Smart City နည်းပညာဖြင့် မြို့ပြစွမ်းအင်ချွေတာ စီမံခန့်ခွဲခြင်း

ဝေဖြိုးအောင်

၂၁ ရာစုတွင် ကမ္ဘာ့မြို့ပြဖြစ်ထွန်းမှု လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ မြို့ပြများ၏ စွမ်းအင် လိုအပ်ချက်မှာလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်ကျော်သည် မြို့ပြများတွင် တည်ရှိနေပြီး လာမည့်ဆယ်စုနှစ်များအတွင်း ဤရာခိုင်နှုန်းသည် ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန်ရှိနေသည်။

ကမ္ဘာ့စွမ်းအင် စုစုပေါင်းသုံးစွဲမှု၏ ၇၅ ရာခိုင်နှုန်းကျော်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု၏ ၇၀ ရာခိုင်နှုန်းကျော်သည် မြို့ပြနယ်မြေများမှ ထွက်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် စမတ်မြို့ပြ အယူအဆသည် သာမန်မြို့ပြစီမံကိန်းတစ်ခုမျှသာ မဟုတ်တော့ဘဲ စွမ်းအင်ကို ထိရောက်စွာအသုံးပြု နိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုကို တားဆီးရန်နှင့် မြို့ပြနေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် အဓိကကျသော မဟာဗျူဟာ မြောက်ချဉ်းကပ်မှု ဖြစ်လာပါသည်။

ရိုးရာမြို့ပြများ၏ စွမ်းအင်သုံးစွဲမှုစနစ်များသည် လေလွင့်မှုများပြားပြီး ထိရောက်မှု အားနည်းလှသည်။ လူဦးရေထူထပ်လာမှု၊ စက်မှုလုပ်ငန်းများ တိုးချဲ့လာမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ကျယ်ပြန့်လာမှုတို့ကြောင့် စွမ်းအင်ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ဤပြဿနာများကို ကျော်လွှားနိုင်ရန်အတွက် Smart City နည်းပညာဖြင့် မြို့ပြစွမ်းအင် စီမံခန့်ခွဲခြင်းသည် အချက်အလက်များ၊ အာရုံခံကိရိယာများ၊ အင်တာနက်ချိတ်ဆက်ထားသော ပစ္စည်းများနှင့် ဉာဏ်ရည်တုတို့ကို အသုံးပြု၍ စွမ်းအင်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုတို့အား အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်စီမံသည့်စနစ် ဖြစ်သည်။

ဤဆောင်းပါးတွင် စမတ်မြို့ပြ နည်းပညာများဖြင့် စွမ်းအင်ချွေတာနိုင်ပုံ၊ မြို့တော်စည်ပင် သာယာရေးနှင့် အုပ်ချုပ်ရေးယန္တရားများတွင် အသုံးပြုနိုင်မည့် မဟာဗျူဟာမြောက်နည်းလမ်းများ၊ ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့် အကျိုးကျေးဇူးများကို အပြည့်အဝ သုံးသပ်တင်ပြထားပါသည်။

စမတ်စွမ်းအင် အယူအဆနှင့် IoT (Internet of Things) နည်းပညာ

စမတ်စွမ်းအင်စနစ်၏ အဓိကအုတ်မြစ်မှာ အရာဝတ္ထုတိုင်းကို အင်တာနက်ဖြင့် ချိတ်ဆက်ထားသည့် Internet of Things (IoT) နည်းပညာ ဖြစ်သည်။ စမတ်မြို့ပြများတွင် လျှပ်စစ်ဓာတ်အားလိုင်းများ၊ အဆောက်အအုံများ၊ လမ်းမီးများနှင့် လျှပ်စစ်ဓာတ်အားခွဲရုံများ၌ IoT အာရုံခံဆင်ဆာများကို တပ်ဆင်ထားသည်။ အဆိုပါ အာရုံခံဆင်ဆာများသည် စွမ်းအင်သုံးစွဲမှုအခြေအနေ၊ အပူချိန်၊ လျှပ်စစ်စီးကြောင်း၊ ဗို့အားပမာဏနှင့် ပတ်ဝန်းကျင်အလင်းရောင်တို့ကို စိစစ်ကာ ဗဟိုထိန်းချုပ် ရေးစနစ်ထံသို့ အချက်အလက်များကို အဆက်မပြတ် ချက်ချင်းပေးပို့သည်။

ဤနည်းအားဖြင့် မလိုအပ်ဘဲ စွမ်းအင်လေလွင့် ပြုန်းတီးမှုများကို ချက်ချင်းသိရှိနိုင်ပြီး စမတ်စနစ် များမှတစ်ဆင့် အလိုအလျောက် ချိန်ညှိမှုများ ပြုလုပ်ကာ စွမ်းအင်သုံးစွဲမှုကို သိသာစွာ ချွေတာပေးနိုင်သည်။ ဥပမာအားဖြင့် အဆောက်အအုံ တစ်ခုအတွင်း လျှပ်စစ်ယိုစိမ့်မှုဖြစ်ပေါ်ပါက IoT ဆင်ဆာများက ချက်ချင်းရှာဖွေဖော်ထုတ်ပြီး ထိန်းချုပ်ခန်းသို့ သတိပေးချက်များ ပေးပို့နိုင်သည်။ ထို့ပြင် သုံးစွဲသူပြည်သူများအနေဖြင့်လည်း စမတ်မီတာများကိုအသုံးပြု၍ မိမိတို့အိမ်၏ စွမ်းအင် သုံးစွဲမှုကို စမတ်ဖုန်း အပလီကေးရှင်းများမှတစ်ဆင့် တိုက်ရိုက်စောင့်ကြည့်ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့ ပွင့်လင်းမြင်သာမှုရှိသောစနစ်ကြောင့် ပြည်သူများကိုယ်တိုင် စွမ်းအင်ချွေတာရေးတွင် တက်ကြွစွာ ပါဝင်လာနိုင်စေသည်။

ဉာဏ်ရည်တုနှင့် Big Data ၏ အခန်းကဏ္ဍ

စမတ်မြို့ပြ၏ စွမ်းအင်စီမံခန့်ခွဲမှုစနစ်တွင် ဉာဏ်ရည်တုနှင့် အချက်အလက်အမြောက်အမြား ခွဲခြမ်းစိတ်ဖြာခြင်းတို့သည် အဓိကဦးနှောက်သဖွယ် ဆောင်ရွက်ကြသည်။ မြို့ပြတစ်ခုလုံးတွင် တပ်ဆင်ထားသော စမတ်မီတာများ သန်းပေါင်းများစွာ၊ လမ်းမီးများ၊ စက်ရုံများနှင့် သယ်ယူပို့ဆောင်ရေး စနစ်များမှ နေ့စဉ်ထွက်ရှိလာသည့် ကြီးမားလှသော အချက်အလက်များကို ကွန်ပျူတာနည်းပညာများဖြင့် စုဆောင်းစိစစ်သည်။ AI ၏ နဂိုသင်ယူမှု (Machine Learning) နှင့် ရာသီဥတုခန့်မှန်းချက် (Predictive Analytics) အယ်လ်ဂိုရီသမ်များသည် အတိတ်က စွမ်းအင်သုံးစွဲမှုပုံစံများ၊ ရာသီဥတု အခြေအနေများနှင့် လူဦးရေသွားလာလှုပ်ရှားမှုများကိုမူတည်၍ ရှေ့အနာဂတ် (ဥပမာ - နောက်နေ့ သို့မဟုတ် နောက်တစ်ပတ်)၏ စွမ်းအင်လိုအပ်ချက်ကို တိကျစွာ ကြိုတင်ခန့်မှန်းနိုင်သည်။

ထိုသို့ခန့်မှန်းနိုင်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လိုအပ်သည်ထက်ပို၍ အလွန်အကျွံထုတ်လုပ်မှုကို လျှော့ချနိုင်ပြီး စွမ်းအင်လိုအပ်ချက်မြင့်မားသည့်အချိန်များတွင် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှုကို အလိုအလျောက်မျှတအောင် ချိန်ညှိပေးနိုင်ပါသည်။ ထို့ပြင် AI သည် စက်ရုံများ၊ ဓာတ်အားခွဲရုံများ ပျက်စီးယိုယွင်းနိုင်ခြေကို ကြိုတင်ခန့်မှန်းပေးနိုင်သောကြောင့် ပြုပြင် ထိန်းသိမ်းမှုစရိတ်များကိုပါ ကြီးမားစွာ လျှော့ချပေးနိုင်သည်။

စမတ်ဂရစ် (Smart Grid) မဟာဓာတ်အားလိုင်းစနစ်

ရှေးရိုးစွဲ ဓာတ်အားလိုင်းများသည် စွမ်းအင်ကို ထုတ်လုပ်သည့် ဓာတ်အားပေးစက်ရုံများမှ သုံးစွဲ သူထံသို့ တစ်ကြောင်းသွားစီးဆင်းစေသည်ဖြစ်ရာ စွမ်းအင်လေလွင့်မှု ကြီးမားသည့်အပြင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျှင် ချက်ချင်းဖြေရှင်းရန် ခက်ခဲပါသည်။ စမတ်ဂရစ်စနစ်သည် နည်း ပညာသုံး နှစ်ဦးနှစ်ဖက် ကွန်ရက်ဖြစ်သဖြင့် ထုတ်လုပ်သူနှင့် သုံးစွဲသူအကြား သတင်းအချက် အလက်များကို တိုက်ရိုက်အပြန်အလှန် စီးဆင်းစေသည်။ စမတ်ဂရစ်သည် မဟာဓာတ်အားလိုင်း အတွင်း လျှပ်စစ်ယိုစိမ့်မှု၊ လိုင်းကြိုးပြတ်တောက်မှု သို့မဟုတ် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်ပါက ချက်ချင်းအလိုအလျောက်သိရှိပြီး ပြဿနာဖြစ်နေသောနေရာကို သီးသန့်ခွဲထုတ်ကာ အခြား လမ်းကြောင်းမှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်သည်။ ဤစနစ်သည် မြို့ပြ၏ လျှပ်စစ်ပြတ်တောက်ချိန်ကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးသည်။

ထို့ပြင် နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ ထွက်ရှိသည့် လျှပ်စစ်များကို စမတ်ဂရစ် အတွင်းသို့ စနစ်တကျ ချောမွေ့စွာ ပေါင်းစပ်ထည့် သွင်းပေးနိုင်သဖြင့် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို လျှော့ချနိုင်ပြီး ကာဗွန်ထုတ်လွှတ်မှု ကျဆင်းစေကာ စွမ်းအင်ဆုံးရှုံးမှုကို အနည်းဆုံးအထိ ကာကွယ်ပေးနိုင်ပါသည်။

စမတ်အဆောက်အအုံ (Smart Buildings) နှင့် BEMS စနစ်

ခေတ်သစ်မြို့ပြများတွင် လူနေထိုင်ရာ တိုက်ခန်းများနှင့် စီးပွားရေးလုပ်ငန်းသုံး အဆောက် အအုံများသည် လျှပ်စစ်ဓာတ်အား၏ ၄၀ ရာခိုင်နှုန်းကျော်ကို သုံးစွဲနေကြသည်။ ထို့ကြောင့် အဆောက်အအုံများ၏စွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်းသည် မြို့ပြစွမ်းအင်စီမံခန့်ခွဲမှုအတွက် အသက် တမျှ အရေးကြီးပါသည်။ စမတ်မြို့ပြများတွင် အဆောက်အအုံများကို Building Energy Management System (BEMS) ခေါ် အဆောက်အအုံ စွမ်းအင်စီမံခန့်ခွဲမှုစနစ်များဖြင့် တပ်ဆင်ထား သည်။

BEMS စနစ်သည် အဆောက်အအုံအတွင်းရှိ လူဦးရေလှုပ်ရှားမှုပမာဏ၊ သဘာဝအလင်းရောင် ရရှိမှုနှင့် ပြင်ပရာသီဥတုအပူချိန်တို့အပေါ်မူတည်၍ မီးရောင်၏ လင်းအား၊ လေအေးပေးစက် (HVAC - Heating, Ventilation, and Air Condition-ing)၏ အပူချိန်နှင့် လေဝင်လေထွက်စနစ်များကို အလိုအလျောက် ချိန်ညှိပေးသည်။ ဥပမာ - ပြတင်း ပေါက်မှ နေရောင်ခြည်ကောင်းစွာရရှိနေချိန်တွင် မီးချောင်းများ၏ အလင်းအားကို အလိုအလျောက် လျှော့ချပေးခြင်း၊ လူမရှိသော အခန်းများတွင် မီးနှင့် စွမ်းအင်သုံး စက်ပစ္စည်းများကို အလိုအလျောက် ပိတ်ပေးခြင်းတို့ ဆောင်ရွက်သည်။ ဤကဲ့သို့ စမတ်ကျကျ ထိန်းချုပ်ခြင်းဖြင့် အဆောက်အအုံများ၏ စွမ်းအင်သုံးစွဲမှုကို ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ သက်သာစေပါသည်။ ထို့ပြင် အိမ်ရာများအတွက် Home Energy Management System (HEMS) များကိုပါ တပ်ဆင်လာကြသဖြင့် မိသားစုအလိုက် စွမ်းအင်သုံးစွဲမှုကိုပါ အသေးစိတ် စီမံလာနိုင်ကြသည်။

စမတ်လမ်းမီးများနှင့် လျှပ်စစ်သယ်ယူပို့ဆောင်ရေး

မြို့ပြများ၏ လမ်းမီးစနစ်များသည် မြို့တော်စည်ပင်သာယာရေးအဖွဲ့များအတွက် စွမ်းအင်ကုန်ကျစရိတ်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ရိုးရာလမ်းမီးများသည် တစ်ညလုံး အပြည့်အဝ လင်းနေလေ့ရှိရာ စွမ်းအင်ဖြုန်းတီးမှု များပြားသည်။ စမတ်လမ်းမီးစနစ်သည် အာရုံခံ ဆင်ဆာများအသုံးပြု၍ လမ်းပေါ်တွင် ယာဉ် သို့မဟုတ် လူသွားလူလာမရှိချိန်တွင် အလင်းရောင် ကို ၃၀ ရာခိုင်နှုန်းသို့ လျှော့ချထားပြီး ယာဉ်နှင့် လူများချဉ်းကပ်လာချိန်မှသာ အပြည့်အဝ လင်းစေသည့်စနစ်ဖြစ်သည်။ ဤစနစ်ဖြင့် လမ်းမီးသုံး စွမ်းအင်ကို ၅၀ ရာခိုင်နှုန်းထက်မနည်း ချွေတာနိုင်သည်။ ၎င်းအပြင် အဆိုပါ လမ်းမီးတိုင်များကို လုံခြုံရေးကင်မရာများ၊ လေထုညစ်ညမ်းမှု တိုင်းတာသည့် ဆင်ဆာများနှင့် ပေါင်းစပ်အသုံးပြုနိုင်သည်။

(ဆက်လက်ဖော်ပြပါမည်)