ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
ဤကမ္ဘာမြေသည် ပထဝီ၊ တေဇော၊ အာဘော၊ ဝါယောဟူသော ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသည်။ မြေ၊ လေ၊ ရေ၊ မီးတို့သည် သက်ရှိသတ္တဝါတို့အတွက် တန်ဖိုးရှိသော သယံဇာတ၊ နိုင်ငံတော်ရွှေသီးဖို့၊ နိုင်ငံတော်သာယာဖို့ သယံဇာတများဖြစ်ကြသည်။
မြန်မာနိုင်ငံ၏ ပန်းတိုင်သည် ၂၀၃၀ ပြည့်နှစ်တွင် ဝင်ငွေအလယ်အလတ်တန်းအဆင့်သို့ ရောက်ရန်ဖြစ်သည်။ လူ့ဦးနှောက်ဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အားပေးခြင်းဖြင့် သန်းပေါင်းများစွာသော လူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကြီးမားစွာပြောင်းလဲစေလိမ့်မည်။
နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့
နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ကိုထိန်းကြစို့
ဟူသော ဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များ သတ်သတ်မှတ်မှတ်ချမှတ်ကာ နိုင်ငံတော် ရွှေပြည်သစ်ကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းဟူသည့် လူမျိုးစုကြီးက ဥမကွဲ သိုက်မပျက် စည်းလုံးလက်တွဲလျက် လက်တွေ့ကျကျ တည်ဆောက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင်အမျိုးမျိုးရှိပြီး နေရောင်ခြည်ကိုလည်းမြင်၊ ပင်လယ်ကမ်းခြေနှင့် ရေခဲတောင်လည်းရှိ၊ မြေဩဇာကောင်း၊ စိုက်ပျိုးမြေများကလည်းကျယ်၊ နုန်းတင်မြေနုသစ်တော လမုတောလည်းရှိ၊ သစ်ခွမျိုးစုံ၊ ပန်းရနံ့များကလည်း မွှေးကြိုင်လှပသာယာလျက်ရှိသော သယံဇာတ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ မြေဩဇာကောင်းသော လယ်မြေ၊ နုန်းတင်မြေနု မြစ်ချောင်းအင်းအိုင်များကို မတိမ်ကောအောင်ကာကွယ်ရင်း အသက်မွေး ဝမ်းကျောင်းပြုနေသူလယ်သမားများက ဧည့်ဝတ်ကျေ၊ ဖော်ရွေသိမ်မွေ့ပြီး စာပေကျမ်းဂန်တတ်ကျွမ်းမှုရှိကြသည်။
ရက်ရောသူ၊ စဉ်းစားဆင်ခြင်တတ်သူ၊ ကူညီရိုင်းပင်းသူ၊ ရောင့်ရဲတင်းတိမ်သူ၊ ကိုယ်ကျိုးစွန့်လွှတ် နိုင်သူများဟု နာမည်ရခဲ့ပြီး စေတီပုထိုးနှင့် ဘုရားတန်ဆောင်းတို့က ခေတ်အဆက်ဆက် ဘာသာတရား၊ မေတ္တာတရားကိုင်းရှိုင်းသူ မြန်မာပြည်သူများကြောင့် တင့်တယ်ခံ့ညားလျက်ရှိသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်က ကျေးလက်ဒေသတွင် နေထိုင်ကြသည်။
မြန်မာနိုင်ငံသည် ယှဉ်ပြိုင်ကြိုးပမ်းနေရမည့် ပထဝီနိုင်ငံရေးအနေအထား ခေတ်ကာလထဲ ရောက်နေသည်။ နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ အချက်အချာလည်းကျ၊ သယံဇာတလည်းကြွယ်ဝဆိုပြီး ငြိမ်နေရုံနှင့် ဘာမျှဖြစ်မလာနိုင်။ အတ္တာဟိအတ္တနော နာထော - မိမိကိုယ်သာ မိမိ၏ကိုးကွယ်ရာပင်။ သဘာဝအရင်းအမြစ်ကိုလည်းအားကိုး၊ ပတ်ဝန်းကျင် ကိုလည်းထိန်း၊ လုံ့လဝီရိယလည်းပါ၊ ပညာအမြော် အမြင်နှင့်ပေါင်းစပ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာနှင့်တွဲသုံးလျှင် ဧကန်မုချ ဖွံ့ဖြိုးတိုးတက် ချမ်းသာလာမည်။
မြေသယံဇာတ တေဇော အပူဓာတ်၊
သံနှင့် သံမဏိကို ကောင်းစွာနိုင်သောနိုင်ငံများ
လူ့ယဉ်ကျေးမှုအစမှာ တရုတ်တို့က စက္ကူတီထွင်မှု၊ ယမ်းတီထွင်မှု၊ ပုံနှိပ်အတတ်ပညာ တီထွင်မှု၊ သံလိုက်အိမ်မြှောင်တီထွင်မှုတို့ဖြင့် ကမ္ဘာကြီးကို ပြောင်းလဲပုံဖော်ခဲ့သည်။ ဘီစီ ၅၁၂ ခုနှစ်တွင် တရုတ်တို့က သံကျွတ်ကို ထုတ်လုပ်သုံးနေခဲ့ပြီ။ ၁၈ ရာစုနှောင်းပိုင်းမှာ ရေနွေးငွေ့မောင်း မော်တော် ယာဉ်၊ သင်္ဘော၊ ရထားတို့ပေါ်လာသည်။ အမေရိကန်၊ ရုရှားနိုင်ငံတို့က သံကိုလည်းကောင်း၊ ဒန်ကို လည်းကောင်း၊ ဂျာမန်၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့က သံနှင့် သံမဏိကိုလည်းကောင်း ကောင်းစွာနိုင်သဖြင့် ကြွယ်ဝချမ်းသာသွားကြသည်။ စက်ယန္တရား၊ ယာဉ်ရထား၊ ပင်လယ်ကူးသင်္ဘောကြီး များသည် သံနှင့်မကင်း။ စက်ရုံများ မီးခိုးတလူလူ ဖြစ်ခဲ့သည်။ ဝေဟင်လေယာဉ်များ တည်ဆောက်၍ ခရီးသွားခဲ့ကြသည်။ အနုပညာနှင့် ဗိသုကာပညာကို ဖန်တီးနိုင်ခဲ့သည်။ ဘုရားဝတ်ပြုကျောင်းများ တည်ဆောက်နိုင်ခဲ့သည်။ လူနေမှုအဆင့်မြင့်မားလာ ခဲ့ကြသည်။
ကုန်တင်ယာဉ်ကိုဆွဲရန် ရေနွေးငွေ့အင်ဂျင်စက်ကို တည်ဆောက်နိုင်ခဲ့ခြင်း၊ အင်ဂျင်စက်ကို ကျောက်မီးသွေးဖြင့် မောင်းနိုင်ခြင်း၊ သံသတ္တုထုတ်လုပ်နိုင်ခြင်းတို့က စက်မှုထွန်းကားရန်ဖြစ်လာ ခဲ့သည်။ ကနဦးနားလည်ခဲ့သည့် စက်စွမ်းအင်သည် ရေနွေးငွေ့မှဖြစ်ပေါ်သည့် အပူစွမ်းအင်၊ ထိုစွမ်းအင်ကို ကျောက်မီးသွေးလောင်ကျွမ်းခြင်းမှလည်းရသည်။ ဥရောပတစ်ခွင် မြင်းရထားလုံးများနေရာ၌ မော်တော်ယာဉ်များ နေရာရလာပါတော့သည်။ ဆီမီးအိမ်နေရာ၌ လျှပ်စစ်မီးလုံးများဖြင့် အစားထိုးခဲ့သည်။ ကြိုးတံတားများတည်ဆောက်၊ ကြေးနန်းရိုက် ဆက်သွယ်မှုနည်းပညာ တီထွင်ခဲ့သည်။
ပထဝီဓာတ်ကို မြေသယံဇာတကြွယ်ဝသည့် သတ္တု ရွှေ၊ ငွေ၊ ကြေးနှင့် သံကိုထုတ်လုပ်ခြင်းဖြင့် စက်မှုလယ်ယာသို့ လှမ်းနိုင်မည်။ “သံသေရင် တစ်ပြည်ဝ”ဆိုတာသိ၏။ ရှမ်းပြည်နယ်၌ သံ သယံဇာတ (Hematite)၊ ထုံးကျောက် (Limestone) ရှိသည်၊ အရည်အသွေးမမြင့်သော်လည်း ကျောက်မီးသွေးရှိသည်။ သံထုတ်လုပ်ရန် အဓိက ကုန်ကြမ်းသုံးမျိုးဖြင့် သံထုတ်လုပ်နိုင်သော်လည်း မြန်မာတို့ သံထုတ်လုပ်လည်ပတ်မောင်းနေသည့် စက်ရုံ မည်မည်ရရမရှိ။ မြေရှားသတ္တု (rare earths) ကို နည်းပညာမြင့်ဖြင့် ထုတ်လုပ်နိုင်မည်ဆိုပါက ပို၍အကျိုးဖြစ်ထွန်းပါမည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က သိပ္ပံအရာတွင် ရှေ့တန်း၌ ရောက်ရှိနေကြသည်။ အဏုမြူစွမ်းအင်ရရှိရေး၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကို ထုတ်လုပ်သုံးစွဲနိုင်ကြသည်။ ကျောက်မီးသွေးမှ လေထုညစ်ညမ်းစေသော ဓာတ်ငွေ့အမှုန်အမွှားများ သန့်စင်သည့်နည်းပညာဖြင့် အမေရိကန်၊ ဂျပန်၊ ရုရှားတို့သည်လည်းကောင်း၊ တရုတ်သည်လည်း ကောင်း ကျောက်မီးသွေးစက်ရုံများ လည်ပတ်လျက်ရှိနေကြသည်။ အမေရိကန်နိုင်ငံတွင် မွန်ရိုး ကျောက်မီးသွေး (Monroe Coal-fired Power Plant) လျှပ်စစ်ထုတ်စက်ရုံကြီးသည်ပင် ၂၀၄၀ ပြည့်နှစ်မှ အနားယူပါမည်။
မြန်မာနိုင်ငံ၌မူ ကျောက်မီးသွေးစက်ရုံ သေးသေးလေးကိုပင် တည်ဆောက်ရန် အကြောင်းမဲ့ စိုးရိမ်ထိတ်လန့်နေသည်။ တောင်ပိုင်းပင်လယ် ကမ်းရိုးတန်း မိုးများသောဒေသများ၌ နည်းပညာ အတော်အသင့်သာလိုသည့် ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ကိုထုတ်လုပ်သင့်ပါသည်။ ကျွဲ၊ နွား၊ လူ့ခွန်အားနှင့် မဖြစ်နိုင်တော့သည့်အခြေအနေမို့ မြန်မာနိုင်ငံသည် အခြားသောစွမ်းအင်များဖြစ်သည့် နေရောင်ခြည်၊ လေစွမ်းအင်ကိုလည်း စဉ်းစားရမည် ဖြစ်သည်။
လျှပ်စစ်စွမ်းအင်ကို ယခုကတည်းက ဖြည့်ဆည်းထားရမည်။ မြန်မာနိုင်ငံအတွက် မည်သို့ သော စွမ်းအင်အရင်းအမြစ်ကိုပင်ဖြစ်ဖြစ် အခြေခံပြီး လျှပ်စစ်ဓာတ်ကို ထုတ်ကြရပါမည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျောက်မီးသွေးသုံး၍ လျှပ်စစ်ထုတ်ကာ သံသေအောင်စွမ်းခဲ့သည်။ မြေပြင်၊ ရေပြင်၊ ဝေဟင်ယာဉ်များ တည်ဆောက်သည်။ ကျောက်မီးသွေးသုံးသဖြင့် လေထုညစ်ညမ်းသည်ဟု ဝိုင်းအုံ၍ ပြစ်တင်ရှုတ်ချခြင်းခံရသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် ကမ္ဘာကြီး ပူနွေးကြောင်း လက်ညှိုးထိုးအပြစ်တင်ကြသည်။ ထိုဓာတ်ငွေ့မရှိလျှင် သစ်ပင်သစ်တော၊ ဆန်ရေစပါး မဖြစ်ထွန်းမည်ကို လူအများစုမသိကြ။ မကြာသေး မီက တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လကမ္ဘာသို့ ဂြိုဟ်တုတစ်လုံး လွှတ်တင်ဆင်းသက်နိုင်သော တတိယမြောက်နိုင်ငံဖြစ်လာသည်။ အိန္ဒိယနိုင်ငံက သံကိုနိုင်သည်။ သိပ္ပံနှင့် နည်းပညာမြင့်မားသောကြောင့် လကမ္ဘာသို့ ဆင်းသက်နိုင်ပြန်သည်။
သိပ္ပံနှင့် နည်းပညာသည် ဓနဥစ္စာ
၁၈၂၀ ပြည့်နှစ်က Scotland Kilmarnock ရွာလေး၌ John Walker & Sons က ဝီစကီ (Whisky) ကို ချက်လုပ်ခဲ့သည်။ တကယ်တော့ John Walker & Sons ဝီစကီလုပ်ငန်းက ကြီးမားသည့် သန်းပေါင်းများစွာတန် စီးပွားရေးလုပ်ငန်းကြီး ဖြစ်သည်။ အင်္ဂလန် GDP တွင် အခရာဖြစ်နေသည်။ အရည်အသွေးကောင်းဖို့၊ ဝက်သစ်ချစည် (Oak Barrel) ထဲ အပူချိန်ဘယ်လောက်မှာ ၈ နှစ်၊ ၁၂ နှစ်၊ ၁၆ နှစ် စသည်ဖြင့် သိုလှောင်ထားပြီး ကမ္ဘာကို အဆက်မပြတ်တင်ပို့သည်။
သစ်သီးတစ်ခုတည်းမှ အချိုဓာတ်တစ်ခုကို ယခင်က တောင်သူလယ်သမားက လယ်ယာထဲတွင် ယင်းအပင်ကိုစိုက်ရပါသည်၊ ယနေ့ခေတ်တွင် ထိုအချိုဓာတ်ထက် အဆပေါင်းများစွာချိုသော ဓာတ်ကို Bacteria tube ထဲ၌ ထုတ်လုပ်နိုင်ပြီ။ ယင်းနည်းပညာသစ်ကြောင့် လယ်သမားများ ပင်ပန်းကြီးစွာ လယ်ယာအလုပ် လုပ်စရာမလိုတော့ သောအခြေအနေဖြစ်လာသည်။ Genome ခေတ် ရောက်လာမည်ဆိုလျှင် မြန်မာ့စိုက်ပျိုးရေးလည်း တစ်ခေတ်ဆန်းလာမည်ဖြစ်သည်။
သိပ္ပံနှင့်နည်းပညာသည် ဓနဥစ္စာဖြစ်သည်ကို ထောက်ပြနိုင်သည်မှာ ပြင်သစ်မှ ရှန်ပိန်နှင့် ကော့ညက်၊ ဝိုင်နှင့် ရေမွှေးတို့ဖြစ်သည်။ ပြင်သစ်က ရေမွှေးနှင့်ဝိုင်၊ စကော့တလန်က ဝီစကီထုတ်လုပ် သောလုပ်ငန်းများသည် ဓာတုပညာရပ်ကိုလိုက်စားပြီး ဖွံ့ဖြိုးလာသည့် ဧရာမစီးပွားရေးလုပ်ငန်းများ ဖြစ်သည်။ ရေမွှေးနှင့် ဝိုင်ထုတ်လုပ်မှုကြောင့် ပြင်သစ်သည် ယနေ့အထိ ချမ်းသာသည်။ ထိုပစ္စည်း များ၏ဇာစ်မြစ်သည် တောထဲ၊ လယ်တောထဲကပင်လာသည်။ လုပ်ငန်းရှင်များသည် ရှေးနှစ်ပေါင်း များစွာကတည်းက သုတေသနကို စနစ်တကျ လုပ်လာသည့်အတွက် တောထဲမှပစ္စည်းများဖြင့် ပြင်သစ်တို့ ကြွယ်ဝချမ်းသာလာခြင်းဖြစ်သည်။
ဦးပိန်တံတား စတင်တည်ဆောက်သည့်အချိန်၌ ဦးပိန်သည် ဓာတုဗေဒပညာကို သိပုံပေါ်သည်။ မြေကြီးမှ ထန်းပင်ထိပ်ရောက်သွားသည့် ထန်းရည်သည် အသန့်ဆုံးဖြစ်သည်။ ဦးပိန်သည် ထန်းပင် ပေါ်မှရသည့် အရည်သည် Fructose, Glucose တို့ ပါသည့်အတွက် အချိုအရသာ အားရှိမှန်းသိပုံရပါသည်။ ယနေ့သုတေသီများက ထန်းရည်မှ ထန်းလျက်ချက်တာသိသည်၊ နားလည်သည်။ သို့သော် သဲကြီး မဲကြီး သုတေသနပြုလုပ်မှုမရှိ။ ထန်းရည်မှ ထန်းလျက်၊ ထန်းလျက်မှ အရက်ချက်သည့်အဆင့်မှာပင် ကျေနပ်ကြသည်။ ထန်းလျက်မှ အရက်ဖြစ်တာချင်းအတူတူ ကမ္ဘာကို စီးပွားဖြစ်မတင်ပို့နိုင်ပြန်။ ကမ္ဘာကို ဖြန့်ဖို့ကိစ္စမလွယ်လှ။ ဘက်ပေါင်းစုံ စီမံခန့်ခွဲနိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအားနည်းနေသည်ကို လက်ခံရမည်ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများက များစွာအရေးပါလာသည်။ ကုန်ကြမ်းပစ္စည်းများ၏ ဇာစ်မြစ်သည် လယ်တောထဲမှလာသည်။ ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို မြန်မာ့အစဉ်အလာနှင့် ကိုက်ညီသည့် စုပေါင်းသမဝါယမစနစ်ကို ထိထိမိမိ အကောင်အထည်ဖော်ခြင်းဖြင့် စိုက်ပျိုးသူများ၏ ဘဝကိုမြှင့်တင်နိုင်မည်။ တစ်ဦးချင်းအနေဖြင့်လည်း ဆောင်ရွက်နိုင်သည်။ ကုန်ကြမ်းများကို ပြည်ပမှ ဝယ်ယူ၍ ဆောင်ရွက်ခြင်းထက် ဒေသတွင်း လယ်တောထဲမှလာသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများစွာပေါ်လာ နိုင်မည်။ ရေခံမြေခံကောင်းသော၊ သယံဇာတ ပေါကြွယ်ဝသော၊ ပထဝီနိုင်ငံရေးကောင်းသော မြန်မာနိုင်ငံကြီးအား သာယာဝပြောဖွံ့ဖြိုးတိုးတက်စေရေးအတွက် စမတ်ကျသော စွန့်ဦးတီထွင်သူ လူသားအရင်းအမြစ် မွေးထုတ်ကြရမည်။
၁၉၃၀ ပြည့်နှစ်များတွင် ဓာတုဗေဒသုတေသီများက Dupont ကုမ္ပဏီ၌ အလုပ်လုပ်ရင်း Feron-12 ကို ထုတ်လုပ်ခဲ့သည်။ ရေခဲသေတ္တာနှင့် အအေးခန်းကြီး၊ အင်ဂျင်စက်ကြီးများကို အေးအောင် ပြုလုပ်နိုင်သည့် ဂုဏ်ထူးဝိသေသရှိသည်။ ယခင်က အသုံးပြုခဲ့သည့် အန္တရာယ်ရှိ အမိုးနီးယား နိုက်ထရိုဂျင်အောက်ဆိုက်တို့နေရာ၌ CFCs နှင့် အစားထိုးနိုင်ခဲ့သည်။ CFCs ထုတ်သည့်လုပ်ငန်း သည် Delaware ပြည်နယ်မှ ရွာများအထိ ကြီးထွားခဲ့သည်။ ကျေးရွာသာသာရှိသည့် Atlanta၊ Dallas တို့သည် စည်ကားခဲ့သည်။
မြန်မာနိုင်ငံကြီး သာယာဝပြောနိုင်ဖို့…
မြန်မာနိုင်ငံ သာယာဝပြောဖို့ ပညာကို အဓိက တည်ဆောက်ကြရပါလိမ့်မည်။ ပြည်သူတို့၏ စိတ်နေစိတ်ထား မြင့်မားရန်လိုအပ်သည်။ လက်နက်စွဲကိုင်သော တော်လှန်လှုပ်ရှားမှုများကြောင့် သယံဇာတ၊ လမ်းတံတားများဆုံးရှုံး၊ တိုင်းပြည် အထနှေးခဲ့သည်။ ပြည်သူလူထုတစ်ရပ်လုံး တစ်ဦး၊ တစ်ယောက်ချင်းမှသည် အဖွဲ့အစည်းတို့က မိမိတို့၏ အချိန်၊ စွမ်းအား၊ နိုင်ငံ၏ သယံဇာတကြွယ်ဝမှုတို့ကို မိတ်ဆွေဖြစ်ရန် ကြိုးစားကြရပါမည်။ လက်နက်ခဲယမ်းများအစား တူ၊ တံစဉ်များကိုင်၊ လယ်ထွန်စက် ကိုမောင်း၊ တောင်လိုပုံနေသောစပါးကို ခေတ်မီ ဆန်ကြိတ်စက်ကိုပို့၊ ဆီစက်များကို လျှပ်စစ်ဖြင့် မောင်းနိုင်ရန်ဖြစ်သည်။ လူသားတစ်ဦး၏ လက်နှစ်ဖက် သည် ရေသယ်၊ ထင်းခွေအဆင့်မှ ကျွမ်းကျင်မှုရှိသော၊ စဉ်းစားနိုင်သော လက်နှစ်ဖက်ဖြစ်ရန်၊ ဦးနှောက်ခေတ် (Brain Era)သို့ရောက်ရန်ဖြစ်သည်။
ယနေ့ခေတ်တွင် မြေနှင့်ရေ၌ အချဉ်ဓာတ်ကို တိုင်းသည့် pH (ပီအိတ်ချ်) မီတာကိုလည်း ဝယ်နိုင် လာသဖြင့် လယ်သမားက ပီအိတ်ချ်မီတာကို ခါးကြားထိုး၊ ပီအိတ်ချ်တိုင်း၊ သူ့မြေသည် ပီအိတ်ချ် ၅ ဖြစ်လျှင် အာလူးစိုက်ရမှန်းသိသည်။ ပီအိတ်ချ် ၆ ဆိုလျှင် မြေပဲနှင့် ဂေါ်ဖီစိုက်ရမှန်းသိသည့်အဆင့် ရောက်လာပါသည်။ မြန်မာတို့ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ဖို့ဆိုလျှင် စိုက်ပျိုးရေးပညာ၊ ရေဘယ်လောက်လောင်းသင့်သလဲ၊ ဓာတ်မြေသြဇာ ဘယ်လောက်ထည့်ရမလဲဆိုတာ သိနိုင်ဖို့လိုပါလိမ့် မည်။ မြန်မာ့လယ်မြေတွင် ပိုးသတ်ဆေး မလွန်မကျွံအောင် ထည့်တတ်ရပါမည်။
ပညာပါသောစိုက်ပျိုးရေးကို အခြေပြုသည့် လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးသို့ လှမ်းနေ ရမည်။ သမားရိုးကျနည်းဖြင့်ဆိုလျှင် ဘယ်ကိစ္စမျှ မည်မည်ရရဖြစ်ထွန်းနိုင်မည်မဟုတ်။ လုပ်ရိုးလုပ်စဉ် အတိုင်း၊ မိရိုးဖလာအတိုင်း၊ လုပ်၍မရသောခေတ်ထဲ ရောက်နေ၍ပင်။ (Knowledge base၊ skilled base work force.) ကျွမ်းကျင်မှုတစ်ခုက လူတိုင်း မိသားစုဝင် တိုင်း လိုအပ်နေပြီဆိုသည်မှာ အလွန်ထင်ရှားပါသည်။ မြန်မာတောင်သူလယ်သမားများက နည်းပညာ ဆန်းသစ်မှုဖြင့် ပိုမိုတိုးတက် ထုတ်လုပ်နိုင်သောအဆင့် ရောက်အောင် ဆက်လက်ကြိုးပမ်းကြရပါမည်။
စိုက်ပျိုးရေးချေးငွေများ၊ ဓာတ်မြေဩဇာများ၊ မြစ်ရေတင်စီမံကိန်းများ စသည်တို့သည် တောင်သူ လယ်သမားများ ဘဝမြင့်မားရေးအတွက် သွင်းအားစု များဖြစ်သည်။ ဤသွင်းအားစုများ အားကောင်းလာသည်နှင့်အမျှ ဆန်ရေစပါး၊ ဆီထွက်သီးနှံ နှမ်း၊ ပဲ ပြောင်း၊ ဝါ စသည်တို့သည် ပို၍ဖြစ်ထွန်းလာမည်။ ရှေးယခင်က မလှိုင်နံပါတ် ၅ ဝါသည် အလွန်ထင်ရှားခဲ့သည်။ အမေရိကန်၊ ရုရှား၊ အိန္ဒိယနှင့် အီဂျစ်နိုင်ငံတို့သည် ဝါထွက်ကောင်းသောနိုင်ငံများအဖြစ် ထင်ရှားသည်။
ရုရှားချည်မျှင်ရှည်ဝါတို့ဖြင့်လည်း ဖြည့်စွက်ကာ အဝတ်အထည်ထုတ်လုပ်ချုပ်လုပ်ရာတွင် အားကောင်းခဲ့သည်။ မြေ၊ ရေ၊ လေနှင့် နေစွမ်းအင် သယံဇာတတို့မှ စိုက်ပျိုးသီးနှံများဖြစ်လာကြသည်။ စက်မှုနိုင်ငံ တည်ထောင်လာနိုင်မည်။ မျိုးရိုးဗီဇ ဂျီနှုန်း (Heredity Genome) ကဲ့သို့သောနည်းပညာ၊ ဇီဝမြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်လျှင် မြန်မာ့တောင်သူလယ်သမားတို့ ရွှေသီးကြမည်ဖြစ်သည်။ မြန်မာ့လယ်သမားတို့သည် ရာသီဥတု မိုးလေမှန်လျှင် တစ်နှစ်လောက် နားနေလို့ရသည့် သူဌေးများဖြစ်သည်။ နည်းပညာနှင့် စက်မှုလယ်ယာ တို့ကိုပေါင်း၊ မွေးမြူရေးပါ ထည့်လိုက်လျှင် အမေရိကန်၊ ဂျပန်နှင့်ထိုင်းလယ်သမားသူဌေးကြီးများကဲ့သို့ ဖြစ်လာပါလိမ့်မည်။ ။


