ဉာဏ်သစ်(မန်းတက္ကသိုလ်)
လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူတစ်ဦးချင်းစီ၏အခန်းကဏ္ဍနှင့် လုပ်ငန်း တာဝန်များက အရေးပါလှသည်။ ကျောင်းသားများက အနာဂတ်အတွက် ပညာသင်ယူနေကြသူများ ဖြစ်ပြီး ဆရာ ဆရာမများက အသိပညာနှင့် အတတ်ပညာကို မျှဝေပေးသူများဖြစ်ကြသည်။
ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက လူ့အသက်နှင့် ကျန်းမာရေးကို စောင့်ရှောက်ကြသကဲ့သို့ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ (TVET) ကျွမ်းကျင်လုပ်သားများကနိုင်ငံ၏ စက်မှု၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် လက်တွေ့ကျသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြသည်။ လုပ်ငန်းတာဝန်များ မတူညီကြသော်လည်း လူတိုင်း၏လုပ်ဆောင်မှုသည် လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိသည်။
ထိုကဲ့သို့ မတူညီသောအခန်းကဏ္ဍများကို တစုတစည်းတည်း ချိတ်ဆက်ပေးသည့်အဖွဲ့ အစည်းဆိုင်ရာ သင်္ကေတတစ်ခုမှာ ယူနီဖောင်း ဖြစ်သည်။ ကျောင်းဝတ်စုံ၊ ဆရာဝန်၏ အဖြူရောင် တာဝန်ကုတ်အင်္ကျီ၊ သူနာပြုဝတ်စုံ၊ TVET သင်တန်း သားများနှင့် ကျွမ်းကျင်လုပ်သားများ၏ လုပ်ငန်း ဝတ်စုံတို့သည် အရောင်နှင့် ဒီဇိုင်းမတူညီကြသော်လည်း ဝတ်ဆင်သူ၏အဖွဲ့အစည်း၊ တာဝန်နှင့် လုပ်ငန်း သဘောသဘာဝကို ဖော်ပြပေးကြသည်။
ယူနီဖောင်းကို အဖွဲ့အစည်းတစ်ခု၏အကာအကွယ် အမိုးတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ အဖွဲ့ဝင် များအား တူညီသော ရည်မှန်းချက်အောက်တွင် စည်းလုံးစေပြီး တာဝန်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အထောက်အကူ ပြုသောကြောင့်ဖြစ်သည်။ သို့သော် ယူနီဖောင်း၏အဓိပ္ပာယ်သည် ဝတ်ဆင်ထားခြင်း တစ်ခုတည်းတွင် မပြီးဆုံးဘဲ ယင်းကိုကိုယ်စားပြုသည့် တာဝန်၊ စည်းကမ်း၊ လုံခြုံ ရေးနှင့် အပြန်အလှန်လေးစားမှုတို့ကို လက်တွေ့ကျင့်သုံးနိုင်ခြင်းတွင် ပိုမိုပြည့်စုံလာသည်။
ကျောင်းသားနှင့် ဆရာ ဆရာမတို့၏ဝတ်စုံ ပညာရေး၏ အမှတ်သညာနှင့် အမှတ်တရ
ယူနီဖောင်းသည် အဖွဲ့အစည်းတစ်ခု၏ အမှတ်သညာကို မြင်သာစွာဖော်ပြပေးသည့် အမှတ်အသား တစ်ခုဖြစ်သည်။ လူအများစုသည် ငယ်စဉ်ကလေးဘဝမှစ၍ ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြပြီး ကျောင်းဝတ်စုံကို ဝတ်ဆင်ကာ ပညာသင်ယူခဲ့ကြသည့် အမှတ်တရများလည်းရှိကြသည်။ ကျောင်းဝတ်စုံသည် အဝတ်အစားတစ်စုံ မျှသာမဟုတ်ဘဲ ပညာသင်ယူမှု၏ အစပြုရာ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အတူတကွ ကြိုးစားခဲ့ရသည့် နေ့ရက်များနှင့် ကျောင်းဘဝ၏ ရင်းနှီးနွေးထွေးမှု တို့ကို ပြန်လည်သတိရစေသည့် သင်္ကေတတစ်ခု ဖြစ်သည်။
ကျောင်းသား ကျောင်းသူများ တူညီသောဝတ်စုံကို ဝတ်ဆင်ကြခြင်းသည် မိသားစုနောက်ခံ၊ လူမှုအဆင့်အတန်းနှင့် ကိုယ်ပိုင်အခြေအနေများ မတူညီကြသော်လည်း ကျောင်းသားများ ဖြစ်ကြောင်း ဖော်ပြပေးသည်။ ထိုသို့ တူညီစွာ ဝတ်ဆင်ခြင်းမှတစ်ဆင့် အချင်းချင်းရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ကျောင်းအပေါ် ချစ်ခင် ဂုဏ်ယူမှုတို့လည်း တိုးပွားစေနိုင်သည်။
ကျောင်းဝတ်စုံကို သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ခြင်းသည် မိမိကိုယ်ကို လေးစားတတ်မှုနှင့် စည်းကမ်း ရှိမှုကို လက်တွေ့ဖော်ပြခြင်းဖြစ်သည်။ သတ်မှတ်ထားသော ဝတ်စုံစည်းကမ်းကို လိုက်နာခြင်း၊ အချိန်မှန်ကျောင်းတက်ခြင်း၊ စာသင်ခန်းနှင့် ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းစွာထိန်းသိမ်းခြင်း တို့သည် ကျောင်းသားဘဝမှ စတင်သင်ယူရသော ကောင်းမွန်သည့်အလေ့အကျင့်များ ဖြစ်ကြသည်။
ထို့ပြင် ကျောင်းဝတ်စုံသည် အဝတ်အစားအပေါ် အလွန်အကျွံယှဉ်ပြိုင်မှုများကို လျော့နည်းစေပြီး ကျောင်းသားများအား ပညာသင်ယူမှု၊ အရည်အချင်းဖွံ့ဖြိုးမှုနှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတို့အပေါ် ပိုမိုအာရုံစိုက်နိုင်ရန် အထောက်အကူပြု သည်။ ဝတ်စုံတူညီခြင်းသည် လူတိုင်း၏အရည် အချင်းနှင့် ကိုယ်ပိုင်ထူးခြားချက်များ တူညီသွား ခြင်းမဟုတ်ဘဲ မတူညီသောအရည်အချင်းများကို တန်းတူအခွင့်အလမ်းရှိသည့် ပညာသင်ယူမှု ပတ်ဝန်းကျင်တစ်ခုအတွင်း ဖွံ့ဖြိုးစေခြင်းဖြစ်သည်။
အလားတူ ဆရာ ဆရာမများ၏ ဝတ်စားဆင်ယင်မှုသည်လည်း ပညာရေးအဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာနှင့် သင်ကြားရေးတာဝန်ကို ထင်ဟပ်စေသည်။ သန့်ရှင်းသပ်ရပ်ပြီး လုပ်ငန်းခွင်နှင့် သင့်လျော်သော ဆရာ ဆရာမတို့၏ ဝတ်စားဆင်ယင်မှုသည် ကျောင်းသားများအတွက် စံနမူနာ ကောင်းတစ်ခုဖြစ်စေသည်။ ဆရာဆရာမများသည် အသိပညာကို သင်ကြားပေးသူများသာမက အပြုအမူ၊ စည်းကမ်းနှင့် လူမှုဆက်ဆံရေးတို့ကိုပါ လက်တွေ့ပြသပေးကြသူများဖြစ်သည်။ ထို့ကြောင့် ဝတ်စုံနှင့် အသွင်အပြင်သည် သင်ကြားရေးအပေါ် လေးနက်မှု၊ ကျောင်းသားများအပေါ် လေးစားမှုနှင့် မိမိတာဝန်အား တန်ဖိုးထားမှုကို ဖော်ပြနိုင်သည်။ ကျောင်းသားများနှင့် ဆရာ ဆရာမများသည် ဝတ်စုံပုံစံမတူညီကြသော်လည်း ပညာရေး၏ တူညီသောရည်မှန်းချက်အောက်တွင် အတူတကွ ရပ်တည်နေကြသူများဖြစ်သည်။
ထို့ကြောင့် ကျောင်းဝတ်စုံသည် ကျောင်းသားဘဝ၏ အမှတ်တရတစ်ခုအဖြစ်သာမက စည်းကမ်း၊ ပညာသင်ယူလိုစိတ်၊ မိတ်ဆွေသံယောဇဉ်နှင့် အဖွဲ့ အစည်းအပေါ် ချစ်ခင်ဂုဏ်ယူမှုတို့ကို ပျိုးထောင် ပေးသည့် တန်ဖိုးရှိသော သင်္ကေတတစ်ခုဖြစ်သည်။ ယနေ့ကျောင်းဝတ်စုံကို မြင်တွေ့ရသည့်အခါ မိမိတို့၏ ငယ်စဉ်ကျောင်းသားဘဝကို ပြန်လည် သတိရနိုင်သကဲ့သို့ မျိုးဆက်သစ်ကလေးများ ပညာ သင်ယူနေကြသည့် အနာဂတ်မျှော်လင့်ချက်ကိုလည်း မြင်တွေ့နိုင်သည်။ ကျောင်းသားများက မိမိ တို့၏ ကျောင်းဝတ်စုံကို ဂုဏ်ယူစွာဝတ်ဆင်ကြပြီး ဆရာ ဆရာမများကလည်း မိမိတို့၏ ပညာပေး တာဝန်နှင့် လျော်ညီသောအသွင်အပြင်ကို ထိန်းသိမ်းကြပါက ကျောင်းတစ်ကျောင်း၏ အမှတ်သညာ သည် ပိုမိုတင့်တယ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ပညာရေးဝန်ကြီးဌာန၏ ပညာသင်နှစ်အလိုက် ကျောင်းအပ်နှံရေးအစီ အစဉ်များ၌ ကျောင်းဝတ်စုံနှင့် ပညာသင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးမှုကို တွေ့မြင်နိုင်သည်။ ယင်းသည် ကျောင်းသားများ ပညာသင်ယူရာတွင် အထောက်အကူပြုသည့်အပြင် မိသားစုများ၏ ဝတ်စုံကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်သည့် အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ကျောင်းဝတ်စုံသည် ကျောင်း၏ အမှတ်သညာတစ်ခုသာမက ပညာ သင်ယူခွင့်ကို ပံ့ပိုးပေးသည့် အစိတ်အပိုင်းတစ်ခု လည်းဖြစ်သည်။
တာဝန်နှင့် ဝန်ဆောင်မှုအပေါ် ယုံကြည်မှုတည်ဆောက်ခြင်း
လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသော ယူနီဖောင်းများသည် ဝန်ဆောင်မှုရယူသူများ အတွက် မိမိတို့နှင့်ဆက်သွယ်ရမည့် တာဝန်ရှိသူကိုသိရှိစေရန် ကူညီပေးသည်။ ဆေးရုံတစ်ရုံတွင် ဆရာဝန်၏ အဖြူရောင်ကုတ်အင်္ကျီ၊ သူနာပြုနှင့် အခြားကျန်းမာရေးဝန်ထမ်းများ၏ သီးခြားဝတ်စုံ များကို တွေ့မြင်ရခြင်းက လူနာများအနေဖြင့် မည်သူ့ထံမှ မည်သည့်အကူအညီကို ရယူနိုင်ကြောင်း ခွဲခြားသိရှိစေသည်။ ဆရာဝန်၏ အဖြူရောင် ကုတ်အင်္ကျီသည် ဆေးပညာဆိုင်ရာကျွမ်းကျင်မှုနှင့် တာဝန်ယူမှုကို ကိုယ်စားပြုသည့် သင်္ကေတတစ်ခု ဖြစ်သကဲ့သို့ လူနာများအပေါ် စာနာမှု၊ လေးစားမှုနှင့် ကျင့်ဝတ်လိုက်နာမှုတို့ကိုလည်း သတိရစေသည်။
မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ အဖြူရောင် တာဝန်ကုတ်အင်္ကျီကို ဝတ်ဆင်ခြင်းသည် တာဝန် နှင့် ကတိကဝတ်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဓိကအားဖြင့် လူနာတိုင်းကို ဂုဏ်သိက္ခာ ရှိစွာ ဆက်ဆံခြင်း၊ ဆေးပညာကျင့်ဝတ်ကို လိုက်နာ ခြင်းနှင့် အမြဲတစေ သင်ယူလေ့လာနေခြင်းတို့သည် ဝတ်စုံ၏ ဂုဏ်သိက္ခာကိုပြည့်စုံစေသော အချက်များ ဖြစ်သည်။ ထို့အပြင် ကျန်းမာရေးဝန်ဆောင်မှုများ တွင် လက်သန့်ရှင်းရေး၊ လိုအပ်သည့်အကာအကွယ် ပစ္စည်းများ အသုံးပြုရေးနှင့် လူနာဘေးကင်းရေး လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာရန်လိုအပ်သည်။ ထို့ကြောင့် ယူနီဖောင်းသည် ယုံကြည်မှုကို စတင်တည်ဆောက်ပေးနိုင်သော်လည်း ယုံကြည်မှုကို ရေရှည်ထိန်းသိမ်းပေးနိုင်သည်မှာ ဝတ်ဆင်သူ၏ အရည်အချင်းနှင့် အပြုအမူပင်ဖြစ်သည်။
လုပ်ငန်းခွင်ဘေးကင်းရေးနှင့် အကာအကွယ်ပေးမှု
ယူနီဖောင်း၏အရေးပါမှုသည် အဖွဲ့အစည်း အမှတ်သညာနှင့် တာဝန်ခွဲခြားသိရှိမှုတို့ထက် ပိုမို ကျယ်ပြန့်ပြီး လုပ်ငန်းခွင်ဘေးကင်းရေးနှင့်လည်း ဆက်စပ်နေသည်။ စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် လျှပ်စစ်လုပ်ငန်းများတွင် အလုပ်သဘော သဘာဝအလိုက် သင့်လျော်သော လုပ်ငန်း ဝတ်စုံနှင့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ လိုအပ်သည်။ ဥပမာအားဖြင့် ဂဟေဆော် လုပ်သားများသည် မီးပွားနှင့် အပူဒဏ်ကိုကာကွယ်နိုင်သော ဝတ်စုံ၊ မျက်နှာကာနှင့် လက်အိတ်များကို အသုံးပြုရသည်။ ဆောက်လုပ်ရေးလုပ်သားများအနေဖြင့် လုံခြုံရေး ဦးထုပ်၊ လုံခြုံရေးဖိနပ်နှင့် မြင်သာထင်ရှားသော အင်္ကျီများကို လိုအပ်သလိုဝတ်ဆင်ရသည်။ လျှပ်စစ် လုပ်ငန်းများတွင်လည်း လုပ်ငန်းအန္တရာယ်နှင့် ကိုက်ညီသော လျှပ်ကာပစ္စည်းများကို အသုံးပြုရမည် ဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနသည် စက်ရုံ၊ အလုပ်ရုံ နှင့် လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်း ပြီး ကျန်းမာရေးနှင့် ညီညွတ်သောအခြေအနေများ ဖြစ်ပေါ်လာစေရန် OSH ဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ အသိပညာပေးခြင်း၊ စစ်ဆေးခြင်းနှင့် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ ကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၈/၂၀၁၉) သည်လည်း လုပ်ငန်းခွင်ဘေးကင်း ရေးဆိုင်ရာ ဥပဒေမူဘောင်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရှင်က လုပ်ငန်းအန္တရာယ်အလိုက် သင့်လျော်သော အကာအကွယ်ပစ္စည်းများ ပံ့ပိုးပေး ခြင်း၊ အလုပ်သမားက သတ်မှတ်ထားသည့်အတိုင်း အသုံးပြုခြင်းနှင့် တာဝန်ရှိသူများက စစ်ဆေးကြီးကြပ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် လိုအပ်သည်။ အပြာရောင် လုပ်ငန်းဝတ်စုံတစ်စုံသည် အလုပ်သမားအဖွဲ့၏ အမှတ်အသားဖြစ်သော်လည်း လိုအပ်သော လုံခြုံရေးပစ္စည်းများကို အစား ထိုးနိုင်ခြင်းမရှိကြောင်းကိုလည်း သတိပြုရမည်။
ကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံနှင့် အလုပ်အကိုင်အဆင်သင့်ဖြစ်မှု
နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ (TVET) သင်တန်းများတွင် ယူနီဖောင်းသည် သင်တန်းသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရုံ သာမက လက်တွေ့လုပ်ငန်းခွင်အတွက် ကြိုတင် ပြင်ဆင်ပေးသည့် အထောက်အကူတစ်ခုလည်း ဖြစ်သည်။ လက်သမား၊ ပန်းရံ၊ လျှပ်စစ်၊ ဂဟေဆော်၊ မော်တော်ယာဉ်ပြုပြင်ရေးနှင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းများတွင် သင်တန်းအမျိုးအစားအလိုက် သင့်လျော်သောဝတ်စုံနှင့် လိုအပ်သည့် အကာအကွယ် ပစ္စည်းများကို အသုံးပြုရသည်။ သင်တန်း သားများသည် ဝတ်စုံကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း၊ ကိရိယာများကို စနစ်တကျ အသုံးပြုခြင်းနှင့် လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာခြင်းတို့မှ တစ်ဆင့် အလုပ်အကိုင်အတွက် လိုအပ်သော အလေ့အကျင့်များကို ရရှိနိုင်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ နည်းပညာ သင်တန်းကျောင်းများတွင် သင်တန်းသားများအတွက် တီရှပ်၊ ဘောင်းဘီ၊ ကင်းဘတ်ဖိနပ်နှင့် ခြေအိတ်များ ပံ့ပိုးပေးထားကြောင်း ဝန်ကြီးဌာန၏ website တွင် ဖော်ပြထားသည်။ ထို့ပြင် ဆောက်လုပ် ရေး၊ လျှပ်စစ်၊ ဂဟေဆော်၊ မော်တော်ယာဉ်ပြုပြင် ရေးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ website တွင်လည်း မြို့ပြအင်ဂျင်နီယာနယ်ပယ် ဆိုင်ရာလက်သမား၊ ပန်းရံ၊ သံချည်သံကွေး၊ လမ်းခင်းနှင့် ပိုက်ဆက်သင်တန်းများကို ဖော်ပြထားသည်။ ဤဥပမာများက သင်တန်းဝတ်စုံသည် လက်တွေ့ပညာ သင်ယူမှုနှင့် လုပ်ငန်းခွင် အဆင်သင့် ဖြစ်မှုကို ပံ့ပိုးပေးနိုင်ကြောင်း ပြသနေသည်။
အရောင်၊ ဒီဇိုင်းနှင့် မျှတသော စည်းမျဉ်းများ
ယူနီဖောင်း၏ အရောင်နှင့် ဒီဇိုင်းသည် အလှအပ အတွက်သာမက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်လည်း အရေးကြီးသည်။ အဖွဲ့ အစည်းတစ်ခု၏ သတ်မှတ်အရောင်သည် အဖွဲ့ဝင် ဖြစ်မှုကို ဖော်ပြနိုင်သကဲ့သို့ လုပ်ငန်းခွင်အချို့တွင် မြင်သာထင်ရှားသောအရောင်များသည် အန္တရာယ် ရှိသည့်နေရာများ၌ ဝတ်ဆင်သူကို အလွယ်တကူ သတိပြုမိစေနိုင်သည်။ ဆေးရုံများတွင်လည်း ဝတ်စုံအရောင်နှင့် ဒီဇိုင်းများကို သင့်လျော်စွာသတ်မှတ်ခြင်းဖြင့် ဝန်ထမ်းအမျိုးအစားနှင့် တာဝန် များကို ခွဲခြားသိရှိနိုင်စေသည်။
ထို့ကြောင့် ဝတ်စုံဒီဇိုင်းရေးဆွဲရာတွင် အထည်သား ၏ ခိုင်ခံ့မှု၊ လေဝင်လေထွက်ကောင်းမှု၊ သန့်ရှင်းရေး လုပ်ရလွယ်ကူမှု၊ လှုပ်ရှားသွားလာရ အဆင်ပြေမှုနှင့် လုပ်ငန်းခွင်အန္တရာယ်တို့ကို ထည့်သွင်း စဉ်းစားသင့်သည်။
ထို့အတူ ယူနီဖောင်းစည်းမျဉ်းများသည်လည်း ရှင်းလင်းပြီး မျှတမှုရှိရမည်။ ဝတ်စုံအရွယ်အစားနှင့် ပုံစံသည် ဝတ်ဆင်သူ၏ ကိုယ်ခန္ဓာအနေအထား၊ အသက်အရွယ်နှင့် လုပ်ငန်းတာဝန်တို့နှင့် ကိုက်ညီ ရန်လိုအပ်သည်။ ဝတ်စုံစည်းကမ်းကို စစ်ဆေးရ တွင်လည်း လူတစ်ဦးချင်း၏ဂုဏ်သိက္ခာကို မထိခိုက် စေဘဲ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သင့်သည်။ ယူနီဖောင်းတစ်ခုက အဖွဲ့ဝင်များအကြား တူညီမှုကိုဖော်ပြနိုင်သော်လည်း အခွင့်အရေးနှင့် အခွင့်အလမ်းများ တန်းတူ ရရှိရေးကို အလိုအလျောက် အာမခံပေးနိုင်ခြင်း မရှိပေ။ ယင်းအတွက် ခွဲခြားဆက်ဆံမှုကင်းသော စည်းမျဉ်းများ၊ တရားမျှတသော စီမံခန့်ခွဲမှုနှင့် အပြန်အလှန်လေးစားမှုတို့ လိုအပ်သည်။ အဖွဲ့အစည်း တစ်ခုတွင် ယူနီဖောင်း၏ အရောင်နှင့် ဒီဇိုင်းကို တန်ဖိုးထားသကဲ့သို့ ဝတ်ဆင်သူတိုင်း၏ အခွင့်အရေး နှင့် ဂုဏ်သိက္ခာကိုလည်း တန်းတူတန်ဖိုးထားရန် အရေးကြီးသည်။
ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ထိုက်သော ယူနီဖောင်း
ယူနီဖောင်းတစ်စုံကို ဝတ်ဆင်လိုက်သည့်အခါ မိမိသည် အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ကြောင်း သာမက ထိုအဖွဲ့အစည်း၏ တာဝန်နှင့် ဂုဏ်သိက္ခာကိုပါ ကိုယ်စားပြုနေကြောင်း သတိပြုရမည် ဖြစ်ပါသည်။ ကျောင်းသားတစ်ဦး၏ ကျောင်းဝတ်စုံသည် ပညာသင်ယူလိုစိတ်ကို အားပေးပြီး ဆရာဝန်၏ အဖြူရောင်ကုတ်အင်္ကျီသည် လူနာအပေါ်ထားရှိ သည့် ကတိကဝတ်ကို သတိရစေသည်။ TVET ကျွမ်းကျင်လုပ်သားတစ်ဦး၏ လုပ်ငန်းဝတ်စုံသည်လည်း လက်တွေ့ကျွမ်းကျင်မှုနှင့် ဘေးကင်းစွာ အလုပ်လုပ်ကိုင်လိုသည့်စိတ်ထားကို ဖော်ပြပေးသည်။ ထိုဝတ်စုံများ၏ အမှန်တကယ် တန်ဖိုးသည် အရောင်လှပမှုနှင့် ဒီဇိုင်းကောင်းမွန်မှုတို့တွင်သာမရှိဘဲ ဝတ်ဆင်သူ၏စည်းကမ်း၊ ကျွမ်းကျင်မှု၊ ရိုးသားမှုနှင့် တာဝန်ယူမှုတို့ဖြင့် ပိုမိုပြည့်စုံလာသည်။ အဖွဲ့အစည်းများကလည်း သင့်လျော်သောဝတ်စုံနှင့် အကာအကွယ်ပစ္စည်းများကို ပံ့ပိုးပေးပြီး မျှတ သော စည်းမျဉ်းများကို ကျင့်သုံးနိုင်ပါက ယူနီဖောင်း သည် အဖွဲ့ဝင်များအား အေးချမ်းစွာ၊ စိတ်ပါဝင်စား စွာနှင့် ယုံကြည်မှုရှိစွာ လုပ်ကိုင်နိုင်ရန် အကာအကွယ်ပေးသည့် အဖွဲ့အစည်းဆိုင်ရာ အရိပ်အာဝါသတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ဝတ်စုံ၏အရောင်အသွေးက အဖွဲ့အစည်း၏ အမှတ်သညာကို ဖော်ပြပြီး ဝတ်ဆင်သူ၏စည်းကမ်း နှင့် အပြုအမူက ထိုအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ပိုမိုထင်ရှားစေသည်။ ထို့ကြောင့် မိမိဝတ်ဆင်ထား သောဝတ်စုံကို ချစ်မြတ်နိုးတန်ဖိုးထားသကဲ့သို့ ၎င်းနှင့်အတူ ပါဝင်လာသည့် တာဝန်နှင့် စည်းကမ်း များကိုလည်း လေးစားလိုက်နာကြရမည်ဖြစ်သည်။ မိမိ၏လုပ်ငန်းကို စေတနာဖြင့် ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်း၏ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းနှင့် လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခြင်းတို့သည် ယူနီဖောင်း၏ တန်ဖိုးကို အမှန်တကယ်မြှင့်တင်ပေး နိုင်သည့်အချက်များဖြစ်သည်။ မိမိဝတ်ဆင်ထား သောယူနီဖောင်းကိုကြည့်မြင်တိုင်း တာဝန်ကို သတိရပြီး ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်လိုသည့် စိတ်ဓာတ်သည် လူတိုင်း၏ ရင်တွင်း၌ အစဉ်ရှင်သန်နေပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။


