ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့နှင့်စပ်လျဉ်း၍  မိန့်ခွန်းပြောကြား

 နေပြည်တော် နိုဝင်ဘာ ၁၈

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့အစီအစဉ်သို့ တက်ရောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၀၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၅ တို့နှင့်အညီ နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေ အရပ်ရပ်တို့နှင့်စပ်လျဉ်း၍  မိန့်ခွန်း ပြောကြားသည်။

 

အဆိုပါ တတိယအကြိမ်  ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ အစီအစဉ်တွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေ အရပ်ရပ်တို့နှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည့် အစီအစဉ်သို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားလေ့လာသူ ဧည့်သည်တော် ၃၀၀ တို့ တက်ရောက်လေ့လာကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၀ ဦး တက်ရောက်သဖြင့် ၉၆  ဒသမ ၄၃ ရာခိုင်နှုန်း တက်ရောက်သည့်အတွက် အစည်းအဝေး အထ မြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ပြည်ထောင်စုလွှတ်တော်သို့ မိန့်ခွန်းပြောကြားရန်အတွက် ဖိတ်ခေါ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နိုင်ငံတော်၏ မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့နှင့်စပ်လျဉ်း၍  မိန့်ခွန်းပြောကြားရာတွင် မိမိတို့ အစိုးရသစ် တာဝန်ယူပြီးယခုအခါ ရက်ပေါင်း ၂၂၂ ရက်ပြည့် မြောက်ချိန်တွင် မိမိတို့အစိုးရ ဆောင်ရွက်ခဲ့မှုများနှင့် နိုင်ငံတော်၏အခြေအနေများအား လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ သိရှိနိုင်ရန်အတွက် ယခုကဲ့သို့တက်ရောက်ပြောကြားခြင်းဖြစ်ကြောင်း။

 

 

နိုင်ငံ့ GDP တိုးတက်ရေးအတွက် ပြည်တွင်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် အလေးထား ဆောင်ရွက်ကြရန်လို

မိမိတို့အစိုးရအနေဖြင့် မူဝါဒနှစ်ရပ်ချမှတ်ထားပြီး အမျိုးသားရေးမူဝါဒတွင် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ်ထားကြောင်း၊  နိုင်ငံရေးမူဝါဒတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီ စနစ်ကိုခိုင်မာစွာ ဖော်ဆောင်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကိုတည်ဆောက်ရေး ဟူသည့် မူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊  မည်သည့်နိုင်ငံပင်ဖြစ်စေ အစိုးရများနှင့် ပြည်သူများ အနေဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကိုလိုလားကြကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေး ကောင်းမွန်ရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်ခု၏စီးပွားရေးကို ဂျီဒီပီဖြင့်တိုင်းတာကြပြီး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုမရှိကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးကိုကြည့်မည်ဆိုပါက ၂၀၂၅ ခုနှစ်တွင် ဂျီဒီပီ မှာ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၁၇ ဘီလီယံခန့်ရှိပြီး အာဆီယံ ၁၁ နိုင်ငံတွင်အဆင့် ၇ တွင်ရှိကြောင်း၊ ယခုနှစ်တွင်နိုင်ငံ၏ ဂျီဒီပီကို အမေရိကန်ဒေါ်လာ  ၉၈ ဘီလီယံအထိ တိုးတက် လာစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် အာဆီယံနိုင်ငံ များ၌ ပါဝင်သည့် ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၄၉၄ ဒသမ ၀၅ ဘီလီယံ၊ မလေးရှားနိုင်ငံ၏ ဂျီဒီပီ သည် ၄၇၁ ဒမသ ၁၉ ဘီလီယံ ၊ ကမ္ဘောဒီးယားနိုင်ငံ၏ ဂျီဒီပီ သည် ၄၉ ဒသမ ၂၉ ဘီလီယံ ရှိကြောင်း၊ အဆိုပါနိုင်ငံများသည် မိမိတို့နိုင်ငံကဲ့သို့ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံများပင်ဖြစ်ကြကြောင်း။

 

မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအရ လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ရှိ တရုတ်နိုင်ငံ၊ လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေ သန်းပေါင်း ၁၆၀ ကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စသည့်လူဦးရေများပြားသည့် နိုင်ငံများအကြားတွင်တည်ရှိနေကြောင်း၊ ထိုသို့တည်ရှိ နေခြင်းကြောင့် မိမိတို့နိုင်ငံအနေဖြင့် ပြည်ပပို့ကုန်များတင်ပို့နိုင်ရန်အတွက် အခွင့်အလမ်းများစွာ ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်တွင်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ထုတ်ကုန်များရောင်းချမည့်နိုင်ငံ၏ ဈေးကွက် လိုအပ်ချက်ကိုသိရှိရန်နှင့် ဈေးကွက်ခိုင်မာမှုရရှိအောင် တည်ဆောက်ရန်လိုကြောင်း၊ လက်ရှိ အချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ပဲများကို အဓိကတင်ပို့ရောင်းချလျက် ရှိကြောင်း၊ ထိုသို့တင်ပို့ရာတွင် ပြည်ပနိုင်ငံတစ်ခု၊ နှစ်ခုတည်းကိုသာ မှီခိုနေ၍မရဘဲ မိမိတို့ထုတ်ကုန် ပစ္စည်းများ တင်ပို့ရောင်းချနိုင်သည့် အခြားပြည်ပဈေးကွက်များကိုလည်း ရှာဖွေဆောင်ရွက်နေရန် လိုကြောင်း။

 

 

နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီ ကို လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီး စသည့် ကဏ္ဍကြီးသုံးခုဖြင့် တိုင်းတာကြကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နှင့် မွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ဘဏ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ရောင်းဝယ်ခြင်းလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ သကြားစက်၊ ‌ရော်ဘာစက် စသည့် လုပ်ငန်းများလည်းပါဝင်ပြီး ၎င်းတို့အတွက်လိုအပ်သည့်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများ သည်လည်း စက်မှုလုပ်ငန်းတွင် ပါဝင်ကြောင်း။

 

မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းကို အဓိက ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြကြောင်း၊ ထိုအထဲမှ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ရေလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖြင့် နိုင်ငံ၏စီးပွားရေးကို လုပ်ဆောင်နေခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ခေတ်အဆက်ဆက်စီးပွားရေးကို ပြန်ကြည့်မည်ဆိုပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ သာမက မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချခဲ့သည်များလည်း ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သစ်ထုတ်လုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယခု အခါ မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုမှာ ၄၁ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေရေး သစ်ပင်သစ်တောများ ပြန်လည် စိုက်ပျိုးထိန်းသိမ်းခြင်းများကို မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြန်လည် ဖြည့်တင်း၍မရနိုင်သည့် သတ္တုတူးဖော်ခြင်းများ မရှိစေရေးအတွက်လည်း ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း။

 

ခေတ်အဆက်ဆက်တွင် ထုတ်ကုန်ပစ္စည်းများ နည်းပါးခဲ့ခြင်းကြောင့် ပို့ကုန်၊ သွင်းကုန် မညီမျှမှုများ ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုမှအပ ဝင်ငွေ Non-trade များဖြစ်ကြသည့် ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ ပြည်ပရင်းနှီးမြှုပ်နှံငွေများ၊ အခွန်အခများဖြင့် ကုန်သွယ်မှုလိုငွေများကို ဖြေရှင်းခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ကြခြင်းကြောင့် လွန်ခဲ့သည့် ၁၀ စုနှစ်အတွင်း ပြည်ပ ကြွေးမြီများ တိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဒီမိုကရေစီပထမအစိုးရ တာဝန်ယူချိန်တွင် ပြည်ပလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံခန့်၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒီမိုကရေစီ ဒုတိယအစိုးရ တာဝန်ယူချိန်တွင် ပြည်ပလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံခန့်ရှိခဲ့ပြီး စုစုပေါင်း ပြည်ပလိုငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇ ဘီလီယံခန့်ရှိခဲ့ကြောင်း၊ မိမိတို့ အစိုးရတာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပကြွေးမြီများကို ရနိုင်သမျှ ပြန်လည်ပေးဆပ်ခဲ့ပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၉ ဘီလီယံအထိ လျှော့ချ နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပကြွေးမြီများ ပြန်လည်ပေးဆပ်ရာတွင် ပြည်ပမှထောက်ပံ့ငွေများ၊ ချေးငွေများမရရှိခဲ့ကြောင်း၊ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ မိမိတို့နိုင်ငံ၏ ပြည်ပ ကြွေးမြှီမှာ ၈ ဒသမ ၅ ဘီလီယံသာရှိတော့ကြောင်း။

 

 

မိမိတို့အနေဖြင့် နိုင်ငံခြားငွေများရရှိရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင် မဖြစ်မနေ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ မိမိတို့နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုမှာ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၁၆ ဒသမ ၄ သန်း၊ ၂၉ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရှိရကြောင်း၊ အခြေခံသောအချက်အလက်များအပေါ် မူတည်၍ လွဲမှားနိုင်ခြေရှိသော်လည်း အတိုင်းအတာ တစ်ခုအထိ မှန်ကန်မှုရှိနိုင်ကြောင်း။

 

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ကိုအခြေခံသည့် စီးပွားရေးကိုမဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း စိုက်ပျိုးမြေများ လုံလောက်စွာရှိသကဲ့သို့ ရေအရင်းအမြစ်များလည်းပေါကြွယ်ဝစွာရှိကြောင်း၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသည့် မြစ်ကြီးများမှလည်း စိုက်ပျိုးရေများကို လုံလောက်စွာ ရရှိနိုင်သော်လည်း မိမိတို့အနေဖြင့် အပြည့်အဝ အကျိုးရှိစွာအသုံးချနိုင်မှု မရှိခြင်းကြောင့် ၈၀ ရာခိုင်နှုန်းခန့်မှာ ပင်လယ်ထဲသို့စီးဝင်သွားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်ရှိပြီးဖြစ်သည့် မြေသယံဇာတ၊ ရေသယံဇာတများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် စနစ်တကျ အသုံးချဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုး မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ ယခုထက်များစွာတိုးတက်အောင်ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ အဓိကလိုအပ်ချက်မှာ အားလုံးကအမှန်တကယ် အလုပ်လုပ်ကြရန်နှင့် အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး နိုင်ငံတော်အစိုးရက ဖန်တီးဆောင်ရွက်ပေးသွားရန်လို ကြောင်း။

 

ပြည်ပရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ဆောင်ရွက်

မိမိအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်မှစတင်၍ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံ ၉ ခုသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ခဲ့ပြီး ၇ နိုင်ငံတွင် စီးပွားရေးဖိုရမ်များကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ စီးပွားရေးဖိုရမ်များတွင် မိမိတို့နိုင်ငံသို့ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ လာရောက်နိုင်ရေး ဖိတ်ခေါ် ဆောင်ရွက်ခဲ့ပြီး အချို့နိုင်ငံကြီးများအနေဖြင့် မိမိတို့နှင့်လာရောက်ဆွေးနွေး၍ ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၆၈ ခုကို ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၂၃,၁၁၃ ခုကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို ဖန်တီးပေးရန်နှင့် လုပ်ငန်းရှင်များက အရင်းအနှီးများထည့်ဝင်ပြီး အလုပ်အကိုင်နှင့် ထုတ်လုပ်မှုကို ဖော်ဆောင်ပေးရန်လို ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း အဆိုပါစည်းမျဉ်း၊ စည်းကမ်း ဥပဒေများနှင့် ပတ်သက်၍ လေ့လာပြီး လိုအပ်ချက်များကို ပြဋ္ဌာန်းဆောင်ရွက်ပေးသွား ကြရန်လိုကြောင်း။

 

ကုန်ဈေးနှုန်းကြီးမြင့်မှုလျှော့ချနိုင်ရေး

လက်ရှိအချိန်တွင် မိမိတို့ကြုံတွေ့နေရသည်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာပင်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတပါက မည်သည့်နိုင်ငံပင်ဖြစ်စေ ပစ္စည်းရှားပါးပြီး ကုန်ဈေးနှုန်ကြီးမြင့်မှု ပြဿနာဖြစ်ပေါ်သည်ကို ခေတ်အဆက်ဆက်တွင် လေ့လာတွေ့ရှိနိုင်ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များ ကြီးမြင့်ခြင်းကြောင့်လည်း ကုန်ဈေးနှုန်းများကြီးမြင့်နိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှု ရှိမှသာ ကုန်ပစ္စည်းများရရှိနိုင်မည်ဖြစ်ပြီး ကုန်ပစ္စည်းမရှိပါက ရောင်းကုန်များမရရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြို့ပြနေလူဦးရေ ၁၅ သန်းခန့်ရှိပြီး နေ့စဉ်စားသုံးရန်အတွက် ကြက်ဥအလုံးရေ ၁၅ သန်းခန့်လိုအပ်ကြောင်း၊ ဥနှုန်း ၈၀ ရာခိုင်နှုန်းရှိ ဥစားကြက် သန်း ၂၀ ခန့် မွေးမြူရန်၊ ဥနှုန်း ၇၀ ရာခိုင်နှုန်းဆိုပါက ဥစားကြက် ၂၂ သန်းခန့်၊ ဥနှုန်း ၆၀ ရာခိုင်နှုန်းဆိုပါက ဥစားကြက် ၂၅ သန်းခန့် မွေးမြူရန်လိုအပ်ကြောင်း၊  အဆိုပါအချက်ကို ဥပမာယူပြီး ဒေသအလိုက် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေး မွေးမြူရေးလုပ်ငန်းများကိုထိရောက်စွာ ဆောင်ရွက်သွားရန်လိုကြောင်း။

 

အခြားနိုင်ငံများတွင်လည်း ပြည်တွင်းစားရေးကို အထောက်အကူပြုနိုင်မည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြသည်ကို လေ့လာသိရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတစေရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ်များကိုအသုံးပြု၍ တိရစ္ဆာန် အစာများကိုထုတ်လုပ်ပြီး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊  မိမိတို့အနေဖြင့် စားရေးကို အထောက်အကူပြုစေမည့် မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်အောင် ထုတ်လုပ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများလည်း ကျဆင်းလာမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကို အထောက်အကူ ဖြစ်စေမည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ‌သယ်ယူပို့ဆောင် ပေးနိုင်ရေးအတွက် မီးရထားဖြင့် ကုန်ရထားပြေးဆွဲခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအရ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လျက်ရှိခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုများမရှိစေရေး ပြည်ပမှစက်သုံးဆီ တင်သွင်းမှုများနှင့်ပတ်သက်၍ အခွန်ကင်းလွတ်ခွင့်များပေးထားကြောင်း၊ အလားတူ ပြည်တွင်းလိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများတင်သွင်းရာတွင်လည်း အခွန် နှုန်းထားများ လျှော့ချပေးထားကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက် ပေးကြရန်တိုက်တွန်းပြောကြားလိုကြောင်း။

 

ယခုအခါတွင် စူပါအယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်လျက်ရှိပြီး ရာသီဥတုများ ဖောက်ပြန်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် ရာသီဥတု ဖောက်ပြန်မှုသည် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း၊ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားမှုများဖြစ်ပေါ် လျက်ရှိကြောင်း၊ ရိတ်သိမ်းရန်ရှိသည့် စပါးစိုက်ခင်းများကိုလည်း အချိန်မီရိတ်သိမ်းနိုင်ရန်လိုအပ်ကြောင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်ပြီး သီးနှံထွက်ရှိမှုများ ကျဆင်းနိုင်ခြေတို့ကို ထည့်သွင်းစဉ်းစား၍ ပြည်တွင်းပိုလျှံထွက်ကုန်များဖြင့်ဈေးကွက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် သွားကြရန်လိုကြောင်း။

 

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်၊ မြေဆီလွှာ၊ ရေနှင့် စိုက်ပျိုးနည်း စနစ်များ ပြည့်စုံရန်လိုအပ်

မိမိတို့အစိုးရအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအတွက် စိုက်ပျိုးသည့် သီးနှံများ အလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည်အဓိကအားဖြင့် ပြည်ပသို့ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၂ ဒသမ ၈ သန်းကို ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း၊ ထိုသို့တင်ပို့ရာတွင် ဆန်ကွဲများကိုပါတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ပသို့ဆန်များတင်ပို့ရာတွင် အရည်အသွေးကောင်းမွန်သည့်ဆန်များဖြစ်မှသာ ဈေးကွက်ပိုမို ရရှိနိုင်မည် ဖြစ်သဖြင့် စပါးမျိုးကောင်းများကို စိုက်ပျိုးကြရန်လိုကြောင်း။

 

စိုက်ပျိုးရေးလုပ်ငန်းများ၌ အထွက်နှုန်းများတိုးတက်ကောင်းမွန်စေရေး မျိုးကောင်း မျိုးသန့်များရရှိရန်၊ မြေဆီလွှာကောင်းမွန်မှုရှိအောင်ပြုပြင်ထားရှိရန်၊ စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာရရှိရန်နှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှုရှိရန်တို့သည် အဓိကကျသည့်အချက်များဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်းအပြင် သင့်လျော်သည့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အသုံးပြုခြင်း၊ မြေယာ ပြုပြင်ခြင်းနှင့် ရေအရင်းအမြစ်များ စနစ်တကျအသုံးချခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စပါးစိုက်ပျိုးရာတွင်လည်း အပင်အရေအတွက်၊ အနှံအရေအတွက်နှင့် စိုက်ခင်းအတွင်းအပင်များ ညီညာစွာ ရှင်သန်ကြီးထွားမှုတို့အပေါ်မူတည်၍ အထွက်နှုန်းများကွာခြားနိုင်သဖြင့် ကြဲပက်စိုက်ပျိုး ခြင်းထက် စနစ်တကျ စိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

မိမိအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့ သွားရောက်၍ တာဝန်ရှိသူများ၊ ပြည်သူလူထု များနှင့် တွေ့ဆုံစဉ်  တောင်သူလယ်သမားများအနေဖြင့် လုပ်သားအင်အားနှင့် စိုက်ပျိုးစရိတ် အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည့်အတွက် မျိုးစေ့ချကိရိယာ (Seed Feeder) များ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့အပါအဝင် ဒေသအချို့တွင် စက်ကိရိယာအသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် အောင်မြင်မှု ရရှိသည့် လယ်ယာများရှိကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာနှင့် စက်ကိရိယာများကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် တောင်သူများအား အသိပညာပေးခြင်းနှင့် လက်တွေ့အသုံးချနိုင်ရန် ပံ့ပိုးပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

နွေစပါးစိုက်ပျိုးရာတွင်လည်း စိုက်ပျိုးနိုင်သည့် မြေဧရိယာအားလုံးကို ထိရောက်စွာ အသုံးချ စိုက်ပျိုး နိုင်ခြင်း မရှိသေးဘဲ အချို့မြေဧရိယာများတွင် သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိသေးသည့် အခြေအနေများ ရှိနေကြောင်း၊ ယင်းမြေများတွင် ဆီထွက်သီးနှံများ၊ ပဲများစိုက်ပျိုးလျက်ရှိသည်ကိုလည်း စာရင်း ကောက်ယူချက်များအရ သိရှိရပြီး စိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး ရေအရင်းအမြစ် ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် တို့အပြင် ချောင်း၊ မြောင်းနှင့် မြေအောက်ရေအရင်းအမြစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ် အသုံးချနိုင်ပါက စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်တော်များ အနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြန်လည်ရောက်ရှိပါက စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဒေသအလိုက် ရေအရင်းအမြစ် အခြေအနေများနှင့် လိုအပ်ချက်များကို စိစစ်ဖော်ထုတ် တင်ပြကြရန်လိုအပ်ကြောင်း၊ ဒေသအလိုက် အမှန်တကယ်ကြုံတွေ့နေရသည့် အခြေအနေများကို အခြေခံ၍အစိုးရအဖွဲ့ထံတင်ပြနိုင်ရေးနှင့် လိုအပ်သည့် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်း ပြောကြားလိုကြောင်း။

 

မြန်မာ့ပေါ်ဆန်းဆန်၏ အရည်အသွေးနှင့် ဂုဏ်သတင်းကို ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်လို

မြန်မာနိုင်ငံတွင် ပေါ်ဆန်းဆန်သည် ရှေးယခင်ကတည်းက စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အရည်အသွေးမြင့် ဆန်အမျိုးအစားတစ်ခုဖြစ်ပြီး ပုသိမ်ပေါ်ဆန်း၊ ပဲခူးဒေသထွက် ပေါ်ဆန်းနှင့် ရွှေဘို ပေါ်ဆန်းတို့ကဲ့သို့ ဒေသအလိုက် ထင်ရှားသည့် ပေါ်ဆန်း အမျိုးအစားများရှိကြောင်း၊ မြန်မာ့ပေါ်ဆန်း ဆန်သည် ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဆန်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် မှတ်တမ်းကောင်းများရှိခဲ့ပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဂုဏ်သတင်းနှင့် အရည်အသွေးမှေးမှိန်နေခဲ့ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည့်အချိန်တွင် မြန်မာ့ပေါ်ဆန်းဆန်၏ နိုင်ငံတကာဂုဏ်သတင်းကို ပြန်လည်မြှင့်တင်နိုင်ရေးနှင့် မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရေး တွန်းအားပေး၍ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ အောက်တို ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပသည့် ကမ္ဘာ့ဆန်ပြပွဲ၌ မြန်မာ့ပေါ်ဆန်း ဆန်အနေဖြင့် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ဒုတိယအကြိမ်ရရှိနိုင်ခဲ့ကြောင်း၊ ယင်းအောင်မြင်မှုများကို ရေရှည် တည်တံ့စေရန် ဆန်အရည်အသွေးကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ကြောင်း၊ ပေါ်ဆန်း ဆန်သည် အခြားဆန်အမျိုးအစားများထက် ဈေးကွက်တန်ဖိုးမြင့်မားသော်လည်း ဒေသတိုင်းတွင် တစ်ပုံစံတည်း စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိဘဲ မြေအမျိုးအစား၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများအပေါ်မူတည်၍ အရည်အသွေး ကွာခြားမှုများရှိကြောင်း၊ ထို့ကြောင့် သတ်မှတ် ထားသည့် ဒေသနှင့် ကိုက်ညီသည့်မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ အရည်အသွေး မပြည့်မီသည့် ဆန်များကိုပေါ်ဆန်းအမည်ဖြင့် ဈေးကွက်သို့ တင်ပို့ပါက မြန်မာ့ပေါ်ဆန်း ၏ နိုင်ငံတကာဂုဏ်သတင်းနှင့် ယုံကြည်မှုကို ထိခိုက်စေနိုင်သဖြင့် အရည်အသွေးထိန်းချုပ်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ထို့ပြင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်နှင့် ထိုင်းနိုင်ငံ၏ ဂျက်စမင်းဆန်တို့ကဲ့သို့ နိုင်ငံတကာတွင် နာမည်ကျော်ကြားသည့် ဆန်အမျိုးအစားများ များစွာရှိသကဲ့သို့ မြန်မာ့ပေါ်ဆန်းဆန်ကိုလည်း နိုင်ငံတကာဈေးကွက်တွင် ခိုင်မာသည့် အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက် သင့်ကြောင်း၊ တောင်သူများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် ဈေးကွက် အလားအလာကိုသာကြည့်၍ ဈေးကွက်ရရှိသည့် မျိုးတူသီးနှံများကို အစုလိုက်အပြုံလိုက် ပြောင်းလဲစိုက်ပျိုးခြင်းမပြုဘဲ ဒေသနှင့် ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်ရှိသည့်သီးနှံများကိုသာ ဦးစားပေး စိုက်ပျိုးသွားကြရန်နှင့်  စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး၌ ရေရှည်အကျိုး ဖြစ်ထွန်းရေးကို အခြေခံ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့်အညီ စနစ်တကျ အသုံးချရန်လို

မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နှစ်တိုနှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုဇုန်များနှင့် အိမ်ရာစီမံကိန်းများအပါအဝင် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးချနိုင်သည့် အလားအလာများရှိကြောင်း၊ သို့သော်သတ်မှတ်ထားသည့် မြေယာများကို ခွင့်ပြုချက်ရယူပြီးနောက် သတ်မှတ်ကာလအတွင်း အမှန်တကယ် အသုံးချခြင်းမရှိဘဲ အခြားရည်ရွယ်ချက်များဖြင့် ပြောင်းလဲ အသုံးပြုနေသည့် ဖြစ်စဉ်များလည်းရှိကြောင်း၊ ထို့ကြောင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်မှုများကို ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် မြေအသုံးချမှုများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ ယခင်ကခွင့်ပြုပေးထားခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအနက် သတ်မှတ်ချက်များနှင့်အညီ အမှန်တကယ် အသုံးချခြင်း မရှိသည့် မြေယာအချို့ကို ပြန်လည်သိမ်းဆည်းခဲ့ရခြင်းများလည်းရှိကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ မြို့နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မြေယာခွင့်ပြုခြင်း၊ အသုံးချမှုစစ်ဆေးခြင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင် အထည်ဖော်မှု ရှိ၊ မရှိ စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်လို

မိမိတို့နိုင်ငံအနေဖြင့် လောင်စာဆီနှင့် စားသုံးဆီကဏ္ဍတို့တွင် ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုနေရသည့် အခြေအနေများရှိနေဆဲဖြစ်ကြောင်း၊ ထိုသို့ နှစ်စဉ်ပမာဏများစွာ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နှမ်း၊ မြေပဲ၊ နေကြာနှင့် ပဲပုပ်အပါအဝင် ဆီထွက်သီးနှံများကို ဒေသအလိုက် သင့်လျော်သည့် မြေယာနှင့် ရာသီဥတုအခြေအနေများအပေါ် မူတည်၍ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်သင့်ကြောင်း၊ ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့်လည်း မိမိတို့ဒေသအလိုက် စားသုံးဆီ ဖူလုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ စိစစ်ပြီးလိုအပ်သည်များကို ထောက်ပြပြောဆို သွားရန် လိုအပ်ကြောင်း။

 

ရော်ဘာ၊ ကော်ဖီနှင့် ကိုကိုးစိုက်ပျိုးထုတ်လုပ်မှုများ တိုးချဲ့၍ ပြည်ပပို့ကုန်ဝင်ငွေ မြှင့်တင်ရန်လို

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုအတွက် လက်ရှိအသုံးပြုနေသည့် မြေဧရိယာများအပြင် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်သည့် မြေဧရိယာများလည်းရှိနေကြောင်း၊ ဝါစိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း တိုးချဲ့ဆောင်ရွက်နိုင်သည့် အလားအလာများရှိကြောင်း၊ အထူးသဖြင့် မြန်မာ နိုင်ငံတွင် ပေ ၃၀၀၀ အထက် ကုန်းမြင့်ဒေသများ၌ စိုက်ပျိုးထုတ်လုပ်သည့် အာရေဗီကာကော်ဖီသည် အရည်အသွေးကောင်းမွန်ပြီး နိုင်ငံတကာဈေးကွက်တွင် တန်ဖိုးမြင့်မားသည့် ထုတ်ကုန်တစ်ခု ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် သင့်လျော်သည့် ဒေသများ၌ ကော်ဖီစိုက်ပျိုးမှုကို ထပ်မံတိုးချဲ့နိုင်သည့် အလားအလာရှိကြောင်း၊ ယခင်က ပြင်ဦးလွင်နှင့် နောင်ချိုဒေသများ၌ ကော်ဖီ စိုက်ပျိုးရန်မြေနေရာများ ခွင့်ပြုနေရာချထားပေးခဲ့သော်လည်း လက်တွေ့စစ်ဆေးသည့်အချိန်တွင် သတ်မှတ်ထားသည့် ရည်ရွယ်ချက်အတိုင်း ကော်ဖီစိုက်ပျိုးခြင်းမရှိဘဲ အခြားလုပ်ငန်းများအတွက် အသုံးပြုနေသည့် အခြေအနေများကိုတွေ့ရှိခဲ့ရကြောင်း၊ အချို့နေရာများတွင် လူနေအိမ်များ၊ မွေးမြူရေးခြံများနှင့် အပန်းဖြေစခန်းများ တည်ဆောက်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ခွင့်ပြုထားသည့်မြေယာများကို ရည်ရွယ်ချက်အတိုင်း အမှန်တကယ် အသုံးချမှုရှိ၊ မရှိ စစ်ဆေး ကြပ်မတ်ရန် လိုအပ်ကြောင်း၊ ထို့ပြင်မိမိတို့နိုင်ငံ၌ ကိုကိုးစိုက်ပျိုးထုတ်လုပ်မှုကိုလည်း အလားအလာ ရှိသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ကြောင်း၊ ကိုကိုးသည် ချောကလက် ထုတ်လုပ် ရာတွင် အဓိကအသုံးပြုသည့် ကုန်ကြမ်းဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် တန်ဖိုးမြင့်မားသည့် ထုတ်ကုန်ဖြစ်ကြောင်း၊ ရော်ဘာ၊ ဆီအုန်း၊ ဒူးရင်းနှင့် အခြားနှစ်ရှည်ပင် စိုက်ခင်းများအတွင်း သင့်လျော်သည့် နေရာများ၌ ကြားညှပ်စိုက်ပျိုးနိုင်သည့် အလားအလာများရှိသဖြင့် သက်ဆိုင်ရာ ဒေသများအနေဖြင့် ကိုကိုးစိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသင့်ကြောင်း။

 

MSME လုပ်ငန်းများကို ဒေသထွက်ကုန်ကြမ်းအခြေခံ၍ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ထုတ်လုပ်မှု မြှင့်တင်ရန်လို

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ ယင်းလုပ်ငန်းများသည် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ဒေသတွင်း စီးပွားရေးလည်ပတ်မှု အားကောင်းစေရေးတို့အတွက် အထောက်အကူပြုနိုင်ကြောင်း၊ သက်ဆိုင်ရာ ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ၄၅ ကြိမ် သွားရောက်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းဆွေးနွေးကူညီဆောင်ရွက်ခဲ့ကြောင်း၊ ဒေသ အလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ ချည်ထည်လုပ်ငန်း၊ အသုံးအဆောင်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများကို ဖော်ဆောင်နိုင်ကြောင်း၊ ဥပမာအားဖြင့် ပြည်တွင်း၌မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်အရေအတွက် များပြားလာသည့်အတွက် လိုအပ် နေသည့် တာယာနှင့် ကျွတ်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရော်ဘာစိုက်ပျိုးသည့် ဒေသများတွင် ရော်ဘာကုန်ကြမ်းကို အခြေခံသည့် စက်မှုလုပ်ငန်းများ တည်ထောင်နိုင်ရေး တိုက်တွန်းဆောင်ရွက်သင့်ကြောင်း၊ ထို့အတူ ဝါစိုက်ပျိုးသည့် ဒေသများတွင် ဝါကုန်ကြမ်းကိုအခြေခံသည့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ကရင်ပြည်နယ်တွင် ဖိနပ်စက်ရုံတည်ထောင်၍ ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် တာယာနှင့်ကျွတ်များ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေခြင်းတို့သည် ကြိုဆိုအားပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ တာဝန်ရှိသူများက အားပေးတိုက်တွန်း သွားရန် လိုအပ်ကြောင်း။

 

လမ်းပန်းဆက်သွယ်ရေးနှင့် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ရန်လို

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည်လည်းအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ မော်တော်ယာဉ်များမည်မျှ ကောင်းမွန်နေသည်ဖြစ်စေ လမ်းများ ကောင်းမွန်မှုမရှိပါက အရှိန်လျှော့မောင်းနှင်နေရမည်ဖြစ်သကဲ့သို့ ရထားလမ်းများ မကောင်းပါကလည်း သတ်မှတ်အရှိန်အတိုင်း မောင်းနှင်၍ရနိုင်မည်မဟုတ်ကြောင်း၊ ရထားလမ်းများနှင့် အခြေခံ အဆောက်အအုံများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အဆင့်မြှင့်တင်ရန်လိုပြီး ရထားလမ်း များတွင် ကျောက်များဖြည့်တင်းခြင်း၊ ဇလီဖားတုံးများ စနစ်တကျတပ်ဆင်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့သည် ရထားပြေးဆွဲမှုဘေးကင်းလုံခြုံရေးနှင့် အမြန်နှုန်း မြှင့်တင်နိုင်ရေးတို့အတွက် အရေးကြီးကြောင်း။

ရန်ကုန်-မန္တလေး ရထားလမ်းအပါအဝင် ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် နှင့် မော်လမြိုင်-ရေး ရထားလမ်းများကို အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားလမ်းတစ်လျှောက်ရှိ တံတားများ၏ ခံနိုင်ရည်စွမ်းအားကိုလည်း မြှင့်တင်ရန် လိုအပ်ကြောင်း၊ ရထားများကို တစ်နာရီလျှင် ကီလိုမီတာ ၇၀ မှ ၈၀ ခန့်အထိ အမြန်နှုန်းဖြင့် ပြေးဆွဲ နိုင်ရေးအတွက် တံတားများသည် သတ်မှတ်ထားသည့် ဖိအားနှင့်တုန်ခါမှုဒဏ်ကို ခံနိုင်ရည်ရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ရှိတံတားများကို စစ်ဆေးပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း တို့ကိုဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရထားနှစ်စင်း တစ်လမ်းတည်းတွင် အပြန်အလှန်ဖြတ်သန်းရာ၌ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်ရေးအတွက် နှစ်လမ်းသွားရထားလမ်း ဒွေးလမ်းများ ဖော်ဆောင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်အသုံးပြု နိုင်ရေးအတွက် ရေး-ထားဝယ် ပင်လယ်ကမ်းရိုးတန်းအတိုင်း ရထား လမ်းသစ် ဖောက်လုပ်နိုင်ရေး ကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်း အကောင်အထည်ဖော်နိုင်မည်ဆိုပါက ထားဝယ်ဒေသနှင့် ဆက်စပ်ဒေသများအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုတိုးတက် ကောင်းမွန် လာမည် ဖြစ်သကဲ့သို့ ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ် ကြောင်း။

 

မြန်မာ့မီးရထားကဏ္ဍတွင် ပြည်တွင်း၌ ရထားတွဲများ ထုတ်လုပ်နိုင်ရေးနှင့် ကျွမ်းကျင်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေး ဆောင်ရွက်ရန်လို

မြန်မာ့မီးရထားလုပ်ငန်းသည် နှစ်ပေါင်း ၁၅၀ နီးပါး သက်တမ်းရှိလာပြီဖြစ်သော်လည်း ရထား ပို့ဆောင်ရေးဆိုင်ရာ အရည်အသွေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့၌ လိုအပ်ချက်များရှိနေဆဲ ဖြစ်ကြောင်း၊ ယခင်ကပြည်ပနိုင်ငံများမှ ရထားတွဲများ ဝယ်ယူတင်သွင်းအသုံးပြုခဲ့ရသော်လည်း ပြည်တွင်း၌ ရထားတွဲတည်ဆောက်ထုတ်လုပ်နိုင်သည့် စက်ရုံနှင့် အခြေခံစွမ်းဆောင်ရည်များရှိနေ သဖြင့် ပြည်တွင်းအင်ဂျင်နီယာများ၏ နည်းပညာစွမ်းရည်ကို အသုံးချ၍ရထားတွဲများကို ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ နည်းပညာစွမ်းရည် တိုးတက်လာစေရုံသာမက နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းကို မြန်မာ့မီးရထား ပို့ဆောင်ရေးသိပ္ပံ (Government Railway Institute) အဖြစ် အဆင့်မြှင့်တင်၍ သုံးနှစ်သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသင်တန်းမှတစ်ဆင့် ရထားလမ်းဆိုင်ရာ နည်းပညာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် အုပ်ချုပ်မှုဆိုင်ရာ ပညာရပ်များတွင် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း၊ မြန်မာ့ မီးရထားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များနှင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ် ပေးခြင်းအပြင် သုတေသနလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရထားလမ်း၊ ရထားတွဲ၊ စက်ခေါင်းနှင့် ပို့ဆောင်ရေးစနစ်များဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ရထားသုတေသနဌာနတစ်ခု ဖွင့်လှစ်ရန်စီစဉ်ထားပြီး ယင်းဌာနမှတစ်ဆင့် ရထားပို့ဆောင်ရေးဆိုင်ရာ နည်းပညာနှင့် လုပ်ငန်းစဉ်များကို လေ့လာသုတေသနပြု၍ လိုအပ်သည့် တိုးတက်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ထားကြောင်း။

 

လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားကဏ္ဍသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး လက်ရှိတွင်လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ရေအားလျှပ်စစ်ထုတ်လုပ်မှု၊ လေအား လျှပ်စစ်ထုတ်လုပ်မှု၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို နေရာဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့အစိုးရ တာဝန် ထမ်းဆောင်ချိန် ၅ နှစ်အတွင်း မဂ္ဂါဝပ် ၅၀၀၀ ကျော်အထိတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံနိုင်သည့် ပြည်တွင်းလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ် ပါကြောင်း၊ ထို့အပြင် မြန်မာ့ကမ်းလွန်ဒေသလုပ်ကွက်များရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့ များ ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့၌ 5G ဆက်သွယ်ရေး စနစ်ကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ယင်းအောင်မြင်မှုအပေါ် အခြေခံ၍ နိုင်ငံတစ်ဝန်း 5G စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

 

 

အခွန်အခများအပြည့်အဝရရှိရေး

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းတာဝန်များ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အခွန်အခများအပြည့်အဝရရှိရေးသည် အရေးကြီးကြောင်း၊ နိုင်ငံ့ ဝင်ငွေ၏ အဓိကရင်းမြစ်တစ်ခုဖြစ်သည့် အခွန်ငွေကောက်ခံရရှိမှုနှင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) အချိုးမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ရန် ရည်မှန်းထားကြောင်း၊ အခွန်နှုန်းထား(Tax Rate) တိုးမြှင့်ခြင်းထက် အခွန်ကောက်ခံမှုနယ်ပယ် (Tax Space) များ ကျယ်ပြန့် လာစေရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံမှုနယ်ပယ် ကျယ်ပြန့် လာခြင်းဖြင့် နိုင်ငံတော်ဝင်ငွေ တိုးတက်လာမည်ဖြစ်သကဲ့သို့ ဝန်ထမ်းလစာနှင့် အခြား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း အထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း။

 

 

ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုတိုးမြှင့်ရန်လိုအပ်သကဲ့သို့ တရားမဝင် ကုန်သွယ်မှုများကိုလည်း တိုက်ဖျက်ရန်လို

နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိရေးအတွက် ပြည်တွင်းထုတ်လုပ်မှုများ တိုးမြှင့်ရန်နှင့် ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်လိုအပ်ကြောင်း၊ ကုန်သွယ်မှုတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပုံမှန်ကုန်သွယ်ရေး ဟူ၍နှစ်မျိုးရှိပြီး တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ကုန်စည် စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးနှင့် စနစ်တကျကုန်သွယ်နိုင်ရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် နယ်စပ်ဒေသအချို့၌ တရားဝင်ကုန်သွယ်ရေးလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် အခြေအနေများရှိနေပြီး တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏အခွန်ရငွေကို ထိခိုက်နိုင်သည့်အပြင် တရားမဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ငွေကြေးအထောက်အပံ့များရရှိနိုင်သည့် အခြေအနေများလည်း ရှိနေကြောင်း၊ ထို့ကြောင့် တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းများကိုသာ အသုံးပြုစေရေးနှင့် တရားမဝင် ကုန်သွယ်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ဒေသများတွင် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် အားပေး တိုက်တွန်းကြရန် လိုအပ်ကြောင်း။

 

ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်

ကျန်းမာရေးကဏ္ဍတွင် “ဆေးရုံရှိပါက ဆရာဝန်ရှိရမည်” ဟူသည့် မူဝါဒဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲကာလတွင် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်မှ ထွက်ခွာမှုများကြောင့် ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ရာ၌ အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရေး ဖိတ်ခေါ်ခဲ့ရာ အချို့ပြန်လည်ဝင်ရောက်လာခဲ့သော်လည်း လိုအပ်ချက်များ ဆက်လက်ရှိနေခဲ့ကြောင်း၊ ထိုကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ကျန်းမာရေး ဝန်ထမ်းအင်အား လိုအပ်မှုတို့ကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး တပ်မတော်မှ ဆရာဝန်၊ သူနာပြုများနှင့် အငြိမ်းစားကျန်းမာရေးဝန်ထမ်းများကို ပြန်လည်ခေါ်ယူကာ ဒေသအသီးသီးသို့ ဖြန့်ခွဲတာဝန်ပေးအပ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့ကြောင်း၊ ဆရာဝန်များ ခန့်ထား နိုင်ရေးတွင်လည်း ဆေးတက္ကသိုလ်များမှ ဘွဲ့ရရှိသည့် ဆရာဝန်အင်အားကို ဖြည့်တင်း ဆောင်ရွက် လျက်ရှိပြီး အထူးကုဆရာဝန်များ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အထူးကုဆရာဝန် မလုံလောက်သေးသည့် ဒေသများ၌ အထွေထွေရောဂါကု ဆရာဝန်များကို ခန့်အပ်ထားပြီး ဆေးရုံများတွင် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သူနာပြုအင်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် သူနာပြုသင်တန်းကျောင်းများ၏ အရည်အသွေးနှင့် သင်တန်းအဆင့်အတန်းများ မြှင့်တင်ပေးခြင်း၊ သူနာပြုများကိုလိုအပ်သည့် ဒေသများသို့ ဖြန့်ခွဲတာဝန်ပေးအပ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်ကျန်းမာရေးဝန်ထမ်းများ အချိန်မရွေးရေရှည်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အိမ်ရာနှင့်လိုအပ်သော အထောက်အပံ့များ ဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက်လည်း လိုအပ်သည့်နေအိမ်အဆောက်အအုံများ ပြည့်စုံမှုရှိအောင် ဖြည့်ဆည်းပေးရန်လိုကြောင်း။

 

ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး

ပညာရေးကဏ္ဍနှင့် ပတ်သက်၍လည်း အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ကြားခွင့်ရရှိရေးနှင့် ဆရာ၊ ဆရာမအင်အား လုံလောက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအနက် ဖွင့်လှစ်နိုင်သည့် ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး ပုံမှန်တက်ရောက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံရေးအပြောင်းအလဲကာလအတွင်း မူလတန်းပြမှ တက္ကသိုလ်ပါမောက္ခအဆင့်အထိ အင်အားတစ်သိန်းနှစ်သောင်းကျော် DCS လှုပ်ရှားမှု တွင် ပါဝင်ခဲ့ကြသဖြင့် ဆရာအင်အားနှင့် ကျောင်းသားအချိုးအပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း၊ သင်ကြားရေးဝန်ထမ်း လိုအပ်ချက်များနှင့် သင်ကြားရေးအခြေခံ အဆောက်အအုံနှင့် မြေနေရာ အခက်အခဲများနှင့်ပတ်သက်၍လည်း နိုင်ငံတော်မှလိုအပ်သည်များကိုကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထို့ပြင်ပညာရေးကောလိပ်များ၏ အဆင့်အတန်းမြှင့်တင်ရေး၊ ဆရာအတတ်ပညာ သင်ကြားမှု အရည်အသွေးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

 

လူငယ်များ၏ စည်းကမ်းနှင့် နိုင်ငံသားကောင်းစိတ်ဓာတ်ဖွံ့ဖြိုးရေး

ပညာရေးသည် စာပေသင်ကြားပေးရုံသာမက လူငယ်များ၏ စည်းကမ်း၊ အကျင့်စာရိတ္တနှင့် နိုင်ငံ သားကောင်း စိတ်ဓာတ်များ ဖွံ့ဖြိုးလာစေရေးအတွက်လည်း အရေးကြီးကြောင်း၊ ကျောင်းသား ကျောင်းသူများအား အချိန်မှန်ကျောင်းတက်ခြင်း၊ စာသင်ခန်းအတွင်း စည်းကမ်းတကျနေထိုင်ခြင်း၊ ဆရာ၊ ဆရာမများကို ရိုသေလေးစားခြင်း၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းကို လေးစား တန်ဖိုးထားခြင်း စသည့်အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရန် လိုအပ် ကြောင်း၊ လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် စည်းကမ်းလိုက်နာမှုတို့ကို မြှင့်တင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် ပညာရေးစနစ်မှတစ်ဆင့်လူငယ်များ၏ အတွေးအခေါ်နှင့် အပြုအမူများ တိုးတက်ကောင်းမွန်လာစေရေးကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

 

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအဆောက်အအုံများ ဖြည့်ဆည်း

ပညာရေးကဏ္ဍနှင့်ဆက်စပ်၍ တစ်ဆက်တည်းတွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်နှင့် အခြားအားကစားဆိုင်ရာ အခြေခံအဆောက်အအုံများ လိုအပ်လျက်ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အားကစားကွင်းများ၊ ဘောလုံးကွင်း များနှင့် ရေကူးကန်များ တည်ဆောက်ပေးလျက်ရှိပြီး အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများ ပြည့်စုံမှုမရှိသေးသည့် ဒေသများတွင်လည်း အဆင့်လိုက်ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် အားကစားကွင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရေရှည်တည်တံ့မှု ရှိစေရေး စနစ်တကျဖြင့် အစဉ်အဆက်ထိန်းသိမ်းကြရန်နှင့် အားကစားပြုလုပ်ရန်အတွက် သင့်လျော်သည့် ပတ်ဝန်းကျင် ဖြစ်စေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားကစား သမားများ လေ့ကျင့်ရေးအတွက် အားကစားနည်းအလိုက် လေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်း များကိုလည်း ဖြည့်ဆည်းပေးသွားရန်လိုကြောင်း။

 

 

ထို့အပြင် အားကစားသမားများ၏ စွမ်းရည်တိုးတက်ရေးအတွက် နည်းစနစ်ပိုင်း ဆိုင်ရာနည်းပြများနှင့် ကြံ့ခိုင်ရေးနည်းပြများလိုအပ်ပြီး အားကစားအမျိုးအစားအလိုက် လေ့ကျင့်မှုနည်းစနစ်များ မတူညီ သည့်အတွက် ကျွမ်းကျင်သည့် နည်းပြများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ အားကစားပြိုင်ပွဲများတွင် ပရိသတ်များ ပါဝင်အားပေးမှုသည်လည်း အားကစားသမားများ၏ စိတ်ဓာတ် နှင့် ကြိုးစားအားထုတ်မှုကို အထောက်အကူဖြစ်စေသည့်အတွက် စည်းကမ်းတကျ လာရောက်အားပေးသည့် အားကစားပရိသတ်များ ပိုမိုများပြားလာစေရေး ဆောင်ရွက်ပေးသွားရန်လည်းလိုအပ်ကြောင်း။

 

အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ ပြန်လည်မြှင့်တင်

အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမြို့များရှိ အနုပညာဆိုင်ရာအဆောက်အအုံများနှင့် ဇာတ်ရုံများကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖျော်ဖြေတင်ဆက်နိုင်မည့်နေရာများ လိုအပ်နေသည့်အတွက် ဇာတ်ရုံများနှင့်သင့်လျော်သည့် အဆောက်အအုံများ ပြည့်စုံစေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး

မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာ ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို နိုင်ငံရေး ရည်မှန်းချက်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်ဆိုသည်မှာ ပြည်သူများ၏ ကိုယ်စားလှယ်များက ဒေသအလိုက် လိုအပ်ချက်များနှင့် သဘောထားအမြင်များကို တင်ပြဆွေးနွေး နိုင်သည့် တရားဝင်နိုင်ငံရေးစင်မြင့် တစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများ အနေဖြင့်လည်း လွှတ်တော်အတွင်း ကိုယ်စားပြုပါဝင်ခွင့်ရရှိစေရန် PR စနစ်ကို မိမိတို့တာဝန်ယူသည့် ကာလအတွင်း ထည့်သွင်းကျင့်သုံးစေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ဒေသ၏အခြေအနေများကို မှန်မှန်ကန်ကန်သိရှိပြီး လိုအပ်သည်များကို တင်ပြ တောင်းဆိုနိုင်ကြရန်လိုကြောင်း။

တင်ပြဆွေးနွေးမှုများနှင့်ပတ်သက်၍ ဒီမိုကရေစီစနစ်တွင် သဘောထားအမြင် ကွဲပြားမှုများရှိနိုင်မည် ဖြစ်သော်လည်း ယင်းတို့ကိုအပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဖြေရှင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူများစု၏ဆန္ဒကို လေးစားလိုက်နာသကဲ့သို့ လူနည်းစု၏ သဘောထား ဆန္ဒကိုလည်း အလေးထားရန်လိုအပ်မည် ဖြစ်ကြောင်း။

 

ထာဝရငြိမ်းချမ်းရေးရရှိရေး ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်မည်

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လာမည့်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၈ ခုနှစ် ပြည်ထောင်စုနေ့ ဝန်းကျင်ကာလအတွင်း ငြိမ်းချမ်းရေး ညီလာခံတစ်ရပ်ကိုကျင်းပနိုင်ရေး စီစဉ်ထားရှိပြီး ယင်းလုပ်ငန်းစဉ်အတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ၌ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယင်းသဘောတူညီချက်များ ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးမှုပေါင်းအကြိမ်ရေ ၅၀၀၀ ကျော်ခန့်ကို  ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအကြိမ်ရေပေါင်း ၁၆၀ ကိုဆောင်ရွက်ခဲ့ပြီး အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် ပဏာမသဘောတူညီချက် ၄၃ ချက်ရရှိခဲ့ကာ ယင်းအချက်များကိုလည်း လွှတ်တော်တွင် ဆွေးနွေးနိုင်ရေးတင်ပြထားကြောင်း။

 

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ဖြစ်ပွား လာခဲ့သည့် ပြဿနာများဖြစ်ပြီး ယင်းပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သေဆုံးထိခိုက်မှုများနှင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံ၊ လမ်းတံတား၊ ဆက်သွယ်ရေးကွန်ရက်နှင့် ရထားလမ်းများ အပါအဝင် အခြေခံအဆောက်အအုံများစွာ ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ သက်ဆိုင်ရာ ဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ စာရင်းပြုစု တင်ပြချက်အရ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁,၃၉၈ ဒသမ ၂၅၁ ဘီလီယံရှိကြောင်း၊ အဆိုပါပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေများစွာ လိုအပ်မည်ဖြစ်ပြီး အချို့ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း၊ ပျက်စီးခဲ့သည့် အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း PDF အမည်ခံအကြမ်းဖက်သမားများနှင့်အချို့ EAO အဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် ပြည်သူပိုင်အဆောက်အအုံများနှင့် ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် လက်ရှိပဋိပက္ခများနှင့် ပတ်သက်၍ အချို့လက်နက်ကိုင် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို သေချာစွာသုံးသပ်ရှုမြင်နိုင်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှုမရှိစေရေးကို အလေးထားရန်လိုအပ်ကြောင်း။

 

ဖက်ဒရယ်စနစ်တွင် ပေါင်းစည်းနေထိုင်ရေးနှင့် အာဏာခွဲဝေကျင့်သုံးရေး အရေးကြီးပြီး လူမျိုး အခြေခံထက် ဒေသအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဦးစားပေးရန်လို

ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အခြေခံအားဖြင့် ပေါင်းစည်းနေထိုင်ခြင်းနှင့် အာဏာခွဲဝေ သုံးစွဲခြင်းဟူသည့် အချက်နှစ်ချက်ပါဝင်ကြောင်း၊ ပြည်ထောင်စုအတွင်း အတူတကွ ပေါင်းစည်း နေထိုင်ကြပြီး ဗဟိုအစိုးရမှ ဒေသအဆင့်အထိ အာဏာများကိုခွဲဝေကျင့်သုံးခြင်းသည် ဖက်ဒရယ် စနစ်၏ မရှိမဖြစ်လိုအပ်သည့် အခြေခံသဘောတရားဖြစ်ကြောင်း၊ အိန္ဒိယ၊ မလေးရှား၊ အမေရိကန်၊ ဩစတြေးလျ ၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့အပါအဝင် ကမ္ဘာပေါ်၌ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံများအများအပြားရှိကြကြောင်း၊ ယင်းနိုင်ငံများတွင်လည်း ၎င်းတို့၏ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိကြကြောင်း၊ ဖက်ဒရယ်စနစ်တွင် ဒေသကို အခြေခံသည့် ပုံစံနှင့် လူမျိုးကိုအခြေခံသည့်ပုံစံဟူ၍ ခွဲခြားစဉ်းစားနိုင်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ဖက်ဒရယ် ပြည်နယ်များကို ဖွဲ့စည်းရာ၌ ဒေသအခြေခံသည့်ပုံစံကို အများအားဖြင့် ကျင့်သုံးကြပြီး လူမျိုးတစ်မျိုး တည်းကို အခြေခံ၍ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ထက် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဦးစားပေး ဖော်ဆောင် သွားမည်ဖြစ်ကြောင်း။

 

ဥပမာအားဖြင့် ကချင်ပြည်နယ်တွင် ကချင်၊ ရှမ်းနှင့် ဗမာတိုင်းရင်းသားများ အတူတကွ နေထိုင်ကြပြီး ရှမ်းနှင့် ဗမာလူဦးရေ ပေါင်းစပ်မှုမှာ ကချင်လူဦးရေထက် ပိုမိုများပြားကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း ရှမ်း ၊ ဝ ၊ ပလောင် ၊ ဓနု ၊ အင်းသားနှင့် ပအိုဝ်းအပါအဝင် တိုင်းရင်းသားလူမျိုးများစွာ အတူတကွ နေထိုင်ကြကြောင်း၊ အလားတူ ကရင်ပြည်နယ်တွင် ကရင်၊ မွန်နှင့် ဗမာတိုင်းရင်းသားများ၊ မွန်ပြည်နယ်တွင် မွန်၊ ကရင်နှင့် ဗမာတိုင်းရင်းသားများ စသည်ဖြင့် အတူတကွနေထိုင်ကြသည့်အတွက် ပြည်နယ်တစ်ခုအတွင်း လူမျိုးပေါင်းစုံအတူတကွနေထိုင်လျက်ရှိသည့် အခြေအနေများကို ထည့်သွင်း စဉ်းစားရန်လိုအပ်မည်ဖြစ်ကြောင်း။

 

သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ခဲ့

သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့် ၂၀၂၅ ခုနှစ် မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းသဘာဝ ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ အသုံးပြုခဲ့ရပြီး အာဆီယံအဖွဲ့ထံမှ အကူအညီ ရရှိမှုမှာ လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက နည်းပါးခဲ့ကြောင်း၊ ထို့ပြင်ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့ထံမှလည်း ချေးငွေ သို့မဟုတ် အကူအညီများရရှိခဲ့ခြင်းမရှိကြောင်း၊ သဘာဝဘေး အန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရာတွင် နိုင်ငံတော် ဘဏ္ဍာငွေများဖြင့်သာ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 

အာဆီယံနှင့်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဆောင်ရွက်

အာဆီယံနှင့် ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မကြာသေးမီက ပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ထုတ်ပြန်ချက်များအပေါ် မိမိတို့အနေဖြင့် သဘောထားကွဲလွဲမှုများ ရှိကြောင်း၊ အချို့သောဆုံးဖြတ်ချက်များနှင့် ထုတ်ပြန်ချက်များ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ ဆန္ဒသဘောထားကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ အချို့သောနိုင်ငံများ၏ သဘောထားများအပေါ် မူတည်ဆောင်ရွက်ခဲ့သည့် အခြေအနေဖြစ်သည်ဟု သုံးသပ်ရကြောင်း၊ ထို့ကြောင့် အာဆီယံနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ဆက်ဆံရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သွားရန် အစိုးရအနေဖြင့် ဆုံးဖြတ်ထားကြောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံအကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေရေးအတွက် မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊ အချုပ်အခြာအာဏာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သဘောထား များကို ထည့်သွင်းစဉ်းစားကာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

 

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့စဉ် ယင်းနိုင်ငံများမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေရန်လိုလားသည်ကို သိရှိခဲ့ရကြောင်း၊ အာဆီယံအဖွဲ့အတွင်း ဆုံးဖြတ်ချက်များချမှတ်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီမှု(Consensus)ကို အခြေခံ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ကန့်ကွက်ပါက သဘောတူညီမှု မရရှိသေးဟု သတ်မှတ်ပြီး မြန်မာနိုင်ငံအပေါ် ကန့်သတ်မှုများ ဆောင်ရွက်လာသည့် အခြေအနေများ ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီ ၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့စဉ် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ အစည်းအဝေးအတွင်း တိုက်ရိုက်ဖြေရှင်းဆွေးနွေးခြင်းမရှိဘဲ နောက်ပိုင်းတွင် ဥက္ကဋ္ဌ၏ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့သည့်အပေါ် မိမိတို့အနေဖြင့် လက်ခံမှု မရှိသည်ကို ပြောကြားခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် လာအိုနိုင်ငံကလည်း အာဆီယံအဖွဲ့ စတင်တည်ထောင်ချိန်မှစ၍ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားပြုပါဝင်မှုကို ကန့်သတ်ခဲ့သည့် အစဉ်အလာမရှိခဲ့သည်ကို ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာအခြေအနေနှင့် အာဆီယံအဖွဲ့၏ လုပ်ငန်းစဉ်များကို သေချာစွာ သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များတွင် အခြေအနေအလိုက် သင့်လျော်သည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် လိုအပ်ကြောင်း။

 

 

နိုင်ငံတကာနိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးတိုးမြှင့်မည်

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို အခြေခံကာ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံသွားရန် အစိုးရအနေဖြင့် ဆုံးဖြတ်ထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ အပြန်အလှန် ဆက်စပ်လျက်ရှိ

အချုပ်အားဖြင့်ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မည် ဖြစ်သကဲ့သို့ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ဒေသအသီးသီးတွင် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများသည် အပြန်အလှန်ဆက်စပ်လျက်ရှိပြီး ကဏ္ဍတစ်ခု ဖွံ့ဖြိုးတိုးတက် လာခြင်းသည် အခြားကဏ္ဍများ၏ တိုးတက်မှုကိုလည်း အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များရရှိမှသာ နိုင်ငံ၏ ကုန်ထုတ် စွမ်းအားနှင့် လုပ်သားစွမ်းရည်များကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပြည်သူများအနေဖြင့် နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား လိုကြောင်း။

 

မိမိတို့အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မဲပေးရွေးချယ်မှုကြောင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပြီး အစိုးရအနေဖြင့်လည်း နိုင်ငံတော်ကောင်း ကျိုးအတွက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန် ဆုံးဖြတ်ထား ပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ဖြတ်သန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းဘဝအတွေ့ အကြုံများ၊ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံ၍ နိုင်ငံတော်အကျိုးအတွက် လိုအပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အာဏာတည်တံ့ရေးအတွက်မဟုတ်ဘဲ နိုင်ငံတော်၏အကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့၏လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ကာ နိုင်ငံတော်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ပြီး နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမမှပြန်လည် ထွက်ခွာသည်။

 

အစည်းအဝေးအပြီးတွင် တတိယအကြိမ် လွှတ်တော်များ၏ တတိယပုံမှန် အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်ခြင်း ဂုဏ်ပြုနေ့လယ်စာစားပွဲကို လွှတ်တော်အဆောက်အအုံ ထမင်းစား ခန်းမဆောင်ကြီး၌ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် အစည်း အဝေးသို့ တက်ရောက်လာကြသူများသည် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

 

 

ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့တို့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။ ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတက အခမ်းအနား တက်ရောက်ကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)