ရန်ကုန် နိုဝင်ဘာ ၂၃
တန်ဆောင်မုန်းလပြည့်အခါသမယ နေ့ထူးနေ့မြတ်တွင် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော် နိုင်ရန် ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၃၈) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီတွင် စေတီတော်ရာဟုထောင့်အောင်မြေ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပက အဖွဲ့ဝင်များ၊ ယှဉ်ပြိုင်ရက်လုပ်ကြမည့် ပြိုင်ပွဲဝင်များက စေတီတော်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း စုရပ်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော် ကြသည်။
ပေးအပ်လှူဒါန်း
ဆက်လက်၍ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဇယ မင်္ဂလာ စာတမ်းကို ဖတ်ကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်ရက်ကန်း စင်တော်များ၏ ယှဉ်ပြိုင်ရက်လုပ်နေမှုကို ကြည့်ရှုအားပေး၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ကိုးစင် ပါဝင်ယှဉ်ပြိုင်ရက်လုပ်ကြပြီး ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၄၅ သိန်း၊ ဒုတိယဆုငွေကျပ်သိန်း ၄၀၊ တတိယဆု ငွေကျပ် ၃၅သိန်း၊ စတုတ္ထဆုငွေကျပ် သိန်း၃၀ နှင့် နှစ်သိမ့်ဆုတစ်ဆုလျှင် ငွေကျပ်သိန်း ၂၀ စီအပြင် ဆုဖလားတစ်ခုစီ ချီးမြှင့်သွားမည်ဖြစ်သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ရင်ပြင်တော်ပေါ်ရှိ တိုးချဲ့ဓမ္မရင်ပြင်၌ ကျင်းပသည့် (၄၂)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ် ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲကို ဖွင့်လှစ် ပေးကာ ပြိုင်ပွဲဝင် ရက်ကန်းစင်တော်များ၏ ယှဉ်ပြိုင်ရက်လုပ်နေမှုကို ကြည့်ရှုအားပေး၍ အလှူငွေများ ပေးအပ် လှူဒါန်းသည်။
ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ၂၄ စင် ပါဝင်ယှဉ်ပြိုင် ရက်လုပ်ကြပြီး ပထမဆု ငွေကျပ်သိန်း ၂၀၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁၃ သိန်းနှင့် နှစ်သိမ့်ဆုတစ်ဆုလျှင် ငွေကျပ်ငါးသိန်းစီ ချီးမြှင့် သွားမည်ဖြစ်သည်။
ညနေပိုင်းတွင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ (၂၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးကြပြီး ရက်ကန်းစင်တော်များ အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကာ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်နေမှုကို ကြည့်ရှုအားပေး ကြသည်။
ပြိုင်ပွဲတွင် ရက်ကန်းစင်တော်ခုနစ်စင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ်ရှစ်သိန်း၊ တတိယဆု ငွေကျပ်ခြောက်သိန်း၊ နှစ်သိမ့်ဆု ငွေကျပ်ငါးသိန်းစီနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါစေတီတော်များ၌ ပြိုင်ပွဲဝင်များ ရက်လုပ်သည့် မသိုးရွှေကြာသင်္ကန်းများအား တန်ဆောင်မုန်း လပြည့်နေ့ အရုဏ်ဦးတွင် စေတီတော်နှင့် စေတီတော်ပရိဝုဏ်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဆက်ကပ်လှူဒါန်း သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလတ်(MNA)




