နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ကောင်စီဝင် ဦးထွန်းထွန်း၊ ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌတို့သည် တောင်ညိုကျေးရွာ အုပ်စု မရမ်းခုံကျေးရွာ ကွင်းအမှတ်(၁၈၉၃) တောင်သူ ဦးမြင့်သိန်း၏ လယ်မြေ တစ်ဧက တွင် ဗျော့ထွန်းစပါးမျိုး စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးရာ ပျမ်းမျှအထွက်နှုန်း ၁၀၄ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် တောင်ညိုကျေးရွာအနီး သဲဖြူရိုးတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက ဒေသခံ ပြည်သူများ အပူရှောင်ရန်အတွက် အပူရှောင် စခန်းများ ဖွင့်လှစ်ထားရှိသည့် မရမ်းခုံကျေးရွာရှိ သာသနာ့ဝေပုလ္လ ဘုန်းတော်ကြီးကျောင်းနှင့် ကျွဲရှင်းကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


