နေပြည်တော် နိုဝင်ဘာ ၁၅
အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။
အဆိုပါဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ဒုတိယဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အနိုင်ရရှိ
ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသမီးအုပ်စုပတ်လည် ပွဲစဉ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ အမျိုးသားအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ - တစ်ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ - တစ်ပွဲဖြင့်လည်းကောင်း၊ အားကစားရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အားကစားရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ - တစ်ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်တွင် ပြိုင်ပွဲများ တစ်ရက်နားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီမှစတင်၍ “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ” အမျိုးသမီးအကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားရေးရာဝန်ကြီးဌာနအသင်း၊ အမျိုးသားအကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို“အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


