အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဧရာဝတီအသင်း အုပ်စုအဆင့်ဖြင့်ကျေနပ်ခဲ့ရ

၂၀၂၆ - ၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲများကို နိုဝင်ဘာ ၇ ရက်က ပြီးဆုံးသွားပြီး မြန်မာကလပ် ဧရာဝတီအသင်းသည် အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။

 

နောက်ဆုံးအဆင့် အုပ်စုပွဲများကို လေးသင်းသုံးအုပ်စုခွဲ ကျင်းပခဲ့ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရ သုံးသင်းအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ ဧရာဝတီအသင်းသည် တတိယနေရာ ရခဲ့သော်လည်း အကောင်းဆုံးအုပ်စု တတိယနေရာရ ထိပ်ဆုံးနှစ်သင်းစာရင်းမဝင်ဘဲ အဆင့် ၃ သာ ရခဲ့သဖြင့် ကွာတားဖိုင်နယ်တက်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

 

အုပ်စုပွဲအားလုံးအပြီး အုပ်စု (A) တွင် မြောက်ကိုရီးယားကလပ် နာဂိုရန်းအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ဂျပန်ကလပ် ကိုဘေးအသင်းက ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယ၊ မြန်မာကလပ် ဧရာဝတီအသင်းက သုံးမှတ်၊ အီရန်ကလပ် ဘမ်ခါတွန်အသင်းက အမှတ်မရ၊ အုပ်စု(B)တွင် မြောက်ကိုရီးယား ကလပ် April 25 အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ တောင်ကိုရီးယားကလပ် ဟွာချောင်အသင်းက ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယ၊ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်းက သုံးမှတ်၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်းက အမှတ်မရ၊ အုပ်စု(C)တွင် တရုတ်ကလပ် ဘေဂျင်းကျန်တန်အသင်း၊ ဥဇဘက်ကစ္စတန်ကလပ် နာဆာ့ဖ်အသင်း၊ သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်းတို့က ခြောက်မှတ်စီရခဲ့ပြီး ဖိလစ်ပိုင်ကလပ် ကာယာအသင်းမှာမူ အမှတ်မရခဲ့ပေ။ ခြောက်မှတ်ရထားသည့် သုံးသင်းတွက်ချက်ရာတွင် အုပ်စုအောက်ဆုံးမှ ဖိလစ်ပိုင်ကလပ်နှင့် ပွဲရလဒ်ကို ထည့်မတွက်ဘဲ ရမှတ်တူသုံးသင်းထိပ်တိုက် တွေ့ဆုံတဲ့ပွဲ ရလဒ်တွေကို တွက်ချက်ရာ ဥဇဘက်ကစ္စတန်ကလပ် နာဆာဖ်အသင်းက အုပ်စုပထမ၊ သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်းက အုပ်စုဒုတိယ၊ တရုတ်ကလပ် ဘေဂျင်းကျန်တန် အသင်းက အုပ်စုတတိယရရှိခဲ့သည်။

 

အကောင်းဆုံးအုပ်စု တတိယနေရာအတွက် တွက်ချက်ရာတွင် အုပ်စု(C)မှ တရုတ်ကလပ် ဘေဂျင်းကျန်တန်အသင်းက ခြောက်မှတ်ရထားသဖြင့် အဆင့် ၁ နေရာရခဲ့ပြီး ကျန်တစ်နေရာအတွက် သုံးမှတ်စီရခဲ့သည့် အုပ်စု (B)က အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်းနှင့် အုပ်စု(A)က မြန်မာကလပ် ဧရာဝတီအသင်းတို့ အပြိုင်ဖြစ်ခဲ့သော်လည်း ဂိုးကွာခြားချက်တွင် အရှေ့ဘင်ဂေါက (-၄)၊ ဧရာဝတီအသင်းက (-၆) ဖြစ်ခဲ့ သဖြင့် အရှေ့ဘင်ဂေါအသင်း အဆင့် ၂ နေရာရပြီး ကွာတားဖိုင်နယ် တက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် ပထမဆုံးအကြိမ် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်တက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

 

အုပ်စုပွဲအပြီးတွင် မြောက်ကိုရီးယားကလပ် နာဂိုရန်းအသင်းနှင့် April 25 အသင်း၊ ဂျပန်ကလပ် ကိုဘေးအသင်း၊ တောင်ကိုရီးယားကလပ် ဟွာချောင်အသင်း၊ တရုတ်ကလပ်ဘေဂျင်း ကျန်တန်အသင်း၊ ဥဇဘက်ကစ္စတန်ကလပ် နာဆာ့ဖ်အသင်း၊ သြစတြေးလျကလပ် မဲလ်ဘုန်း စီးတီးအသင်း၊ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရရှိခဲ့သည်။

 

ဧရာဝတီအသင်းသည် ကွာတားဖိုင်နယ် မတက်ရောက်နိုင်သော်လည်း မှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့ပြီး မြန်မာကလပ်များအနက် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ပထမဆုံးနိုင်ပွဲရယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - MWL