MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက်ပေး (ကြေးမုံ)

နိုင်ငံတော်၏ စီးပွားရေးအင်အားစုများတွင် အချိုးအစားအများဆုံးပါဝင်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးမြှင့်တင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ MSME လုပ်ငန်းများသည် အမြတ်အစွန်းရရန်အလို့ငှာ လုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံသားပိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ကြသူများသာမကဘဲ ရောင်းဝယ်မှု သို့မဟုတ် ဝန်ဆောင်မှု သို့မဟုတ် အခြားလုပ်ငန်းများလည်းပါနေသဖြင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့်အခန်းကဏ္ဍများမှ ရပ်တည်လျက်ရှိသည်။

 

MSME လုပ်ငန်းများသည် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ဒေသတွင်းစီးပွားရေးလည်ပတ်မှု အားကောင်းစေရေးတို့အတွက် အထောက်အကူပြုလျက်ရှိသည်။ MSME လုပ်ငန်းများသည် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု၊ ကိုယ်ပိုင်တီထွင်ကြံဆမှု၊ ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုတို့ဖြင့် ဆောင်ရွက်ကြရာတွင် နိုင်ငံတော်၏အားပေးကူညီဆောင်ရွက် ပေးမှုအပြည့်အဝမရရှိပါက မျှော်မှန်းသလောက်ခရီးမပေါက်ဘဲ ပုံမှန်လည်ပတ်နေသည့် တိုးတက်မှုနှေးကွေးသော လုပ်ငန်းများအဖြစ် ရပ်တည်နေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အကာအကွယ်ပေးရေးဥပဒေကို နိုဝင်ဘာလ ၂၀ ရက်က ပြဋ္ဌာန်းလိုက်သည်။

 

MSME လုပ်ငန်းများအနေဖြင့် သတင်းအချက်အလက်များ၊ နည်းပညာအထောက်အကူများ၊ ငွေကြေးပံ့ပိုးမှုများနှင့် အလုပ်အကိုင်ကျွမ်းကျင်မှုများ လွယ်ကူစွာရရှိနိုင်စေရန်၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်ကိုက်ညီ၍ အရည်အသွေးပြည့်မီပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊ အဆိုပါ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းသစ်များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် အဟန့်အတားများ လျော့နည်းစေရန်၊ ဒီဂျစ်တယ်အသုံးပြုမှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာအသုံးပြုမှုနှင့် အွန်လိုင်းကုန်သွယ်မှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ပံ့ပိုးကူညီပေးရန်၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးအတွက် လိုအပ်သောအထောက်အပံ့များ၊ အစီအစဉ်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဥပဒေပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ၄၅ ကြိမ် သွားရောက်ခဲ့ရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးကူညီတိုက်တွန်းဆောင်ရွက်ခဲ့သည်။ ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ ချည်ထည်လုပ်ငန်း၊ အသုံးအဆောင်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများကို ဖော်ဆောင်နိုင်ရန်အတွက် အားပေးကူညီခဲ့သည်။ ဥပမာအားဖြင့် ပြည်တွင်း၌ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်အရေအတွက် များပြားလာသည့်အတွက် လိုအပ်သည့်တာယာနှင့် ကျွတ်များကို ပြည်ပသွင်းကုန်များအဖြစ် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရသည်။ တာယာနှင့် ကျွတ်များကို ပြည်တွင်း၌ အရည်အသွေးမီထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းနေရမှုကို လျှော့ချနိုင်ပြီး သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအသုံးပြုနိုင်မည်။ လက်ရှိတွင် ပြည်တွင်း၌ တာယာနှင့်ကျွတ်ထုတ်လုပ်နိုင်သော်လည်း လိုအပ်ချက်များရှိနေသေးသည်။

 

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကဲ့သို့ ရော်ဘာထွက်ရှိသည့် ဒေသများတွင် ရော်ဘာကုန်ကြမ်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အလားတူ ဝါစိုက်ပျိုးသည့်ဒေသများတွင် ဝါကုန်ကြမ်းကို အခြေခံသည့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်။ ကရင်ပြည်နယ်တွင် ဖိနပ်စက်ရုံတည်ထောင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် တာယာနှင့်ကျွတ်များထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေခြင်းတို့ကို ကြိုဆိုအားပေးကူညီရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ရေခံ၊ မြေခံ၊ အခြေခံကောင်းများရှိပြီး စက်မှုကုန်ကြမ်းသီးနှံနှင့် အပင်များဖြစ်ထွန်းသည့် အလားအလာကောင်းများစွာရှိပြီးဖြစ်သည်။ အလုပ်လုပ်နိုင်သည့် လူသားအရင်းအမြစ်များနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်သူများလည်းရှိသည်။ နိုင်ငံတော်အနေဖြင့် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်၊ အထောက်အပံ့ အကူညီများလည်း အပြည့်အဝပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံ့စီးပွားမြင့်မားရေးကို မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။