နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့် ဖွင့်လှစ်

 

နေပြည်တော် နိုဝင်ဘာ ၁၀ 

 

အခြေခံပညာ အဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသ နည်းပညာ ဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1)၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့် ဖွင့်လှစ်ပေးသည်။

 

အခမ်းအနားသို့ ဒုတိယ သမ္မတများ ဖြစ်ကြသည့်  ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာအာကာသ အေဂျင်စီ အမှုဆောင် အရာရှိချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များ၊ မြန်မာအာကာသ အေဂျင်စီနှင့် အာကာသသိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်တို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ၊ အနုပညာရှင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနား ကျင်းပပြုလုပ်မည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၁ သို့ ရောက်ရှိလာရာ တာဝန်ရှိသူများ၊ ဘင်ခရာအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများ၊ အနုပညာရှင်များ က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

 

ထို့နောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်သမ္မတက အခြေခံပညာအဆင့် အာကာသ ဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာ ဆိုင်ရာပြခန်းများဖွင့်ပွဲ အခမ်းအနားကို ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အာကာသ နည်းပညာဆိုင်ရာ ပြခန်းများဖြစ် သည့် အာကာသနှင့် AI နည်းပညာသုံး စိုက်ပျိုးရေးစနစ်ပြခန်း၊ အာကာသနှင့် AI နည်းပညာ အသုံးချပြခန်းရှိ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးစနစ်၊ ဂြိုဟ်တုနည်းပညာအသုံးချ Application များ၊ AI နှင့် အမေးအဖြေကဏ္ဍ၊ AI အသုံးပြုစိတ်ဝင်စားဖွယ်ဂိမ်းများ၊ စက်ရုပ်နည်းပညာ ပြခန်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ပြခန်း၊ နက္ခတ် တာရာနှင့် အာကာသ သိပ္ပံပြခန်း၊ အာကာသစူးစမ်းလေ့လာရေးပြခန်း၊ နက်ရှိုင်းသောအာကာသ စူးစမ်းလေ့လာရေး သုတေသန ပြခန်းတို့အတွင်း ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာရာ ပြခန်းအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

 

ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်သမ္မတက မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် မိမိတို့နိုင်ငံအတွက် လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေသိရှိ နားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လိုကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေဆီလွှာ၊ ရေနှင့် သီးနှံ အခြေအနေကိုသိရှိပြီး အချိန်မီစီမံနိုင်ရေးအတွက် အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ် ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်သုတေသနပြု ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတွင်းရှိ ရေသယံဇာတအပါအဝင် သဘာဝအရင်း အမြစ်များကို အာကာသနည်း ပညာအသုံးပြု၍ အချက်အလက်များရယူကာ အကျိုးရှိရှိအသုံးချဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ အာကာသနှင့် ပတ်သက်သည့် ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ အာကာသနှင့် ပတ်သက်သည့် အသိပညာများအား မျိုးဆက်သစ်လူငယ်မောင်မယ်များ သိရှိနားလည်နိုင်ရေး ခေတ်နှင့်အညီ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်လုပ်ဆောင်ပေးခြင်းတို့ဖြင့်လည်း အာကာသ နည်းပညာကို စိတ်ပါဝင်စားမှု မြင့်တက်လာစေရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကျောင်းသား ကျောင်းသူလေးများ၏ အခြေခံ ပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရေးဆွဲနေ မှုများကို လိုက်လံကြည့်ရှုအားပေး ကြသည်။

 

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ယခင်ပြိုင်ပွဲ ၌ ဆုရရှိခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာလက်ရာများ ခင်းကျင်း ပြသထားရှိမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတက ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်လေးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

အဆိုပါ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို နေပြည်တော် ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့က ကြီးမှူး၍ အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာ စိတ်ကူး စိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲများကို အခြေခံ ပညာမူလတန်းအဆင့်၌ “အာကာသအိပ်မက်” ခေါင်းစဉ်ဖြင့် ယနေ့တွင်လည်းကောင်း၊ အခြေခံ ပညာအလယ် တန်းအဆင့်၌ “လူသားနှင့် အနာဂတ်အာကာသ” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၁ ရက်တွင်လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့်၌ “အသုံးချလေ့လာ အာကာသ နည်းပညာ” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၂ ရက်တွင်လည်း ကောင်း ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်