြုခရီးသွား လုပ်ငန်းများ (Community Based Tourism – CBT) ဖော်ဆောင်ထားသည့် ကျောက်တလုံး မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျိုင်းတုံ မြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ ထီနဲ့(ပအိုဝ်း)ကျေးရွာ၊ အင်းနီ(ပအိုဝ်း)ကျေးရွာ၊ လွယ်ခေါ်(ပအိုဝ်း)ကျေးရွာ၊ ဆီးကျအင်း(ဓနု)ကျေးရွာ၊ ပင်စိမ်းပင်(ဓနု)ကျေးရွာ၊ လွယ်ပန်းစုံ ကျေးရွာ၊ လွယ်နွဲ့ကျေးရွာ၊ စံကား(အင်း/ရှမ်း)ကျေးရွာ၊ ကျောက်တော(ဓနု)ကျေးရွာ၊ ဟိုကျင်း(အာခါ) ကျေးရွာ၊ ဟွေယုန်း(အာခါ)ကျေးရွာ၊ ထီဝါးမူး(လီဆူ)ကျေးရွာ၊ ရေယောင်းမ (ဓနု)ကျေးရွာ၊ ကျောက်တလုံး(ပလောင်)ကျေးရွာ၊ ပန်းဆိုင်း(ဝ)ကျေးရွာ၊ ပန်ကူ (လားဟူ)ကျေးရွာ၊ ဟိုယန်း(လွယ်)ကျေးရွာနှင့် ကျေက္ကချား(ပအိုဝ်း) ကျေးရွာတို့တွင် ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိသည်။

 

သစ္စာ(MNA)၊

ဓာတ်ပုံ - ပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန