4G ကွန်ရက်မှသည် NSA နှင့် SA နည်းပညာများဖြင့် 5G ကွန်ရက်သို့

သောကြာနေ့ ညနေခင်း၏ သည်းထန်လှသော မိုးစက်များအောက်တွင် ရန်ကုန်၏ လှည်းတန်းလမ်းဆုံကြီးသည် သံစုံတီးဝိုင်းတစ်ခုပမာ ဆူညံပွက်လောရိုက်နေသည်။ YBS ဘတ်စ်ကားကြီးများ၏ ဟွန်းသံရှည်များ၊ မီးပွိုင့်မိ၍ တန်းစီစောင့်ဆိုင်းနေသော ကားများ၏ မီးနီရောင်ပြန်ဟပ်မှုများနှင့်အတူ ရုံးဆင်းချိန် လမ်းလျှောက်သူများ၏ ထီးရောင်စုံတို့သည် မိုးရေထဲတွင် ရှုပ်ထွေးပွေလီလျက်ရှိ၏။ လမ်းဘေးသွပ်မိုး စိမ်းစိမ်းအောက်ရှိ လက်ဖက်ရည်ဆိုင်လေးထဲတွင်မူ ရေနွေးငွေ့တထောင်းထောင်းနှင့် စမူဆာကြော်နံ့တို့က သင်းပျံ့နေသည်။

အသက် ၂၅ နှစ်အရွယ် ရုံးဝန်ထမ်းလုလင် ကိုထက်တစ်ယောက် တစ်ပတ်လုံးပင်ပန်းသမျှကို မေ့ပစ်ရန် လက်ဖက်ရည် ချိုဆိမ့်တစ်ခွက်ကို မော့သောက်ရင်း ဖုန်းမျက်နှာပြင်ကို စိတ်မရှည်စွာ ပွတ်နေမိသည်။ တစ်ပတ်တာ၏ သောကြာနေ့ညနေ ရုံးဆင်းချိန်ဆိုသည်မှာ သူ့အတွက်တော့ လွတ်လပ်မှု၏ အစပြုရာပင်။ အိမ်ပြန်လမ်း လိုင်းကားပေါ် ထိုင်ခုံရချိန်တွင်ဖြစ်စေ၊ သို့မဟုတ် လက်ဖက်ရည်ဆိုင်တွင် ခဏနားစဉ်ဖြစ်စေ သူနှစ်သက်သည့် မိုဘိုင်းဂိမ်းပွဲစဉ်တစ်ပွဲ သို့မဟုတ် အွန်လိုင်းမှ ဗီဒီယိုအတိုလေးများ ကြည့်ရှုကာ အနားယူလေ့ရှိသည်။ သို့သော်လည်း ယနေ့ညနေတွင်မူ ထိုအစီအစဉ်မှာ အဆင်မပြေချင်။

ဖုန်းမျက်နှာပြင်ထက်တွင် "4G" အက္ခရာလေးနှင့် လိုင်းတိုင်အပြည့်ပြနေသော်လည်း ဖန်သားပြင် အလယ်တည့်တည့်၌ စက်ဝိုင်းမည်းမည်းလေးမှာ မဆုံးနိုင်သော ခရီးတစ်ခုကို သွားနေသကဲ့သို့ မနားတမ်းလည်ပတ်နေဆဲ။ ဗီဒီယိုကလည်း မပွင့်၊ မက်ဆေ့ခ်ျကလည်း ထွက်မသွား။ ဂိမ်းဆော့ရန် ပြင်လိုက်လျှင်လည်း "Reconnecting..." ဆိုသည့် စာတမ်းက သူ့အားလှောင်ပြောင်နေသကဲ့သို့ ပေါ်လာပြန်သည်။

“ဟာကွာ... လိုင်းက အပြည့်ပြနေပြီး ဘာလို့ လုံးဝမရတာလဲ။ လူတွေများလို့ လိုင်းကျပ်နေတာလား”

ကိုထက်တစ်ယောက် ဖုန်းကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်ပြီး ညည်းတွားစွာ ရေရွတ်ရင်း သက်ပြင်း အရှည်ကြီးတစ်ချက်ကို လေးလံစွာ ရှူထုတ်လိုက်သည်။ တစ်ပတ်လုံး ရုံးစိုက်ခဲ့ရသမျှ သောကြာနေ့ည စိတ်အပန်းဖြေမည့် စိတ်ကူးလေးမှာ ဖုန်းမျက်နှာပြင်ပေါ်မှ စက်ဝိုင်းလည်နေသည့် လှိုင်းဂယက်ထဲတွင်ပင် အဖတ်မတင် ပျောက်ကွယ်သွားရတော့မည့်အလား။

သူ့မျက်နှာချင်းဆိုင်တွင်မူ လည်ပင်းတွင် ဝန်ထမ်းကတ်ကြိုးလေး ဆွဲထားဆဲဖြစ်သည့် ဦးလေးဖြစ်သူ မောင်ဖိုးသားက ခါးသက်သက်ရေနွေးကြမ်းကို ခွက်ထဲသို့ငှဲ့ပေးရင်း ခပ်ပြုံးပြုံးဖြင့်  ကြည့်နေသည်။

မောင်ဖိုးသားသည် ဆက်သွယ်ရေး အော်ပရေတာတစ်ခုတွင် ကွန်ရက်တည်ဆောက်ရေး အင်ဂျင်နီယာ (Network Engineer)အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး သောကြာနေ့ မွန်းလွဲပိုင်းတိုင်း မိုဘိုင်း တာဝါတိုင်များနှင့် ကွန်ရက်အခြေစိုက်စခန်းများကို ကွင်းဆင်းစစ်ဆေး (Site Inspection)လေ့ရှိသူ ဖြစ်သည်။ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် လှည်းတန်းနှင့် ကမာရွတ်တစ်ဝိုက်ရှိ တစ်ပတ်တာ ကွင်းဆင်း အလုပ်များ ပြီးစီးသွားသဖြင့် ရုံးသို့ပြန်မဝင်တော့ဘဲ သောကြာနေ့ညနေ ရန်ကုန်၏ နာမည်ကြီး ကားပိတ်ချိန်နှင့် မိုးသည်းချိန်ကို ရှောင်လွှဲရန်အတွက် နီးစပ်ရာ လှည်းတန်းရှိ အိမ်ပြန်လမ်းကြုံ တူဖြစ်သူ ကိုထက်အား ချိန်းဆိုကာ လက်ဖက်ရည်ဆိုင်တွင် မိုးခိုရင်း ခါးခါးဆိမ့်ဆိမ့် ရေနွေးကြမ်းသောက်နေခြင်း ဖြစ်သည်။

“အေးပေါ့ကွာ... မင်းတို့က ဖုန်းမျက်နှာပြင်ပေါ်မှာ လိုင်းအပြည့်ပြနေရင် ရပြီအောက်မေ့တာကိုး” ဟု မောင်ဖိုးသားက ရေနွေးခွက်လေးကို ကိုထက် ရှေ့သို့ တွန်းပေးလိုက်ရင်း သဘောကျစွာ ရယ်မော လိုက်သည်။

“မင်းဖုန်းကနေ ထွက်သွားတဲ့ Radio Signal က မိုဘိုင်းတာဝါတိုင်ဆီ ကြိုးမဲ့စနစ်နဲ့ ရောက်သွား တယ်။ အဲဒီကမှတစ်ဆင့် အဓိကထိန်းချုပ်ရေး စင်တာဖြစ်တဲ့ Core Network ဆီကို လမ်းကြောင်း ဆက်သွားရတာ။ Core Network ဆိုတာ မင်း ဘယ်သူလဲ၊ ဘာဝန်ဆောင်မှုသုံးနေတာလဲဆိုတာကို စီမံစစ်ဆေးပေးပြီး Data တွေကို သက်ဆိုင်ရာ App Server ဆီ အမှန်အကန်ရောက်အောင် လမ်းကြောင်းပြပို့ပေးတာ။ အခုလို ရုံးဆင်းချိန် လူတိုင်းအင်တာနက်ပြိုင်သုံးနေတော့ မမြင်ရတဲ့ လမ်းမကြီးပေါ်မှာ ယာဉ်ကြောပိတ်ဆို့ပြီး Core Network ကြီး အလုပ်မနိုင်ဖြစ်နေတာပေါ့။”

ကိုထက်က ခေါင်းတငုံ့ငုံ့ဖြင့် စိတ်ဝင်စားသွားကာ “ဒါဆို ဦးလေး... 5G ရောက်လာရင် ဒီလို လိုင်းထစ်တာတွေ လုံးဝပျောက်သွားတော့မှာလား” ဟု မေးလိုက်သည်။

“ပြေလည်ရုံတင် ဘယ်ကမလဲကွ၊ ဒီထက် အဆပေါင်းများစွာ ပိုကောင်းသွားမှာ”ဟု မောင်ဖိုးသားက ရေနွေးကြမ်းခွက်ကို ငုံ့ကြည့်နေရာမှ ခေါင်းမော့ကာ ပိုင်နိုင်စွာ ရှင်းပြလိုက်သည်။ “လူတော်တော်များများ က 5G ဆိုရင် App တွေကို စက္ကန့်ပိုင်းနဲ့ မြန်မြန် ဒေါင်းလုတ်ဆွဲလို့ရတာတစ်ခုပဲ မြင်ကြတာ။ တကယ်တော့ 5G ရဲ့ အသက်ဟာ မြန်နှုန်းတင် မဟုတ်ဘူး၊ တုံ့ပြန်ချိန်နှောင့်နှေးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်တာပဲ။ မင်းစဉ်းစား ကြည့်... ဖုန်းပေါ်က Radio Signal လိုင်း၊ တာဝါတိုင်၊ အချက်အလက်သယ်တဲ့ Transport Network ၊ စီမံခန့်ခွဲတဲ့ Core Network နဲ့ နောက်ဆုံးအက်ပ်မှာရှိတဲ့ App Server အထိ အကုန်လုံးဟာ အချိတ် အဆက်မိမိ လက်ပြိုင်ပူးပေါင်းလုပ်ဆောင်ကြတာ။ ဒါကြောင့် မင်းဂိမ်းထဲမှာ ခလုတ်တစ်ချက်နှိပ်လိုက် တာနဲ့ ဆာဗာဆီရောက်ပြီး ပြန်တုံ့ပြန်တာက မီလီ စက္ကန့်ပိုင်းပဲ ကြာတော့တာမို့ ဂိမ်းဆော့တာ၊ ဗီဒီယို ကြည့်တာတွေမှာ တုံ့ပြန်မှု ပိုမြန်လာသလို Reco-nnecting ခါးခါးသီးသီး ဖြစ်မနေတော့ဘူး။ အဲဒီ အပြင် သင်္ကြန်ပွဲတော်လိုမျိုး၊ ဒါမှမဟုတ် Shopping Mall ကြီးတွေမှာ လူသောင်းနဲ့ချီ တစ်ပြိုင်နက်တည်း ဖုန်းသုံးနေကြရင်တောင် လိုင်းပိတ်မသွားဘဲ အားလုံး အဆင်ပြေပြေသုံးနိုင်အောင် တာဝါတိုင်ရဲ့စွမ်းဆောင်ရည်ကိုပါ အဆမတန် မြှင့်တင်ပေးထားတာပေါ့။”

 မောင်ဖိုးသားက စားပွဲပေါ်ရှိ ရေနွေးပန်းကန်နှင့် မုန့်ပန်းကန်များကို လက်ညှိုးထိုးပြ၍ ဥပမာပေးကာ ထပ်မံရှင်းပြလိုက်သည်။ ဒီလိုကွာ… “4G ခေတ်တုန်း က တာဝါတိုင်မြန်နေပေမယ့် နောက်ကွယ်က နောက်ကြောင်းပြန်သယ်တဲ့လမ်းကြောင်း ဒါမှ မဟုတ် Core Network မှာ ပိတ်ဆို့နေရင် ဟောဒီ ရေနွေးခွက်ထဲ ရေအေးသွားသလို လိုင်းကထစ်နေတာ။ 5G ကျတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ မှာယူလိုက်တဲ့ အစားအသောက်ကို စားဖိုမှူး၊ စားပွဲထိုးနဲ့ ပွဲပြင်သူအထိ အဆင့်တိုင်းက ဟန်ချက်ညီညီ လက်ဆင့်ကမ်း အလုပ်လုပ်ပေးလိုက်သလိုမျိုးပဲ။ အစကနေအဆုံး End-to-End ကွန်ရက် လမ်းကြောင်းတစ်ခုလုံးက အနှောင့်အယှက်မရှိ သန့်ရှင်းချောမွေ့သွားတာကြောင့် မင်းလို ဂိမ်းဆော့ သူတွေအတွက် ရေဒီယိုလှိုင်းတုံ့ပြန်ချိန်ရော၊ စနစ်တစ်ခုလုံးရဲ့ တုံ့ပြန်ချိန်ပါ လုံးဝမပြတ်တောက်တော့ ဘဲ တကယ့်လက်တွေ့ဘဝထဲမှာ အချိန်နဲ့တစ်ပြေးညီ ပေါင်းစပ်လှုပ်ရှားနေရသလိုမျိုး ချောမွေ့တဲ့ အတွေ့အကြုံကို ရစေတာပေါ့။

“ဒါပေမဲ့ ဦးလေးရာ... အခု မြို့ထဲမှာ စမ်းသုံးနေကြတဲ့ 5G က ဘာလို့ 4G နဲ့ သိပ်မကွာသလို ခံစားရတာလဲ”ဟု ကိုထက်က မေးလိုက်သည်။

မောင်ဖိုးသားက စားပွဲပေါ်ရှိ ရေနွေးခွက်ကလေးကို ဘေးသို့ နည်းနည်းရွှေ့လိုက်ပြီး စားပွဲပြင်ပေါ်တွင် လက်ညှိုးဖြင့် လမ်းကြောင်းပုံစံဆွဲပြကာ ပိုမိုမြင်သာသည့် ဥပမာတစ်ခုဖြင့် စတင်ရှင်းပြလိုက်သည်။ “မင်း အမြင်ရှင်းသွားအောင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးနဲ့ ဥပမာပေးမယ်ကွာ။ ရှိပြီးသား 4G ကွန်ရက်ဆိုတာ ယာဉ်ကြောပြည့်ကျပ်နေတဲ့ လမ်းမကြီးတစ်ခုပေါ့။ အော်ပရေတာတွေက ဒီလမ်းကြီးကို အပြီးဖျက်ပြီး လမ်းသစ်ကြီးချက်ချင်း အစားထိုးဖို့ကျ အချိန်ရော၊ စရိတ်ရော အများကြီး လိုတာကြောင့် လမ်းဟောင်းကြီးဘေးမှာတင် ကားကြီးတွေ အမြန်မောင်းလို့ရတဲ့ '5G Fast Lane' ဆိုတဲ့ အမြန်လမ်းသစ်တစ်လိုင်းကို ကပ်ပြီး ထပ်တိုး ပေးလိုက်တာ။ နည်းပညာမှာ ဒါကို NSA (Non-Standalone) လို့ ခေါ်တယ်။ မင်းဖုန်းက ကွန်ရက်နဲ့ စတင်ချိတ်ဆက်တာ၊ လုံခြုံရေးစစ်တာနဲ့ မြို့ထဲ ရွေ့လျားသွားလာတဲ့အခါ လိုင်းမပြတ်အောင် ထိန်းပေးတာ (Mobility) တွေကို 4G ထိန်းချုပ်ရေး စင်တာ (4G Core)ကပဲ ဆက်လက်တာဝန်ယူပေးထားပြီး 5G Radio လှိုင်းကတော့ Data အများကြီး ကို အမြန်ဆုံးသယ်ဆောင်ပေးတဲ့ 'Fast Lane' လမ်းကြောင်းအဖြစ် အားဖြည့်ပေးတာပေါ့။”

“အဲဒီတော့ သုံးစွဲသူ မင်းတို့ဘက်ကကြည့်ရင် 4G နဲ့ 5G လှိုင်းနှစ်ခုစလုံးရဲ့ အားသာချက်ကို ပေါင်းစပ်အသုံးချခွင့် ရသွားတာပေါ့။ အော်ပရေတာ တွေဘက်ကလည်း ရှိပြီးသား မိုဘိုင်းတာဝါတိုင်တွေ၊ Core Network တွေနဲ့ ဖုန်းခေါ်တဲ့ VoLTE စနစ်တွေ ကို အပြည့်အဝ ပြန်အသုံးချလို့ရတာကြောင့် 5G ဝန်ဆောင်မှုကို ပြည်သူတွေဆီ အမြန်ဆုံးဖြန့်ကြက် ပေးနိုင်တာဖြစ်တယ်။ မင်းလှည်းတန်းကနေ စမ်းချောင်းဘက်ကို ကားနဲ့ သွားနေချိန်မှာ 4G က ဆက်သွယ်မှုမပြတ်တောက်အောင် ထိန်းပေးထားပြီး 5G ကတော့ မင်းရဲ့ Video Download နဲ့ Streaming တွေကို အထစ်အငေါ့မရှိ မြန်ဆန်စေဖို့ ဒိုင်ခံအားဖြည့်ဆွဲပေးနေတာမျိုးပေါ့။”

ကိုထက်သည် မောင်ဖိုးသား၏ စားပွဲပေါ် လက်ညှိုးဖြင့် ရေးဆွဲပြသော ဥပမာကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်။ သူ၏ မရေမရာဖြစ်နေသော မျက်နှာပေါ်တွင် သဘောပေါက် နားလည်သည့် အရိပ်အယောင်တို့ အစားထိုးဝင်ရောက်လာ၏။

“ဪ... သဘောပေါက်ပြီ ဦးလေး။ ဆိုလိုတာ က အခုသုံးနေတဲ့ NSA စနစ်ဆိုတာ 4G လမ်းမကြီး ကို အစကနေ ပြန်မဖောက်ဘဲဘေးကနေ အမြန် မောင်းလို့ရတဲ့ 5G VIP လမ်းသစ်တစ်လိုင်း ဘေးကပ် တိုးပေးလိုက်တဲ့သဘောပေါ့။ ဒါကြောင့်မို့လို့ လိုင်းခေါ်တာနဲ့ ကွန်ရက်ချိတ်တာတွေကို 4G ထိန်းချုပ်ရေး စင်တာက တာဝန်ယူပေးပြီး ဂိမ်းဆော့တာနဲ့ ဗီဒီယို ကြည့်တဲ့ Data အများကြီး သယ်တဲ့နေရာမှာပဲ 5G အမြန်လမ်းကို သုံးနေကြတာပေါ့နော်”ဟု ကိုထက်က လက်ဖက်ရည်ခွက်ကိုကိုင်ရင်း ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

ထို့နောက် သူသည် ခဏမျှ စဉ်းစားလိုက်ပြီး အိတ်ထဲမှ ဖုန်းကို ပြန်ထုတ်ကြည့်ကာ မေးခွန်း ထုတ်သကဲ့သို့ မေးလိုက်ပြန်သည်။ “ဒါပေမဲ့ ဦးလေး... အခုလို 4G ကို မှီခိုနေရတုန်းဆိုရင် 5G ရဲ့ တကယ့် အစွမ်းအစအပြည့်ကို သုံးနိုင်ပါဦးမလား။ 4G လုံးဝမပါဘဲ 5G သီးသန့်သီးခြားကြီး တည်ဆောက် ထားတာရော မရှိဘူးလား”

ကိုထက်၏ ချက်ကျလက်ကျ မေးခွန်းကြောင့် မောင်ဖိုးသားက သဘောကျစွာပြုံးလိုက်ပြီး “အေး... မင်းမေးတဲ့ကိစ္စကလည်း နည်းပညာက ရှိပြီးသား ပဲကွ။ အဲဒီလို 4G လမ်းကြောင်းကို လုံးဝမမှီခိုတော့ ဘဲ 5G သီးသန့်သွားတာကို SA (Standalone) လို့ ခေါ်တယ်...”

မောင်ဖိုးသား စကားမဆုံးသေးမီမှာပင် စားပွဲပေါ် တင်ထားသည့် သူ၏ စမတ်ဖုန်းလေး တုန်ခါပြီး မြည်လာခဲ့သည်။ စခရင်ပေါ်တွင် “ဒေါ်စုစုလှိုင် (လှိုင်သာယာအထည်ချုပ်)”ဆိုသည့် အမည်ပေါ်နေ ၏။ မစုသည် လှိုင်သာယာစက်မှုဇုန်ရှိ ဧရာမအထည်ချုပ်စက်ရုံကြီးတစ်ခု၏ မန်နေးဂျင်းဒါရိုက်တာဖြစ်ပြီး လွန်ခဲ့သည့်ခြောက်လက စက်ရုံကို ဒီဂျစ်တယ် အလိုအလျောက်စနစ်ဆီ အဆင့်မြှင့်တင်စဉ်က မောင်ဖိုးသားသည် ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ နည်းပညာအကြံပေးအဖြစ် အချိန်ပိုင်းတာဝန်ယူ ကူညီပေးခဲ့ဖူးသူဖြစ်သည်။

“ခဏနော် ကိုထက်... အလုပ်ဖုန်းလေးမို့ ကိုင်လိုက်ဦးမယ်”ဟု မောင်ဖိုးသားက ပြောကာ ဖုန်းကိုကိုင်လိုက်သည်။ “ဟယ်လို မစု... မင်္ဂလာပါဗျ၊ စက်ရုံမှာ အဆင်ပြေရဲ့လား”

ဖုန်းတစ်ဖက်မှ မစု၏ စိုးရိမ်တကြီး သတင်းပို့သံ ထွက်ပေါ်လာတော့သည်။ မစု၏ စက်ရုံတွင် ပိတ်စလိပ်ကြီးများကို ကတ်တင်းစတီယာရင်လိုင်းမှ ချုပ်လုပ်ရေးလိုင်းများဆီ ပို့ဆောင်ခြင်းနှင့် ထုပ်ပိုးရုံ ဆီ ရွှေ့ပြောင်းခြင်းတို့တွင် လူအစားအလိုအလျောက် ပစ္စည်းသယ်စက်ရုပ်များ (AGV - Automated Guided Vehicles)ကို စက်ရုံအတွင်း ကွန်ရက်ဖြင့် ချိတ်ဆက်ခိုင်းစေထားခြင်းဖြစ်သည်။ ထိုစက်ရုပ် များသည် ကြမ်းပြင်ပေါ်တွင် လမ်းကြောင်းအတိုင်း မီလီစက္ကန့်ပိုင်း တိကျသည့် ညွှန်ကြားချက်များဖြင့် သွားလာရပြီး ကွန်ရက်တုံ့ပြန်ချိန် အနည်းငယ်မျှ နှောင့်နှေးသွားပါက မတော်တဆမှုမဖြစ်စေရန် ဘေးကင်းရေးစနစ်က စက်ကို ချက်ချင်းရပ်တန့် ပစ်လေ့ရှိသည်။ ယခုအခါ အလုပ်များသည့် အချိန် များတွင် လိုင်းတုံ့ပြန်မှုနှေးသွားသဖြင့် စက်ရုပ်များ ခဏခဏရပ်တန့်ကုန်ကာ ထုတ်လုပ်မှုလိုင်းတစ်ခုလုံး လမ်းကြောင်းပိတ်ဆို့နေ၍ မစုတစ်ယောက် အကူအညီတောင်းရခြင်းဖြစ်၏။

မောင်ဖိုးသားသည် ဆက်သွယ်ရေး အင်ဂျင်နီယာ တစ်ဦး၏ သဘောအရ စက်ရုံ၏ ကွန်ရက်ဗိသုကာ ပုံစံကို ခေါင်းထဲတွင် စက္ကန့်ပိုင်းအတွင်း အစဉ်လိုက် တန်းစီတွက်ချက်ကြည့်လိုက်သည်။ စက်ရုံအတွင်း တပ်ဆင်ထားသည့် 5G Radio လှိုင်းများ၏ အမြန် နှုန်းမှာ ပြဿနာမရှိသော်လည်း၊ AGV စက်ရုပ်များ၏ ဘေးကင်းရေး Sensor များသည် တုံ့ပြန်ချိန်ကို ၁၀ မီလီစက္ကန့်အောက် တိကျစွာလိုအပ်သည်။ လက်ရှိ NSA စနစ်တွင် Control Signaling များသည် နောက်ကွယ်ရှိ 4G Core Network ကို ဖြတ်သန်းနေ ရသဖြင့် အလုပ်များချိန်တွင် 4G Core ကြောင့် Latency ခဏတာ မြင့်တက်သွားကာ စက်ရုပ်များခဏခဏ ရပ်တန့်ရသည့်အပြစ်ဖြစ်နေကြောင်း အဖြေထွက်သွားသောအခါ မောင်ဖိုးသား၏ မျက်နှာပေါ်တွင် ပိုင်နိုင်လှသော အပြုံးတစ်ခုပေါ်လွင်လာ တော့သည်။

“မစု... ဒါ စက်ရုပ်တွေရဲ့ ပြဿနာမဟုတ်ဘူး၊ မစုတို့ စက်ရုံမှာ အခုသုံးနေတဲ့ NSA (Non-Standalone) စနစ်ရဲ့ ပြဿနာပါ။ NSA က 5G Radio ကို သုံးထားတာမှန်ပေမယ့် ထိန်းချုပ်မှုစနစ် အတွက် 4G Core ကိုပဲ မှီခိုနေရတာမို့ အချက် အလက်တုံ့ပြန်ချိန် Latency ကို မီလီစက္ကန့်ပိုင်းအထိ လျှော့ချဖို့ အကန့်အသတ်ရှိတယ်။ စက်ရုံရဲ့ AGV စက်ရုပ်တွေ မရပ်မနား ချောချောမွေ့မွေ့ မောင်းနှင် နိုင်ဖို့ဆိုရင် 4G မပါတော့ဘဲ 5G Radio နဲ့ 5G Core စနစ် အပြည့်ပါတဲ့ SA (Standalone) စနစ်ဆီကို ပြောင်းရမှာ။ အခုအနေအထားအရတော့ အဲဒီ SA စနစ်ရမှပဲ စက်ရုံအတွင်း Real-time ထိန်းချုပ်မှုကို လုံးဝအမှားအယွင်းမရှိ ရနိုင်မှာပါ”ဟု ရှင်းပြကာ ဖုန်းချလိုက်သည်။

ဖုန်းပြောပြီးသည်နှင့် မောင်ဖိုးသားက မျက်နှာချင်းဆိုင်မှ ကိုထက်ကိုကြည့်ကာ ရယ်မောလိုက်သည်။

“ဟော... တွေ့လား ကိုထက်။ မင်း စောစောက မေးလိုက်တဲ့ ‘4G လုံးဝမပါဘဲ 5G သီးသန့် သီးခြား ကြီး တည်ဆောက်ထားတာရော မရှိဘူးလား’ ဆိုတဲ့ မေးခွန်းရဲ့အဖြေက အခုမင်း speaker ထဲက ကြားနေရတဲ့ မစု စက်ရုံပြဿနာမှာ ကွက်တိပဲ။ NSA စနစ်ဆိုတာ မင်းနဲ့ငါလို သမားရိုးကျ ဖုန်းသုံး သူတွေအတွက် အဆင်ပြေပေမယ့် အခုလို စက်ရုံတွေ၊ ဆေးရုံတွေလိုမျိုး တုံ့ပြန်ချိန် မီလီစက္ကန့်ပိုင်းမျှ အမှားအယွင်းမခံနိုင်တဲ့ နေရာတွေအတွက်တော့ 4G လမ်းဟောင်းကို လုံးဝမသုံးတော့ဘဲ 5G Core အသစ်စက်စက်နဲ့ တည်ဆောက်ထားတဲ့ SA (Stan-dalone) စနစ်အစစ်ကို သုံးရတာပေါ့ကွာ...”

ဖုန်းပြောပြီးနောက် မောင်ဖိုးသားက ကိုထက် ဘက်သို့ ပြန်လှည့်လာသည်။ ထိုအချိန်တွင် လှည်းတန်းလမ်းမပေါ်၌ ဥဩသံတညံညံဖြင့် လူနာတင်ယာဉ်တစ်စီး ကားများကြားမှ တိုးဝှေ့ မောင်းနှင်နေသည်ကို တွေ့လိုက်ရသည်။

“ကြည့်စမ်း ကိုထက်... ဟောဒီလမ်းမပေါ်မှာ လူနာတင်ယာဉ်အတွက် ကားတွေက ဘေးဖယ်ပေးရ သလိုမျိုး 5G SA စနစ်ရဲ့ 5G Core ထဲမှာ 'Network Slicing' ဆိုတဲ့ အံ့ဩစရာ နည်းပညာပါလာတယ်။ Network Slicing ဆိုတာ အများသုံးကွန်ရက်ကြီး တစ်ခုတည်းမှာတင် မတူညီတဲ့ဝန်ဆောင်မှုတွေ အတွက် VIP လမ်းကြောင်းသီးသန့်တွေ ခွဲခြား သတ်မှတ်ပေးလိုက်တာမျိုးပေါ့ကွာ။ ဥပမာ- သင်္ကြန် ပွဲတော်မှာ လူတစ်သန်း အင်တာနက်ပြိုင်သုံးနေပါ စေ၊ လူနာတင်ယာဉ်ပေါ်က ဆရာဝန်က အရေးပေါ် ကုသဖို့ Video Call ခေါ်လိုက်ရင် အဲဒီ Medical Slicing လမ်းကြောင်းက တခြားသူတွေရဲ့ Data တွေနဲ့ ပိတ်ဆို့မသွားဘဲ သီးခြားဦးစားပေး Quality နဲ့ Priority ကို အပြည့်အဝရနေမှာ။ အဲဒါကြောင့် ဆေးရုံ၊ Campus နဲ့ Private 5G တည်ဆောက်တဲ့ စက်ရုံတွေအတွက် SA စနစ်က အဓိကသက်ရောက် မှုရှိတာပေါ့။”

ကိုထက်က စိတ်ဝင်တစားဖြင့် “နည်းပညာတွေကတော့ အံ့ဩစရာပဲနော် ဦးလေး။ ဒါဆို ကျွန်တော် တို့ အိမ်မှာသုံးတဲ့ Fiber အင်တာနက်တွေနဲ့ရော 5G က ဘယ်လိုယှဉ်မလဲ”ဟု မေးလိုက်သည်။

"5G FWA (Fixed Wireless Access)ဆိုတာရှိတယ်။ ကြိုးတပ်စရာမလိုဘဲ 5G Router လေး တန်းထည့်လိုက်ရုံနဲ့ အိမ်သုံး Broadband အင်တာနက်ကို အမြန်နှုန်းတိုးချဲ့ပေးနိုင်တယ်။ High-resolution Streaming ကြည့်မလား၊ Remote Work လုပ်မလား အဆင်ပြေတာပေါ့။ နောက်ပြီး ဖုန်းခေါ်မယ်ဆိုရင်လည်း NSA သုံးတုန်းက 4G VoLTE ကိုပဲ သုံးရပေမယ့် SA အပြည့်ဖြစ်လာရင် တော့ 5G ပေါ်က Voice ဖြစ်တဲ့ VoNR စနစ်နဲ့ အသံကို လူချင်းတွေ့ပြီး ပြောနေရသလို တကယ့်ကို ကြည်ကြည်လင်လင်ပြောနိုင်လာမယ်။ ဖုန်းဘက်ထရီ ကုန်တာနဲ့ ပတ်သက်လို့လည်း SA Power-saving feature တွေနဲ့ မျိုးဆက်သစ် 5G Chipset တွေက လိုအပ်တဲ့ အချိန်မှာပဲ Radio Resource ကို အသုံးချ မှာမို့ ဘက်ထရီစားတာကိုလည်း ပိုပြီးတော့တောင် သက်သာသွားမှာဖြစ်တယ်။ Low-band 5G က အိမ်ထဲအထိ Coverage ကျယ်ပြန့်အောင် ပံ့ပိုးပေးပြီး High-frequency Band တွေက လူများတဲ့နေရာ တွေအတွက် Capacity ပိုပေးမှာပေါ့။”

ကိုထက်သည် သူ၏လက်ထဲတွင် ကိုင်ထားဆဲဖြစ်သော 4G စမတ်ဖုန်းလေးကို ငေးကြည့်ရင်း ရုတ်တရက် စိုးရိမ်စိတ်ဝင်သွားသည်။ သူလို လခစားရုံးဝန်ထမ်း လူငယ်တစ်ယောက်အတွက် ဈေးကြီး ပေးဝယ်ရမည့် 5G စမတ်ဖုန်းအသစ်တစ်လုံး ချက်ချင်းလဲလှယ်ရန်ဆိုသည်မှာ မလွယ်ကူလှ။

ထို့ပြင် 4G ကွန်ရက်သာ ရုတ်တရက် ပိတ်ပစ်လိုက်ပါက သူ၏ လက်ရှိဖုန်းဖြင့် အိမ်ပြန်လမ်းတွင် မိုဘိုင်းဂိမ်းဆော့ခွင့်ရတော့မည် မဟုတ်သလို 5G ဒေတာပက်ကေ့ချ်ဈေးနှုန်းများ အဆမတန်မြင့်တက် သွားမည်လား၊ သို့မဟုတ် နယ်ဘက်ရှိ မိဘများဆီ ပြန်သည့်အခါ 5G လိုင်းမမိဘဲ လိုင်းပြတ်ကျန်ခဲ့မည် လားဆိုသည့် စိုးရိမ်စိတ်များ ခေါင်းထဲတိုးဝင်လာသည်။

“ဒါဆို 4G ကွန်ရက်ကြီးက ရုတ်တရက် ပျောက်သွားတော့မှာလား ဦးလေး”ဟု ကိုထက်က သိလိုစိတ်တစ်ဝက်၊ ဂိမ်းဆော့သူ လူငယ် တစ်ယောက်၏ စိုးရိမ်စိတ်တစ်ဝက်ဖြင့် မေးလိုက် သည်။ “5G သီးသန့်ဖြစ်သွားရင် ကျွန်တော့် 4G ဖုန်းနဲ့ ဂိမ်းဆော့လို့ရတော့မှာ မဟုတ်ဘူးလား။ အော်ပရေတာတွေက 4G ကို ချက်ချင်းပိတ်လိုက်ရင် 5G ဖုန်း မဝယ်နိုင်သေးတဲ့သူတွေရော၊ 5G မရောက် သေးတဲ့ နယ်ဘက်ကလူတွေရော လိုင်းပြတ်ကုန်မှာ ပေါ့နော်...”

မောင်ဖိုးသားက ကိုထက်၏ စိုးရိမ်တကြီး ဖြစ်သွားသောမျက်နှာကို ကြည့်ကာ သဘောကျစွာ ရယ်မောလိုက်သည်။

“မစိုးရိမ်ပါနဲ့ကွာ... 4G ကွန်ရက်ကြီးက ရုတ်တရက် ပျောက်မသွားပါဘူး။ အော်ပရေတာ တွေက 4G Network ကို ဆက်ပြီး ခိုင်မာအောင် ထိန်းထားရင်း 5G Radio တွေတပ်ဆင်ပြီး NSA စတင် မယ်။ အဲဒီကမှ 5G Core တည်ဆောက်ပြီး SA စနစ် နဲ့ Enterprise Service ဝန်ဆောင်မှုတွေကို အဆင့်လိုက် တိုးချဲ့သွားမှာ။ ဒါကြောင့် 4G က ကျယ်ပြန့်တဲ့ coverage နဲ့ VoLTE ဖုန်းခေါ်ဆိုမှုတွေကို ဆက်ပြီး တာဝန်ယူပေးထားမှာမို့ မင်းရဲ့ 4G ဖုန်းလေးနဲ့ အေးဆေး ဂိမ်းဆက်ဆော့လို့ရနေဦးမှာပါ။”

မိုးစဲသွားပြီး လှည်းတန်းလမ်းဆုံ၏ ကားများ တဖြည်းဖြည်းရွေ့လျားသွားသည်။ ကိုထက် ဖုန်းကို ပြန်ကြည့်လိုက်သောအခါ မကြာမီက ထိန်းချုပ်ရ ခက်လှသည့် ဂိမ်းကွန်ရက်သည် ပေါ့ပါးစွာပြန်လည် ချိတ်ဆက်သွားသည်ကို တွေ့လိုက်ရသည်။ မမြင် ရသော လှိုင်းဂယက်များကြားတွင် အနာဂတ် 5G နည်းပညာသည် ၎င်းတို့၏ နေ့စဉ်ဘဝများထဲသို့ တိတ်တဆိတ် ချင်းနင်းဝင်ရောက်လာနေပြီ ဖြစ်ကြောင်း ကိုထက် သဘောပေါက်လိုက်မိတော့ သည်။ ။