နေပြည်တော် နိုဝင်ဘာ ၂၃
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် ဒုတိယနေ့ဖြစ်သည့် ယနေ့တွင် နံနက်ပိုင်းမှ စတင်၍ ကုသိုလ်ယူသူများ၊ ဘုရားဖူးလာရောက်သူများ၊ ဈေးဝယ်သူများ၊ အပန်းဖြေ လည်ပတ်ကြသည့် ဝန်ထမ်း မိသားစုများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် ပွဲတော်တစ်ခုလုံး ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
“မနေ့က ပွဲတော်ကို လာလည်ဖြစ်တယ်။ ဒီနေ့လည်း မိသားစုနဲ့ထပ်ပြီး လာရောက်လည်ပတ် ဖြစ်တာပါ။ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲကို ကြည်ညိုချင်လို့ပါ။ ဆီမီးပူဇော်ပွဲနဲ့ မီးပုံးပျံ ပွဲလည်း ကြည့်ချင်လို့ပါ။ ရုံးပိတ်ရက်လည်းဖြစ်တဲ့အတွက် ပြည်သူတွေ အေးအေးချမ်းချမ်း ပျော်ပျော် ရွှင်ရွှင်နဲ့ဆင်နွှဲကြတဲ့ ပွဲတော်ဖြစ်တော့ ကြိတ်ကြိတ်တိုးပါပဲ။ အေးချမ်းသာယာတဲ့ တန်ဆောင်တိုင် ပွဲတော်မှာ အားလုံးပျော်ရွှင် ကြပါစေ” ဟု လာရောက်လည်ပတ်သူ ဝန်ထမ်းမိသားစုဝင်တစ်ဦး ဖြစ်သည့် ချောက်မြို့မှ ဦးအေးဝင်း က ပြောသည်။
ယနေ့တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော် ပြိုင်ပွဲတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ရက်ကန်းစင် ၁၅ စင် ယှဉ်ပြိုင်ရက်လုပ် ပူဇော်ကြ သည်။
ထိုသို့ မသိုးသင်္ကန်း ရက်လုပ် ပူဇော်မှုကို ဘုရားဖူးပြည်သူများက ကြည်ညိုသဒ္ဓါပွားများစွာ လာရောက်ကြည့်ရှု အားပေးကြသည်။
“တန်ဆောင်တိုင် အခါသမယ မှာ ကုသိုလ်ပြုကျင်းပပူဇော်တဲ့ ဓလေ့တစ်ခုပါ။ မသိုးသင်္ကန်း ဆိုတာ အဆင့်ဆင့် ရက်လုပ်ရတယ်၊ နေ့ချင်းပြီးအောင် ရက်လုပ်ရတယ်။ အလေးအမြတ်ထား ရက်လုပ် လှူဒါန်းပူဇော်တာဖြစ်ပါ တယ်။ သပ္ပာယ်ကြည်ညိုရတဲ့ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး ကို ဖူးမြော်ရင်း မသိုးသင်္ကန်း ရက်လုပ်တာကို ကြည်ညိုခွင့်ရတယ်။ ဘုရားကြီးကို ဖူးမြော်ရင်း အေးချမ်းမှုတွေ အများကြီးရတဲ့ တန်ဆောင်တိုင်ညလေးပါ” ဟု လယ်ဝေးမြို့နယ် အောင်ချမ်းသာ ကျေးရွာမှ ဒေါ်ဌေးဌေးက ပြောသည်။
အလားတူ မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူ ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိ ပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် မေတ္တာပို့သခြင်းတို့ဖြင့် ကုသိုလ်ပြု ကြသည့် ပြည်သူများဖြင့်လည်း စည်ကားလျက်ရှိသည်။
ဘုရားဖူးလာ ပြည်သူများ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို အဆင်ပြေချောမွေ့စွာ ဖူးမြော်နိုင်ရန် တာဝန်ရှိသူများက လုံခြုံရေးစစ်ဆေးမှုများနှင့် လိုအပ်သည့် လမ်းညွှန်မှုများကို ဆောင်ရွက်ပေးလျက် ရှိပြီး သံဃာတော်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ သွားလာမှုအဆင်ပြေစေရန် ဝီးချဲလ်များ၊ မော်တော်ယာဉ်ငယ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
ထို့အတူ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲကို ဘုရားဝင်းအတွင်း သတ်မှတ်နေရာ၌ ကျင်းပရာ ယနေ့ဒုတိယနေ့ ယှဉ်ပြိုင်မှုတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက “ဇေယျာအောင်လံ”၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက “ဝိသကြုံ”၊ နယ်စပ်ရေးရာဝန်ကြီး ဌာနက “သာယာရွှေပြည်”၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက “လယ်ယာထွက်ကုန်မြှင့်တင်ပေး နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး”၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက “လမင်းထိန်သာ ပြည်မြန်မာ”၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက “စိမ်းလန်းမြေ”၊ ပြန်ကြားရေး ဝန်ကြီးဌာနက “ပြန်ကြားအားမာန်မိုးထက်ယံ” စသည့် ညမီးကြီးမီးပုံးပျံများကို လွှတ်တင်ပူဇော် ယှဉ်ပြိုင်ကြသည်။
အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက “လူကယ်ပြန်”၊ အားကစားရေးရာ ဝန်ကြီးဌာနက “ပြည့်ဂုဏ်ဆောင်”၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက “ပြည်ထောင်စု တိုင်းရင်းသား”၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက “စွဲမက်ဖွယ်ရာ ပြည်မြန်မာ”၊ ပညာရေးဝန်ကြီး ဌာနက “မြတ်ပညာ”၊ ကျန်းမာရေး ဝန်ကြီးဌာနက “အာရောဂျံ”၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က “အာသာဝတီ” စသည့် စိန်နားပန် မီးပုံးပျံများကို လွှတ်တင်ပူဇော် ယှဉ်ပြိုင်ကြသည်။
ထိုသို့ လွှတ်တင်ပူဇော်ကြရာ တွင် ဌာနအလိုက် တိုင်းရင်းသား ရိုးရာအကအဖွဲ့များ၊ အိုးစည်ဒိုးပတ် နှင့် သံချပ်တီးလုံးများဖြင့် တီးမှုတ်ကပြဖျော်ဖြေခြင်း၊ မီးပုံးပျံအသေးများ လွှတ်တင်ပူဇော်ခြင်း၊ လာရောက် ကြည့်ရှုကြသည့် ပရိသတ်များက ပျော်ရွှင်စွာကခုန် အားပေးခြင်းတို့ဖြင့် တန်ဆောင်တိုင်ည၏ မီးပုံးပျံလွှတ်တင်ပူဇော် ပွဲအလှကို ပိုမိုပေါ်လွင်စေခဲ့သည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှိ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ ဂန္ဓ ကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါ ဓိပတိ သာသနာ့ဗိမာန်တော်ကြီး တို့သို့ သွားရောက်ဖူးမြော် ကြည်ညိုသူများအပြင် ရေပန်းရင်ပြင်နှင့် ရေပန်းအဝိုင်းများ၌ ဘုရားဖူး ပြည်သူများက တန်ဆောင်တိုင်ညအလှကို မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
အလားတူ ဥယျာဉ်တော် မြောက်ဘက် ဝတ္ထုကံမြေရှိ ဆိုင်ခန်းပေါင်း ၅၂၀ ပါဝင်သော တန်ဆောင်တိုင် ဈေးရောင်းပွဲ တော်တွင်လည်း ဒေသအလိုက် MSME စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများ၊ One Region One Product (OROP) ထုတ်ကုန်များ၊
အိမ်တွင်းလက်မှု အနုပညာပစ္စည်းများ၊ ရိုးရာဝတ်စုံများနှင့် တိုင်းရင်းသားရိုးရာ စားသောက်ဖွယ်ရာများ ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ဝယ်ယူအားပေးသူများ ဖြင့် စည်ကားလျက်ရှိသည်။
ဈေးရောင်းပွဲတော်တွင် ပါဝင်ရောင်းချသူ ဆိုင်ခန်းတာဝန်ရှိသူတစ်ဦးက “ဒီနေ့ ဒုတိယနေ့မှာ ပွဲတော် လာရောက်သူတွေ ပိုများလာတဲ့အတွက် မနက်ပိုင်းကတည်းက အရောင်းအဝယ် တော်တော်လေး သွက်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသထွက် MSME ထုတ်ကုန်တွေကိုလည်း ပြည်သူတွေက စိတ်ဝင်တစား မေးမြန်းကြပြီး ဝယ်ယူအားပေးကြတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလို ဈေးပွဲတော်မှာ ပါဝင် ရောင်းချခွင့်ရတဲ့အတွက်လည်း တာဝန်ရှိသူတွေကို ကျေးဇူး တင်ပါတယ်” ဟု ပြောသည်။
အလားတူ ဖျော်ဖြေရေးအစီ အစဉ်များတွင် ပြည်သူချစ်ဇာတ်မင်းသား အောင်ဇမ္ဗူ ဦးဆောင်သည့် ဇာတ်သဘင်အဖွဲ့က ခေတ်မီစင်မြင့်အပြင်အဆင်၊ ဆိုင်းဝိုင်းကြီးနှင့် အနောက်တိုင်းတူရိယာများ ပေါင်းစပ်တီးခတ်မှုတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကပြသီဆိုဖျော်ဖြေကြရာ ကိုကြီးကျော် ပလီလွန်းတယ် အော်ပရာကြီး၊ စင်မြင့်ပေါ်မှ တေးဂီတ(Show)၊ မချစ်တတ်သူများ မကြည့်ရ (ပြဇာတ်ကြီး)နှင့် နှစ်ပါးသွား အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်မှုများကို ပွဲတော်လာ ပရိသတ်များက ကွင်းပြည့် ကွင်းလျှံ တစ်ခဲနက်အားပေး ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် မေသက်ထားဆွေ၊ ဝေလာရီ၊ မေလသံစဉ်၊ စည်သူလွင်၊ သာဒီးလူ၊ Mi Sandi၊ ပိုပို၊ မိုးမိုး၊ သားသား၊ နီနီခင်ဇော်၊ ပုံရိပ်၊ သားစိုးတို့၏ ပရိသတ်အကြိုက် ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေမှု၊ DJ များနှင့် Daily Gita Band တို့၏ တီးခတ်မှုတို့က ပွဲတော်လာ ပရိသတ်များကို ပျော်ရွှင်စေခဲ့ပြီး ပရိသတ်များ၏ သံပြိုင်လိုက်ပါ သီဆိုကခုန်မှုများ ဖြင့် အားပေးမှုအထူးရရှိခဲ့သည်။
ထို့ပြင် ကလေးကစားကွင်းရှိ ရထားဝိုင်း၊ ချားဝိုင်း၊ လှုပ်စိ၊ ဒုံး၊ ပျော့အိနှင့် ကလေးစီးကားများ တွင် ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသကဲ့သို့ ရဟတ်၊ ပင်လယ်ဓားပြလှေနှင့် ဂိမ်းကစား နည်းများတွင်လည်း လာရောက် ကစားသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၂၄ ရက် တန်ဆောင်မုန်းလပြည့်နေ့အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ရာ ဘုရားဖူးကုသိုလ်ယူရင်း မိသားစုနှင့် အတူ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်း - သန်းမင်းအောင်၊
ဂျိုင်းလော
ဓာတ်ပုံ - အေးပြည့်အောင်






