ဖလမ်း နိုဝင်ဘာ ၁၂
ချင်းပြည်နယ် ဖလမ်းမြို့ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသည် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ရပ်နားထားခဲ့ရာမှ ယခုအခါ ရုံးလုပ်ငန်းများ ပုံမှန် လည်ပတ်နေသည့်အပြင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှစ၍ ဒေသခံပြည်သူများအား တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်း၌ သင်တန်းဖွင့်လှစ်သင်ကြားနေမှု၊ ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ ဖလမ်းခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု၊ မိုးလေဝသနှင့် ရာသီဥတုတိုင်းတာရေး စက်ကိရိယာများ တပ်ဆင်ထားရှိမှုတို့ကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုသည်။
ဆက်လက်၍ ဖလမ်းမြို့နယ် ပညာရေးမှူးရုံး ဆိုလာတပ်ဆင်ပြီးစီး၍ ဝန်ထမ်းများ ရုံးလုပ်ငန်း ပုံမှန်လည်ပတ်နေမှု၊ ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှုအခြေအနေနှင့် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွား သည့် စာသင်ဆောင်ပြုပြင်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများ အနေဖြင့် အတန်းပညာကို ကြိုးစားသင်ယူကြရမည့်အပြင် အသိပညာများ တိုးပွားအောင် လေ့လာသင်ယူ ကြရမည်ဖြစ်ကြောင်း၊ ငယ်ရွယ်စဉ်အချိန်မှစ၍ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးအောင် ကြိုးစားကြ စေလိုကြောင်း ပြောကြားပြီး ဆရာ ဆရာမများအား ချီးမြှင့်ငွေမျာ ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း အိမ်ရာနှင့်အမှုဆောင်အရာရှိ အိမ်ရာ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


