မန္တလေး အောက်တိုဘာ ၂၀
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ် (၉)ထပ်ဆောင်၌ ကျင်းပသည်။
သွေးလှူဒါန်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ကျန်းမာရေး ဝန်ထမ်းများမှ သွေးလှူရှင်များအား ကျန်းမာရေး စစ်ဆေးပေးနေမှုနှင့် သွေးလှူဒါန်းနေကြသည့် ဝန်ထမ်းများအား ကြည့်ရှုအားပေး၍ အာဟာရ ဖြည့်စွက်စာများ ပေးအပ်ပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှူဒါန်းထားသော သွေးအိတ် ၈၆ အိတ်နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးအတွက် လှူဒါန်းငွေကို ပေးအပ်လှူဒါန်းကြရာ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက လက်ခံ၍ ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်း Multipurpose Stadium ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက်(အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး မဟာအောင်မြေ ခရိုင်အသင်းနှင့် မိတ္ထီလာခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု ကို ကြည့်ရှုအားပေးရာ မဟာအောင်မြေခရိုင်အသင်းက မိတ္ထီလာ ခရိုင်အသင်းကို ငါးဂိုး - သုံးဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများက ဂိုးသမားအကောင်းဆုံးဆု၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမားဆု၊ တတိယဆုရရှိသည့် မြင်းခြံခရိုင်အသင်းနှင့် ဒုတိယဆုရရှိသည့် မိတ္ထီလာခရိုင် အသင်းတို့အား ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ပထမဆုရရှိသည့် မဟာအောင်မြေခရိုင်အသင်းအား ဆုတံဆိပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဆုရရှိသည့် မဟာအောင်မြေခရိုင် အသင်းအား တံခွန်စိုက်ဆုနှင့် ဂုဏ်ပြုဆုငွေ တို့ကိုလည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


