အယ်လ်နီညိုဖြစ်စဉ်နှင့် စားနပ်ရိက္ခာရှားပါးမှုဘေးအန္တရာယ်

တင်ထက်ထက်ဇော်

အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် အီကွေတာရပ်ဝန်း ပစိဖိတ်သမုဒ္ဒရာရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့်ဆက်စပ်သော လေထုနှင့် ရေစီးကြောင်းများပြောင်းလဲကာ ပစိဖိတ်သမုဒ္ဒရာဝန်းကျင်ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသော ဒေသများ၏ မိုးလေဝသအခြေအနေ သက်ရောက်သည့်ဖြစ်စဉ် ကို “အယ်လ်နီညို”ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ အယ်လ်နီညိုဖြစ်စဉ်ကို လူသားများက ၁၅ ရာစုနှစ်ကတည်းက တွေ့ရှိမှတ်သားလာကြပြီး ရာသီဥတုပြောင်းလဲခြင်းကမူ ၁၉၈၀ ပြည့်နှစ်ခန့်မှ စတင်ဖြစ်ပေါ်လာကြောင်း လေ့လာသိရှိရပါသည်။

အယ်လ်နီညို ရာသီဥတုအခြေအနေတွင် မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ တချို့ဒေသများတွင် မိုးအလွန်ရွာပြီး ရေကြီးရေလျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးရွာသွန်းရက် လျော့နည်းတိုတောင်းခြင်း၊ ဆောင်းကာလတွင် အအေးဓာတ်လျော့နည်းခြင်း၊ နွေရာသီတွင် ပို၍ပူပြင်းခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်ပြီး ရေလှောင်တမံနှင့် ရေလွှဲဆည်များတွင် ရေဝင်ရောက်မှုနည်းပါးခြင်း ဖြစ်ပေါ်နိုင်ပါသည်။ အကယ်၍ အယ်လ်နီညိုအားကောင်းလာပါက အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့အပြင် နွေရာသီတွင် ပူပြင်းခြောက်သွေ့ပြီး သာမန်ထက်ပို၍ ရှည်ကြာနိုင်မည့်နွေကာလကို ဖြတ်သန်းရနိုင်ပါသည်။

အယ်လ်နီညိုရာသီဥတုနှင့် မိုးခေါင်ခြင်း

ပြည်နယ်တစ်ခု သို့မဟုတ် မြို့နယ်တစ်ခုတွင် နှစ်ပေါင်း ၃၀ ပျမ်းမျှ ရွာသွန်းမြဲမိုးရေချိန်ပမာဏထက် လျော့နည်းမှု ၂၀ ရာခိုင်နှုန်းသည် ရက်သတ္တပတ်ထက်ပိုကြာနေပါက ၎င်းကို “သာမန် မိုးခေါင်ခြင်း (Minor Drought)”ဟု သတ်မှတ်ပြီး အကယ်၍ နှစ်ပေါင်း ၃၀ ပျမ်းမျှမိုးရေချိန်ပမာဏ ထက် လျော့နည်းမှု ၅၀ ရာခိုင်နှုန်းသည် ၁၅ ရက်ထက် ပိုကြာနေပါက “မိုးခေါင်ခြင်း (Major Drought)”ဟု ခေါ်ပါသည်။

ယနေ့ကာလသည် ပြင်းထန်သည့်အပူဒဏ်နှင့် မိုးခေါင်ရေရှားမှုဒဏ်ကို ပြင်းထန်စွာခံစားနေရခြင်း သည် စားနပ်ရိက္ခာထုတ်လုပ်မှုအပေါ် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်သည်။ ၂၀၂၃ ခုနှစ်သည် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်အတူ နှစ်ပေါင်း ၁၂၂ နှစ်အတွင်း အပူဆုံးနှစ်များထဲတွင် ပါဝင်ခဲ့သည်။ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသ ၅၉ နေရာတွင် လူပေါင်း ၂၈၂ သန်းနီးပါးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှုအဆင့်ကို ကြုံတွေ့ခဲ့ရပြီး စားနပ်ရိက္ခာ မလုံလောက်သည့်ပြဿနာသည် ငါးနှစ်ဆက်တိုက် ပိုမိုဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက ယင်းနှစ် ဧပြီ ၂၄ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ယခုနှစ်တွင်လည်း ပုံမှန်ထက်လွန်ကဲသော အပူချိန်များကို ခံစားနေကြရသည်မှာ စိုးရမ်ဖွယ်အလားအလာဖြစ်ပါသည်။

အယ်လ်နီညိုဖြစ်စဉ်နှင့် ဂေဟစနစ်ပေါ် သက်ရောက်မှုများ

ပူပြင်းခြောက်သွေ့သည့် ဒေသများတွင် မိုးခေါင်မှုကာလရှည်လာခြင်းကြောင့် မြေဆီလွှာ အရည်အသွေးယိုယွင်းလာပြီး အပင်များရှင်သန်ရန် ခက်ခဲခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ သဲကန္တာရ (Desert) ဖြစ်ထွန်းမှုမြန်ဆန်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ တောမီးလောင်ကျွမ်းမှုများ ပိုမိုများပြားလာ ခြင်းကြောင့် သစ်တောဂေဟစနစ်ပျက်စီးခြင်း၊ စားကျက်မြေများနည်းပါးခြင်း၊ ဇီဝမျိုးကွဲများ မျိုးသုဉ်း နိုင်ခြင်း ခံစားရနိုင်ပါသည်။ ပင်လယ်ရေအပူချိန် မြင့်တက်လာခြင်းကြောင့်လည်း အဏ္ဏဝါဂေဟစနစ် (Marine Ecosystem)၊ သက်ရှိများ၏မှီခိုရာ သန္တာကျောက်တန်းများ (Coral Reefs) ယိုယွင်းပျက်စီး လာသည်ကို မလွဲမသွေကြုံရနိုင်ပါသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးထိခိုက်နိုင်

အယ်လ်နီညို၏ သက်ရောက်မှုများအနက် အဓိကထိခိုက်မှုရှိနိုင်သည်မှာ စိုက်ပျိုးရေးကဏ္ဍ ဖြစ်သည်။ စိုက်ပျိုးသီးနှံများအားလုံး အောင်မြင် ဖြစ်ထွန်းစေရေးအတွက် ရေက အဓိကကျလှသည်။

- အပူချိန် ၁ ဒီဂရီတိုးလာပါက ချောင်း၊ မြောင်းများအတွင်း ရေခန်းသွားနိုင်ပါသည်။

- အပူချိန် ၂ ဒီဂရီတိုးလာပါက တဖြည်းဖြည်းချင်း ရေတွင်း၊ ရေအိုင်များ ခန်းသွားနိုင်ပါသည်။

- အပူချိန် ၃ ဒီဂရီတိုးလာပါက မြေအောက် ရေများခန်းသွားနိုင်ပါသည်။

ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်၏ စိုက်ပျိုးရေး ကဏ္ဍအပေါ် သက်ရောက်မှုများအနေဖြင့် -

- မုတ်သုံအဝင်နောက်ကျပြီး မုတ်သုံစောထွက်ခြင်းကြောင့် မုတ်သုံကာလတိုတောင်းလာပြီး မုတ်သုံမိုးကို မှီခိုနေရသော စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေပါသည်။

- မုတ်သုံကာလ တိုတောင်းခြင်းနှင့် ရေရှားပါးခြင်းတို့ကြောင့် အပူချိန်မြင့်မားသာ နွေကာလရှည်လျားပြီး သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးနိုင်ပါသည်။

- မိုးရွာသွန်းမှုပုံမမှန်ခြင်းနှင့် အထွက်နှုန်း နောက်ကျခြင်းကြောင့် စပါး၊ ပဲမျိုးစုံ၊ နှမ်းနှင့် အခြားသီးနှံများ အထွက်နှုန်းကျဆင်းနိုင်ပါသည်။

- ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်း ဒေသများတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသောကြောင့် စိုက်ပျိုးမြေများအတွင်း ဆားငန်ရေဝင်ရောက်သဖြင့် ပျက်စီးခြင်း ကြုံရနိုင်ပါသည်။

သို့ပါ၍ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေအရင်းအမြစ် ခန်းခြောက်မှုများဖြစ်ပေါ်လာနိုင်သဖြင့် စိုက်ပျိုးသီးနှံများအတွက် ရေပြဿနာကို ခါးစည်းခံရဖွယ်ရှိပါသည်။

အနီးစပ်ဆုံး သာဓကကိုပြရပါလျှင် ကမ္ဘာ့စပါး ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းနှင့် ဆန်တင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းရှိသည့် တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများ၌ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ရသောနှစ်များတွင် မိုးရွာသွန်းမှုနည်းပါးသဖြင့် စပါးအထွက်နှုန်း လေးရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကာ ဆန်ဈေးနှုန်း ထိုးတက်ခဲ့သည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မွေးမြူရေးထိခိုက်နိုင်

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဒေသတွင်း လျှပ်တစ်ပြက် ရေကြီးရေလျှံမှု (Flash Flood) ဖြစ်ပေါ်လာနိုင်သလို တစ်ဖက်ကလည်း အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုဖြစ်ကာ သောက်သုံးရေရှားပါးခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ ရေအရင်းအမြစ်များခန်းခြောက်ကာ တိရစ္ဆာန်များ အတွက် သန့်ရှင်းသောရေမရရှိခြင်း၊ ဒေသတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်လာနိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်းတွင် အယ်လ်နီညို သက်ရောက်မှုအဖြစ် တိရစ္ဆာန်အစာရေစာများ ရှားပါးလာခြင်း၊ ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ တိရစ္ဆာန်များတွင် ထုတ်လုပ်မှုကျဆင်းလာခြင်း၊ ဇီဝကမ္မဗေဒဆိုင်ရာ ဆိုးကျိုးထိခိုက်မှုများဖြစ်လာ နိုင်ခြင်း၊ မျိုးပွားထုတ်လုပ်မှုကျဆင်းလာခြင်းနှင့် အစာမှ အသားပြောင်းနှုန်းညံ့ဖျင်းလာခြင်း၊ ကူးစက် ရောဂါများ၊ အဆိပ်အတောက်ဖြစ်မှုများ မကြာခဏ ဖြစ်ပွားခြင်းနှင့် အပူချိန်မြင့်မားလာက တိရစ္ဆာန်များ အသက်ဆုံးရှုံးမှုများလည်း ကြုံရနိုင်ပါသည်။

FAO သတိပေးချက်

အယ်လ်နီညိုဖြစ်စဉ်များနှင့် သဘာဝဘေးဆိုင်ရာ စိန်ခေါ်မှုများ၏ အကျိုးသက်ရောက်မှုသည် စားနပ်ရိက္ခာရှားပါးမှုကို ဦးတည်စေနိုင်သကဲ့သို့ တစ်ဖက်ကလည်း စားနပ်ရိက္ခာများ မည်မျှပင် ထုတ်လုပ်နိုင်စေကာမူ အစားအစာများ အလေအလွင့်ရှိနေပါက အမျိုးမျိုးသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေ နိုင်ကြောင်း FAO က သတိပေးထားသည်။ FAO စစ်တမ်းများအရ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာအလေ အလွင့်သည် စပါး၊ ဂျုံ၊ ပြောင်း စသည့်သီးနှံစေ့များ တွင် ၃၀ ရာခိုင်နှုန်း၊ ဥ၊ အမြစ်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များတွင် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း၊ ဆီထွက်အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းများနှင့် အသားများတွင် ၂၀ ရာခိုင်နှုန်းနှင့် ငါးများတွင် ၃၅ ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးမှုတွေ့ရှိရကြောင်း ဆိုထားသည်။

မြန်မာနိုင်ငံနှင့် စားနပ်ရိက္ခာအခြေအနေ

မြန်မာနိုင်ငံတွင်လည်း အယ်လ်နီညို၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အပူချိန် မြင့်တက်ခြင်း၊ မုတ်သုံဝင်ရောက်မှုနောက်ကျခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ မိုးဦးကာလ မိုးရွာသွန်းမှုနည်းခြင်း၊ ဒေသအလိုက် မိုးရွာသွန်းမှုများ၊ ရေကြီးရေလျှံခြင်း၊ ဆောင်းရာသီ အအေးပေါ့ခြင်း စသည့်ရာသီဥတုဖောက်ပြန်မှုများကို တစ်နှစ်ထက်တစ်နှစ် ကြုံတွေ့နေကြရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးမှုအတွက် စားနပ်ရိက္ခာဖူလုံနေသော်လည်း ၂၀၅၀ ပြည့်နှစ်တွင်ရှိလာမည့် ပျမ်းမျှလူဦးရေ သန်း ၁၀၀ အတွက် စားနပ်ရိက္ခာလိုအပ်ချက်မှာ ကြီးမား သည့်စိန်ခေါ်မှုဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် စားနပ်ရိက္ခာဖူလုံရေးကို ရှေးရှုဆောင်ရွက်ရန် လိုအပ်သကဲ့သို့ တစ်ဖက်ကလည်း ထွက်ရှိလာသည့် စားနပ်ရိက္ခာများကို အကျိုးရှိစွာဖြင့် အလေအလွင့် နည်းပါးအောင်သုံးစွဲနိုင်ရေးကိုလည်း စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် လေလွင့် ဆုံးရှုံးမှုများသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံမှုပြဿနာများကို ကျော်လွှားရေးအတွက် အဓိကအဟန့်အတားတစ်ရပ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။