ရန်ကုန် နိုဝင်ဘာ ၁၁
M League 2026 U20 အမှတ်ပေးဘောလုံးပြိုင်ပွဲ အပတ်စဉ်(၂၃) နောက်ဆုံးပွဲစဉ်ကို ယနေ့ ညနေ ၃ နာရီခွဲက ဗဟန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံအသင်းက ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ယနေ့ပွဲစဉ်သည် အဆင့်(၄)နေရာမှ ရတနာပုံအသင်းနှင့် အဆင့်(၅)နေရာမှ ရှမ်းယူနိုက်တက်အသင်းတို့ တွေ့ဆုံမှုဖြစ်ပြီး ဦးဆောင်ဂိုးရရှိရေး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိ သရေကျခဲ့သည်။ ဒုတိယပိုင်းတွင် ရတနာပုံအသင်း ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ခြေစွမ်းပြကစားခဲ့ပြီး ၄၈ မိနစ်တွင် သာထက်နောင်နှင့် ၉၀+၅ မိနစ်တွင် ရဲရင့်အောင်တို့က အနိုင်ဂိုးများသွင်းယူခဲ့ကာ ရှမ်းယူနိုက်တက်ကို အနိုင်ယူခဲ့သည်။ ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်းမှ Sai Mao Han က ရရှိခဲ့သည်။
အပတ်စဉ်(၂၃) ပွဲစဉ်များအပြီးတွင် ရန်ကုန်ယူနိုက်တက်က ၅၅ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ISPE အသင်း ၅၀ မှတ်၊ ဒဂုံစတားယူနိုက်တက် ၄၉ မှတ်၊ ရတနာပုံ ၄၂ မှတ်၊ ရန်ကုန်စီးတီး ၄၀ မှတ်၊ ရှမ်းယူနိုက်တက် ၃၈ မှတ်၊ FALCON FC နှင့် GALAXY FC ၃၃ မှတ်စီ၊ သစ္စာအားမာန် ၃၀ မှတ်၊ ဧရာဝတီ ယူနိုက်တက် ၂၂ မှတ်၊ ဟံသာဝတီယူနိုက်တက် ၂၁ မှတ်၊ စစ်ကိုင်းယူနိုက်တက် ၁၈ မှတ်၊ မြဝတီ ၁၁ မှတ်နှင့် ချင်းလန်းအသင်း ၈ မှတ် အသီးသီး ရရှိထားသည်။
နေမျိုး၊ ဓာတ်ပုံ-MFF


