နေပြည်တော် နိုဝင်ဘာ ၁၀
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် TNLA အဖွဲ့မှ ဗျူဟာမှူးအဆင့်ရှိ ဂူဆီးအပါအဝင် အမျိုးသား ၁၇၈ ဦးနှင့် အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၂၀၀ တို့ သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် TNLA အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ပတ္တမြားမြေအားကစားခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA -1 အမျိုးအစား သေနတ် ငါးလက်၊ Type 81 အမျိုးအစား သေနတ် ၆၆ လက်၊ AK-47 အမျိုးအစား သေနတ် သုံးလက်၊ M-22 အမျိုးအစား သေနတ် လေးလက်၊ ပစ္စတိုသုံးလက်၊ လက်လုပ်သေနတ် သုံးလက်၊ ကျည်အိမ်မျိုးစုံ ၈၄ ခုနှင့် ကျည်မျိုးစုံ ၁၄၇၂ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၇၈ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၉၀၀၊ ပစ္စတို သုံးလက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၊ လက်လုပ်သေနတ် သုံးလက်အတွက် ဆုကြေးငွေကျပ် ၁၅ သိန်း၊ လက်နက်မပါ အလင်းဝင်ရောက်လာသူ ၁၁၆ ဦးအတွက် ဆုကြေးငွေကျပ် ၁၁၆ သိန်းတို့ကို ပေးအပ်ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ အပ်နှံထားသော လက်နက်ခဲယမ်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လက်ဖက်ရည်ဝိုင်းတို့ဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် TNLA အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိ ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့ အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အမျိုးသား ၁
အလင်းဝင်ပြီးတော့ ကျွန်တော်တို့ ပြန်လာရတဲ့ ရည်ရွယ်ချက်ကတော့ စကတည်းက ကျွန်တော်တို့က နိုင်ငံရေးလည်းနားမလည်ဘူး၊ တော်လှန်ရေးလည်းနားမလည်ဘူး။ ဖိအားတစ်မျိုးကြောင့် ဒီလိုလုပ်ခဲ့တယ်။ အခက်အခဲအမျိုးမျိုးနဲ့ အဆင်မပြေတဲ့အခါကျတော့ ကျွန်တော်တို့လုပ်နေကျ နားလည်တဲ့အလုပ်မျိုး မဟုတ်တဲ့အခါကျတော့ နည်းလမ်းရှာပြီးတော့မှ မြို့မိမြို့ဖ လူကြီးတွေကတစ်ဆင့် နိုင်ငံတော်ကို ဆက်သွယ်ပြီး အလင်းဝင်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဗီဇ၊ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းမှု၊ ကျွန်တော်တို့ဖြစ်ချင်တဲ့ဟာမျိုး မဟုတ်တဲ့အခါကျတော့ အခုလုပ်ရပ်ကနေ ရုန်းထွက်ခဲ့တယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ချစ်တဲ့ မိုးကုတ်၊ မိုးမိတ်ကို နောက်တစ်ခါ ဒီလိုမျိုးတိုက်ပွဲတွေမဖြစ်အောင် တပ်မတော်နဲ့ ကာကွယ်မယ်။ မိုးကုတ်၊ မိုးမိတ်မှာ လီဆူးတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ လီဆူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လုံခြုံရေး အားလုံးကို ကူညီစောင့်ရှောက်မယ်။ တစ်ဖက်ကလည်း နိုင်ငံတော်ကို ပြန်ပြီးတော့ ကာကွယ်ရေးတွေလုပ်မယ်။ ကျွန်တော်တို့ရဲ့ အင်အားနဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းက ဖြစ်နိုင်ရင် မိုးကုတ်၊ မိုးမိတ်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ အကုန်လုံးကို ကျွန်တော်တို့ အလုပ်အကျွေးပြုမယ်ဆိုတဲ့ဆန္ဒမျိုးနဲ့ တပ်မတော်ကို ဆက်သွယ်ပြီး အလင်းဝင်လာရခြင်း ဖြစ်တယ်။ အလွန်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တပည့်သားသမီးတွေ အများကြီးရှိတယ်။ ကျွန်တော့်မှာ ဖိအားတွေ အလွန်များခဲ့တယ်။ နိုင်ငံတော်ကိုဆက်သွယ်ပြီးတော့ ကျွန်တော်တို့ ကျောက်မဲကို စရောက်တဲ့ အချိန်ကတည်းက ကျွန်တော်တို့ကို ဗိုလ်ချုပ်ကိုယ်တိုင် လာပြီးတော့မှ ကောင်းကောင်းမွန်မွန်ကြိုဆိုတယ်၊ ကောင်းကောင်းမွန်မွန်ဧည့်ခံတယ်။ ကျွန်တော်တို့ အလွန်ပျော်ရွှင်ရတယ်။ ကျွန်တော်တို့ကို ကျောက်မဲကနေပြီးတော့ ပြင်ဦးလွင်၊ မန္တလေး၊ သပိတ်ကျင်း၊ မိုးကုတ်တို့ကို ညတွင်းချင်းပို့ပေးတယ်။ ကျွန်တော်တို့ အစစအရာရာ ဘာမှလုပ်စရာမရှိဘူး။ ဒီအတွက် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ အခုကျန်ခဲ့တဲ့ ကျွန်တော်တို့ရဲ့မိတ်ဆွေတွေ အမြင်မှန်ရပြီး ကိုယ့်မိသားစုအတွက်၊ ကိုယ့်ရဲ့မြို့ရွာအတွက်၊ ကိုယ့်ရဲ့လူမျိုးအတွက် တောထဲမှာပဲမနေဘဲနဲ့ ပြန်လာဖို့ အလင်းလာဝင်ပြီး ခုနကပြောသလို ကိုယ့်မြို့ရွာ အေးချမ်းသာယာလာဖို့ အတူတူပူးတွဲဆောင်ရွက်ဖို့ ပြန်လာကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာစကားပါးချင်ပါတယ်။
အမျိုးသား၂
ကျွန်တော်တို့ ဒီအဖွဲ့အစည်းထဲကို ရောက်လာတဲ့အကြောင်းအရင်းက တပ်မတော်ကနေ ဆုတ်သွားတဲ့အချိန် TNLA တွေဝင်လာတယ်။ သူတို့အုပ်ချုပ်တဲ့ အချိန်မှာ တစ်အိမ်တစ်ယောက် မဝင်မရ စနစ်နဲ့လာခဲ့တယ်။ ကျွန်တော်တို့ မဝင်လို့ရှိရင်လည်း အိမ်ကမိသားစုတွေက ပိုပြီးတော့ခက်ခဲတာပေါ့။ ကျွန်တော်တို့က မဝင်မဖြစ်ဝင်ခဲ့ရတယ်။ အဖွဲ့အစည်းထဲကို ဝင်ခဲ့တဲ့အချိန်မှာ အခက်အခဲတွေကတော့ များပါတယ်။ ရှေ့တန်းတိုက်ပွဲ အတွေ့အကြုံတော့ မရှိပါဘူး။ ကျွန်တော်တို့က မြို့တွင်းအုပ်ချုပ်ရေးပိုင်းမှာ မြို့တွင်းကင်းတာဝန်အနေနဲ့ ဆောင်ရွက်ရတာပါ။ အလင်းဝင်ရတဲ့ အကြောင်းအရင်းကတော့ တောထဲမှာပဲနေပြီး ကျွန်တော်တို့ရဲ့ အနာဂတ်က ပျောက်ဆုံးနေတယ်။ ပြီးတော့ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ သဘောထားကို သိရှိနားလည်ပြီးမှ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကျန်ခဲ့တဲ့သူတွေကိုလည်း ဖြစ်နိုင်ရင် အမြန်ဆုံးလာခဲ့ပါ အစစအရာရာ အဆင်ပြေတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။
အမျိုးသမီး ၃
သူတို့ တစ်အိမ်တစ်ယောက်ခေါ်တော့ လိုက်သွားခဲ့ရတယ်။ သူတို့က ကိုယ့်မြို့မှာပဲနေရမယ်လို့ပြောပြီး နောက်တော့ တောထဲကိုခေါ်သွားခဲ့လို့ တောထဲမှာပဲနေခဲ့ရတယ်။ တောထဲရောက်တော့ ကျွန်မကို စစ်မေဆိုပြီး မွေးမြူရေးလုပ်ခိုင်းတယ်။ ပြီးရင် နေ့တိုင်းဖက်ထိပ်လုပ်ရတယ်။ အခက်အခဲကတော့ စားရေးသောက်ရေး အခက်အခဲရှိတယ်။ သင်တန်းက သုံးလသင်တန်းမှာကျတော့လည်း အခက်အခဲကြုံတာက စားရေးသောက်ရေးပါပဲ။ ကျွန်မတို့က သူတို့လူမျိုးမဟုတ်ဘူးလေ။ တခြားလီဆူလူမျိုးဆိုတော့ အလုပ်တွေဘာတွေဆိုရင် ကိုယ့်ကိုပိုခိုင်းတယ်။ ရာထူးတွေဘာတွေ ပေးမယ်ဆိုရင်တော့ သူတို့အချင်းချင်းပဲ ပေးတာမျိုးတွေလည်း ရှိတယ်။ တော်တော်လေးတော့ ပင်ပန်းခဲ့တယ်။ မိန်းကလေးဆိုတော့ နောက်တန်းမှာပဲထားတယ်။ ရှေ့တန်းမသွားရဘူး။ အမျိုးသားတွေကျတော့ ရှေ့တန်းသွားရတယ်။ အလင်းလာဝင်ရတဲ့ အကြောင်းကတော့ နိုင်ငံတော်ရဲ့ သဘောထားအမှန်ကို သိရှိတဲ့အတွက် ကျွန်မတို့အလင်းဝင်ရခြင်းဖြစ်တယ်။ နိုင်ငံတော်ကလည်း ကျွန်မတို့အလင်းဝင်ဖို့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးတဲ့အတွက်လည်း ကျွန်မတို့အနေဖြင့် အလွန်အင်မတန် ဝမ်းသာပီတိတွေ ဖြစ်မိပါတယ်။ အများကြီးလည်း ဂုဏ်ယူပါတယ်။ ကျွန်မတို့ကို ပြန်လက်ခံပေးတဲ့အတွက်၊ ကြိုဆိုပေးတာ အစစအရာရာ အကုန်လုံးလုပ်ပေးတယ်။ ကားကအစ လိုလေသေးမရှိအောင် ဒီဘက်ထိရောက်အောင် ပံ့ပိုးပေးခဲ့တယ်။ အဲဒီအတွက်လည်း နိုင်ငံတော်ကို အလွန်ကျေးဇူးတင်ပါတယ်။ ကျန်ခဲ့တဲ့သူတွေလည်း တပ်မတော်ရဲ့ စေတနာနဲ့ သဘောထားကို သိပြီဆိုလို့ရှိရင် ကျွန်မတို့လိုပဲ ဒီကိုလာမယ်လို့ မျှော်လင့်ပါတယ်။ တပ်မတော်နဲ့ ပူးပေါင်းခွင့်ရတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကိုယ့်လူမျိုးနဲ့ တပ်မတော်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။
သတင်းစဉ်


