တပ်မတော်စစ်ကြောင်းများက အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ - ကန့်ဘလူ လမ်းကြောင်းအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရေး မိုင်းရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်


နေပြည်တော် နိုဝင်ဘာ ၂၁

 

အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အင်းတော် - ဝန်းသို - ကောလင်း- ကျွန်းလှ-ကန့်ဘလူလမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း- စပ္ပါယ်နံသာလမ်းကြောင်းများ အနီးတစ်ဝိုက် ခိုအောင်းနေထိုင်ပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ရဲဝံ့စွန့်စားစွာ လိုက်လံချေမှုန်းတိုက်ထုတ်လျက်ရှိရာ အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ - ကန့်ဘလူ လမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

 

CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် မြို့/ရွာ/ လမ်းကြောင်းအချို့ကို ယာယီစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များအား နည်းလမ်းမျိုးစုံဖြင့် ကျူးလွန်လုပ်ဆောင်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့၊ ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား အမြန်ဆုံးပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီး ဒေသတွင်းတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်အတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Opera-tion) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ဖြစ်သော အင်းတော် - ဝန်းသို - ကောလင်း- ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း- စပ္ပါယ်နံသာ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ ၁၅ ရက်တွင် အဆိုပါလမ်းကြောင်း များပေါ်ရှိ သင်တောကျေးရွာနှင့် ဥတုံးပင်ကျေးရွာတို့အထိ အဆင့်ဆင့်ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။

 

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနှင့် ကျောက်တန်း-စပ္ပါယ်နံသာ လမ်းကြောင်းများပေါ်တွင် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများ အား ချေမှုန်းတိုက်ခိုက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ လ ၁၆ ရက်တွင် ကံကြီး (အရှေ့) ကျေးရွာနှင့် ကံကြီး (အနောက်) ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်တွင် ချပ်သင်းကျေးရွာနှင့် ပုဏ္ဏားငယ်ကျေးရွာ၊ တောင်ပုံကျေးရွာနှင့် ဟင်းသော်ကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာလ ၁၈ ရက်တွင် လှည်းဘွဲ့ကျေးရွာနှင့် အုန်းခြောက်လုံးတဲစုကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်တွင် ချပ်ကြီးကျေးရွာနှင့် ပန်းခုံသာကျေးရွာတို့အားလည်းကောင်း အဆင့်ဆင့်ခြေကုပ်ယူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်တွင် ကျွန်းလှမြို့မှတစ်ဆင့် ကန့်ဘလူမြို့သို့ရောက်ရှိခဲ့ရာ အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ- ကန့်ဘလူလမ်းကြောင်းကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ် ကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာလမ်းကြောင်းအား အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်လည်း အင်တိုက်အားတိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်း၍ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော အောင်ပွဲရတပ်မတော်စစ်ကြောင်းများအား ကျွန်းလှမြို့နှင့် ကန့်ဘလူမြို့တို့မှ ရဟန်း၊ သံဃာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများကမ်း၍လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အကအလှများဖြင့်လည်းကောင်း လှိုက်လှဲဝမ်းသာစွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။

 

တပ်မတော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အင်းတော် - ဝန်းသို - ကောလင်း - ကျွန်းလှ - ကန့်ဘလူလမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း - စပ္ပါယ်နံသာ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စားစွာဖြင့် အဆင့်ဆင့်ချေမှုန်းတိုက်ခိုက်၍ ပြန်လည်ထိန်းချုပ်မှု များရယူခဲ့ရာ အောက်တိုဘာလ ၅ ရက်မှ ယနေ့အထိ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် စုစုပေါင်း အကြိမ် (၅၀) ဖြစ်ပွားခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း (၂၅) လောင်း၊ လက်နက်မျိုးစုံ (၂၅) လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ အခြားအသုံးအဆောင်ပစ္စည်းများ၊ အများပြည်သူအသုံးပြုသွားလာနေသည့် အဓိက ဆက်သွယ်ရေးလမ်းမကြီးများအပါအဝင် ကျေးရွာလမ်းများနှင့် အဆောက်အအုံများ အကြား၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ပီပါခွံဖြင့် ပြုလုပ်ထားသော မိုင်းများအပါအဝင် အရွယ်အစားအမျိုးမျိုးရှိသော လက်လုပ်မိုင်း (၂၃၆) လုံးတို့ကို သိမ်းပိုက်ရရှိခဲ့သည်။

 

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်သူများ ထိခိုက်နစ်နာ၍ အကြောက်တရားလွှမ်းမိုးပြီး ဒေသတွင်း လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်ထားသည့် အများပြည်သူသွားလာလျက်ရှိသော အဓိကဆက်သွယ်ရေးလမ်းမကြီးများနှင့် ကျေးရွာချင်းဆက်လမ်းများ၌လည်းကောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များ အနီးဝန်းကျင်နှင့် ကျေးရွာလမ်းများ၌လည်းကောင်း မိုင်းမျိုးစုံအား အရွယ်အစားအမျိုးမျိုးဖြင့် ထောင်ထားခဲ့ရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းများအား ရှင်းလင်းခြင်းလုပ်ငန်းစဉ်များကို ကန့်သတ်ချက်များအကြားမှ အချိန်ယူ၍ စနစ်တကျရှင်းလင်းဖော်ထုတ်ပေးခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လူနေတိုက်တာ အိုးအိမ်များ၊ လမ်းတံတားများ၊ ဌာနဆိုင်ရာအဆောက်အအုံများ ကို ပြင်ဆင်၍ လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်း စဉ်များကိုလည်း ဒေသခံပြည်သူများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် NUG ၊ CRPH တို့၏ သွေးထိုးမြှောက်ပင့်မှုများကို နားယောင်ပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းသည် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများတွင် များစွာနောက်ကျစေလျက်ရှိသဖြင့် နိုင်ငံတော်နှင့် ဒေသအတွက် အမှန်တကယ်အကျိုးပြုလိုပါက နီးစပ်ရာလုံခြုံရေးစခန်းများနှင့် ချိတ်ဆက်၍ ဥပဒေဘောင်အတွင်း အမြန်ဆုံးပြန်လည် ဝင်ရောက်သင့်ပါကြောင်းနှင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း နိုင်ငံတော်အစိုးရနှင့်တပ်မတော်က လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

၁၀၀