ဘားအံ နိုဝင်ဘာ ၁၀
ကရင်ပြည်နယ်အတွင်း ထွက်ရှိသည့် ရော်ဘာ ကုန်ကြမ်းများကို ဝယ်ယူပြီး အခြားဓာတုကုန်ကြမ်း များနှင့်ရောစပ်၍ တစ်နှစ်လျှင် အရည်အသွေးမြင့် ရော်ဘာဖိနပ် ဒါဇင် တစ်သိန်းငါးသောင်း ထုတ်လုပ်နိုင်သည့် Thai Fashion ရော်ဘာဖိနပ် ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံ - လှိုင်းဘွဲ ကားလမ်းမကြီးဘေး ဘားအံစက်မှုဇုန် အမှတ်(၁)ရှိ အဆိုပါစက်ရုံ၌ ကျင်းပသည်။
အဆိုပါ စက်ရုံကို ရင်းနှီးမြှုပ်နှံမှု တန်ဖိုးငွေကျပ် သန်း ၁၅၀၀ ဖြင့် တည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် ပြည်နယ်ဝန်ကြီးများက စက်ရုံကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ စက်ရုံဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီ ပေးကြသော ဘင်ခရာ၊ ပန်းဖွား နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
စက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၂၇၀၀၀၀ ကျော်ရှိသည့်အတွက် ကုန်ကြမ်း ထွက်ရှိမှုနှင့်နှိုင်းယှဉ်ပါက တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်နိုင်မှု နည်းပါးနေသေးပြီး ဘားအံ စက်မှုဇုန် ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီနှင့် လုပ်ငန်း ရှင်များက ဆက်လက်၍ စက်ဘီး တာယာ၊ ဆိုင်ကယ်တာယာများ ထုတ်လုပ်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ စက်ရုံအတွင်း တပ်ဆင်အသုံးပြုထား သည့် စက်ပစ္စည်းများ၊ ရော်ဘာဖိနပ် ကုန်ကြမ်းထုတ်လုပ်ရေး အပိုင်းနှင့် ကုန်ချောထုတ်လုပ် ရေးအပိုင်းတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုအားပေး
အလားတူ (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ဒုံးအကပြိုင်ပွဲ၊ စင်တင် တေးဂီတဖျော်ဖြေပွဲ၊ MSME ထုတ်ကုန်ပြခန်းများ၊ ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုး ပြခန်းများ၊ ဇာတ်သဘင် အကအလှများ၊ ဈေးရောင်းပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့ ညပိုင်းက ဒုံးအကပြိုင်ပွဲ ဆန်ကာ တင် ၁၀ ဖွဲ့၏ ယှဉ်ပြိုင်ကပြ ဖျော်ဖြေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံ ပြည်သူများနှင့်အတူ ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့ပြင် နိုင်ငံကျော်တေးသံရှင် ထူးအယ်လင်းနှင့် ဒေသခံအဆိုရှင်များ၏ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ချစ်ရဲမင်းဇာတ်သဘင်၏ အကအလှများဖြင့် ဖျော်ဖြေပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ သီရိကွင်းအတွင်း ပွဲဈေးလှည့်လည်၍ ပြည်သူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


