မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် တစုတစည်းတည်း စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုး အသီးသီး၏ မြတ်နိုးနှစ်သက်ဖွယ် ယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့စရိုက်များစုံလင်စွာပိုင်ဆိုင်ထားသည်။ အဆိုပါယဉ်ကျေးမှုစရိုက် လက္ခဏာများကို တိုင်းရင်းသားလူမျိုးအချင်းချင်း မျှဝေပေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ တန်ဖိုးထားလေးစားမှုများ တိုးတက်ဖြစ်ထွန်းလာပြီး အေးချမ်းသာယာဝပြောသည့်ပြည်ထောင်စုကြီးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
နိုင်ငံသူ နိုင်ငံသားများသည် မိမိတို့၏ လူမှုစီးပွားဘဝအမျိုးမျိုးတို့ဖြင့် နိစ္စဓူဝကျင်လည်လှုပ်ရှား နေကြရသည်ဖြစ်ရာ မိမိတို့ညီအစ်ကိုမောင်နှမများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များကို ထဲထဲဝင်ဝင် လေ့လာသိရှိနိုင်ရန် အခွင့်အလမ်းများနည်းပါးလျက်ရှိသည်။ တစ်ဦးနှင့်တစ်ဦးဘဝများကို သိရှိနားလည်မှုနည်းပါးသဖြင့် သံသယများ၊ အထင်အမြင်လွဲမှားမှုများ ရှိကောင်းရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်မှ ပါဝင်ဆောင်ရွက်မှု၊ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုများဖြင့်ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများ၊ လူမှုဘဝများကို သိရှိလေ့လာခွင့်များရရှိနေကြပြီ။
ယခုအခါ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများသည် နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ အထင်ကရနေရာများကို လေ့လာကြည့်ရှုခွင့်ရကြသည်။ ထိုသို့ကြည့်ရှုလေ့လာခွင့် ရကြခြင်းဖြင့် မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် အသိပညာဗဟုသုတများကို နှံ့စပ်စုံလင်စွာ ရရှိကြသည်။ အလားတူ ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားလူမျိုးအသီးသီးနှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုစင်တာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ပြတိုက်များကိုဖွင့်လှစ်ထားရှိရာ အဆိုပါ နေရာဌာနများကိုလည်း တိုင်းရင်းသားပြည်သူများ လေ့လာကြည့်ရှုခွင့်ရကြသဖြင့် အသိပညာ ဗဟုသုတများတိုးပွားပြီး ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို အထောက်အကူ ပြုလျက်ရှိသည်။
မွန်ပြည်နယ် ယဉ်ကျေးမှုစင်တာနှင့် ပြတိုက်တို့တွင် တိုင်းရင်းသားများ၏ တူရိယာများ၊ ရိုးရာဝတ်စားဆင်ယင်မှုများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြသထားသည်။ စင်တာဝင်းအတွင်း၌ မွန်၊ ကရင်၊ ဗမာ၊ ပအိုဝ်းရိုးရာအိမ်များနှင့် အထင်ကရနေရာများ ပြသထားပြီး တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာများနှင့် သမိုင်းအမွေအနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရာ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်တည်ဆောက်ထားသည်။ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများသာမက တိုင်းရင်းသားများ၏ စိတ်ဝင်စားဖွယ်ကောင်းသည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် ထုတ်ကုန်ပစ္စည်းများကိုလည်း တွေ့ရသည်။
နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် နိုင်ငံတော်အဆင့်၊ ဒေသအဆင့် ပြတိုက်အမျိုးမျိုးကို တည်ဆောက်ပေးထားသည်။ ပြတိုက်များသည် နိုင်ငံတော်၏ သက်ဆိုင်ရာ သမိုင်းကြောင်းများနှင့် ဆိုင်ရာဆိုင်ရာတို့၏ တိုးတက်ဖြစ်ထွန်းလာခဲ့မှုများကို ပြသထားသည်။ ပြတိုက်များသည် ပြည်သူများအသိပညာ ဗဟုသုတများရရှိနိုင်ရန်၊ မိမိနိုင်ငံနှင့်မိမိလူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထား အသိအမှတ်ပြုနိုင်ရန်၊ ယင်းတို့ကိုအခြေခံ၍ ပိုမိုတိုးတက်ကောင်းမွန်သည့် လူမှုဘဝများကို မျိုးဆက်များက ဆက်လက်တည်ဆောက်ဖန်တီးနိုင်ရန်ရည်ရွယ်၍ ပြသထားခြင်း ဖြစ်သည်။ ပြတိုက်များသည် စိတ်ဝင်စားဖွယ်ကောင်းပြီး အစဉ်သစ်လွင် တောက်ပစေရန် တည်ဆောက်အကောင်အထည်ဖော်ထားသည့် နေရာဌာနများဖြစ်သည်။ ပြည်တွင်း၊ ပြည်ပမှ လေ့လာကြည့်ရှုခြင်းအားဖြင့် နိုင်ငံ့ဂုဏ်ဒြပ်နှင့် တိုးတက်မှုတို့ကို ဖော်ဆောင်ပေးနိုင်သည်။
တပ်မတော်စစ်သမိုင်းပြတိုက်သည် တပ်မတော်၏ အစဉ်အလာကြီးမားသည့် သမိုင်းကြောင်းများ၊ နိုင်ငံကာကွယ်စောင့်ရှောက်ရေးနှင့် စွန့်လွှတ်စွန့်စားမှုများကို သိရှိနိုင်သည်။ အမျိုးသားပြတိုက်သည် နိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်များနှင့် တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းတန်ဖိုးများကိုသိရှိနိုင်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထက်သန်ခိုင်မာလာစေသည်။ တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ပြတိုက်များသည် တိုင်းရင်းသားများ၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို သိရှိနားလည်နိုင်ပြီး မြတ်နိုးဂုဏ်ယူဖွယ်ရာကောင်းသည့် တိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များကို ထဲထဲဝင်ဝင် သိရှိကြရခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရေး၊ စည်းလုံး ညီညွတ်ရေး၊ လေးစားတန်ဖိုးထားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို ဖြစ်ထွန်းစေသည်။ အခြားပြတိုက်အသီးသီးတို့သည်လည်း ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းများကို ဖော်ညွှန်းပြသ ထားသည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတများတိုးပွားရေးသာမက အထူးသဖြင့် မျိုးဆက်သစ် လူငယ်လူရွယ်များကြားတွင် မြန်မာတို့၏အစဉ်အလာ ကြီးမားသော သမိုင်းကြောင်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို သိရှိနားလည်လာကြခြင်းဖြင့် မိမိနိုင်ငံနှင့် မိမိလူမျိုး၏ ဂုဏ်ယူဖွယ်ရာများ၊ မြတ်နိုးတန်ဖိုးထားဖွယ်ရာများကို ပိုမိုအလေးထားလာကြပြီး အမျိုးသားအမွေအနှစ်များနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်သန်ရေးတို့ကို များစွာအထောက်အကူပြုလာမည်ဖြစ်ပါကြောင်း။ ။
(ကြေးမုံ)


