နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပွားရေး ဝက်သက် - ဂျိုက်သိုး ကြိုတင်ကာကွယ်

ဝက်သက်နှင့် ဂျိုက်သိုးရောဂါများသည် ကလေးငယ်များတွင် ကူးစက်မြန်ပြီး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပွားစေနိုင်သည်။ အသက် ၉ လမှ ၅၉ လအရွယ် ကလေးငယ်များကို ဝက်သက် - ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းဖြင့် ကလေးငယ်များ၏ ခုခံအားကို ပိုမိုမြင့်မားလာစေမည်ဖြစ်သည်။

 

ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဓိကကူးစက်ပြီး ရောဂါပိုးမှာ Para myxovirus မိသားစုဝင် RNA ဗိုင်းရပ်စ် ဖြစ်သည့် Measles virus ဖြစ်သည်။ ဤဗိုင်းရပ်စ်သည် အလွန်ကူးစက်လွယ်ပြီး လေထဲတွင် ၂ နာရီခန့်အထိ အသက်ရှင်နိုင်သည်။ လူနာနှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားလေးများသည် လေထဲတွင်လွင့်မျောနေတတ်ပြီး ထိုလေကို အခြားသူကရှူမိပါက ကူးစက်သည်။ ရောဂါရှိသူအခန်းထဲက ထွက်သွားပြီးနောက် ၂ နာရီကြာသည်အထိ အခန်းတွင်းရှိလေထဲ၌ ဗိုင်းရပ်စ်ပိုး ကျန်ရှိနေနိုင်သည်။ လူနာ၏နှာရည်၊ တံတွေး၊ မျက်ရည်တို့နှင့် တိုက်ရိုက်ထိတွေ့မိခြင်း၊ ဗိုင်းရပ်စ်ပိုးများ တင်ကျန်နေသည့်မျက်နှာပြင်များကို ကိုင်တွယ်ပြီး မိမိနှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကို ပြန်လည်ပွတ်သပ်မိခြင်းတို့မှလည်းကူးစက်နိုင်သည်။

 

ဂျိုက်သိုးရောဂါသည် Matonaviridae မိသားစုဝင် RNA ဗိုင်းရပ်စ် ဖြစ်သော Rubella virus ကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ ဝက်သက်ဗိုင်းရပ်စ်လောက် ကူးစက်မှုမပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားဆီသို့ ကူးစက်နိုင်စွမ်းမြင့်မားသည်။ လူနာ၏ တံတွေးနှင့်နှာရည်အမှုန်အမွှားများကို အနီးကပ်ရှူမိခြင်း၊ ထိတွေ့မိခြင်းတို့မှကူးစက်ခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင် ဂျိုက်သိုးပိုးကူးစက်ခံရပါက အချင်းမှတစ်ဆင့် သန္ဓေသားဆီသို့ကူးစက်ပြီး မွေးရာပါ ဂျိုက်သိုးရောဂါစု (CRS) ဖြစ်စေသည်။

 

ဝက်သက်ရောဂါဖြစ်ပွားသူများတွင် ၃၀ ရာခိုင်နှုန်းခန့်သည် အဆုတ်ရောင်ရောဂါ၊ ဦးနှောက်ရောင် ရောဂါ၊ ပြင်းထန်စွာဝမ်းလျှောခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်း၊ နားပိုးဝင်ခြင်း၊ မျက်ကြည်လွှာအနာဖြစ်ကာ မျက်စိကွယ်ခြင်း၊ အသက်အန္တရာယ်ပေးနိုင်သည့် ရှားပါးသော နောက်ဆက်တွဲ SSPE ဖြစ်ခြင်း၊ ကိုယ်ခံအားစနစ် အားနည်းသွားခြင်း၊ ကိုယ်ဝန်ဆောင်များ ကိုယ်ဝန်ပျက်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်းနှင့် မွေးရာပါကိုယ်အလေးချိန် နည်းပါးခြင်းတို့ ဖြစ်စေနိုင်သည်။

 

ဂျိုက်သိုးရောဂါသည် လူကြီးများတွင် အပျော့စား ဖြစ်တတ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များ ကူးစက်ခံရပါက သန္ဓေသားအပေါ် ပြင်းထန်သော အကျိုးသက်ရောက်မှုဖြစ်စေသည်။ ကိုယ်ဝန်ဆောင်မိခင် ကိုယ်ဝန်ပထမ ၃ လအတွင်း ဂျိုက်သိုးကူးစက်ခံရပါက မွေးလာမည့်ကလေးတွင် မွေးရာပါနှလုံးရောဂါ၊ မျက်စိအတွင်းတိမ် သို့မဟုတ် အမြင်အာရုံထိခိုက်ခြင်း၊ မွေးရာပါနားမကြားခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းနှင့် ဦးခေါင်းခွံ သေးငယ်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းသို့မဟုတ် ကလေးအသေမွေးဖွားခြင်းတို့ဖြစ်လာနိုင်သည်။

 

ဝက်သက်နှင့် ဂျိုက်သိုးရောဂါများကို ကာကွယ်ရန်အတွက် MMR ကာကွယ်ဆေး (Measles, Mumps and Rubella Vaccine) ကို ကမ္ဘာတစ်ဝန်းလုံးတွင် အဓိကအသုံးပြုသည်။ ဤဆေးသည် ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါ ၃ မျိုးလုံးကို ကာကွယ်ပေးနိုင်သော ပေါင်းစပ် ကာကွယ်ဆေးဖြစ်သည်။ အပြည့်အ၀ ကာကွယ်မှုရရှိရန်အတွက် ကာကွယ်ဆေးကို ၂ ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ကလေးအသက် ၉ လပြည့်လျှင် ပထမအကြိမ်နှင့် ကလေးအသက်တစ်နှစ်ခွဲ (၁၈ လ) ပြည့်လျှင် ဒုတိယအကြိမ် ထိုးနှံရမည်ဖြစ်သည်။

 

ဂျိုက်သိုးရောဂါသည် မွေးရာပါ ကလေးကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေသောကြောင့် အမျိုးသမီးများ အိမ်ထောင်မပြုမီ သို့မဟုတ် ကိုယ်ဝန်မယူမီ ဂျိုက်သိုးကာကွယ်ဆေး ထိုးထားသင့်သည်။ အရေးကြီးသည့်အချက်မှာ ကာကွယ်ဆေးထိုးပြီးလျှင် အနည်းဆုံး ၁ လ သို့မဟုတ် ၄ ပတ်အတွင်း ကိုယ်ဝန်မယူရန်နှင့် စိတ်ချရစေရန် ၃ လခန့် စောင့်ဆိုင်းပြီးမှ ကိုယ်ဝန်ယူရန် ဆရာဝန်များက အကြံပြုကြသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဂျိုက်သိုး ကာကွယ်ဆေးကို လုံး၀မထိုးရသည့်အပြင် ကိုယ်ခံအားစနစ် လွန်စွာလျော့ကျနေသူများ၊ ယခင်ကာကွယ်ဆေးထိုးစဉ် ပြင်းထန်သောဓာတ်မတည့်မှု ဖြစ်ဖူးသူများ၊ ပြင်းထန်စွာ ဖျားနာနေသူများမှာလည်း ကာကွယ်ဆေးမထိုးသင့်သူများဖြစ်သည်။

 

ဝက်သက် - ဂျိုက်သိုး ရောဂါကာကွယ်ဆေးသည် မွေးပြီးကလေးငယ်များနှင့် မွေးလာမည့် ကလေးငယ်များအတွက် မဖြစ်မနေထိုးနှံကြရန် လိုအပ်သည့်ဆေးဖြစ်သည်။ ရောဂါဖြစ်လာပါက ခံစားရမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ အသက်အန္တရာယ်အထိပြင်းထန်ပြီး အသက်မသေ ပါကလည်း ဘဝတစ်လျှောက် လူဖြစ်ရှုံးရသည့်အဖြစ်မျိုး ကျရောက်နိုင်သည်ဖြစ်ရာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံ၍ ကြိုတင်ကာကွယ်ကြရပါမည့်အကြောင်း။ ။

(မြန်မာ့အလင်း)