ရန်ကုန် ဩဂုတ် ၁၄
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးမ၊ ကျွမ်းဘား၊ ဝူရှူး၊ ခရစ်ကက်၊ Teqball၊ မသန်စွမ်းအားကစား၊ ဘော်လီဘောနှင့် သေနတ်ပစ် အားကစားအဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံများ၌ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျိုက္ကဆံအားကစားကွင်း အားကစားရုံများ၌ စခန်းသွင်း လေ့ကျင့်နေမှု၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်၊ ဘော်လီဘောအားကစားရုံ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်တို့၌ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ (၅)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲနှင့် (၁၄)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပဏာမလက်ရွေးစင်အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှု များကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးပြီး ပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိရေးအတွက် ယခုမှစ၍ စနစ်တကျ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်က ခင်းကျင်းပြသထားသည့် လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲဝင်သုံး အထောက်အကူပြုပစ္စည်းများကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလတ် ဒိုင်သင်တန်း(၁/၂၀၂၆)သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြား၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်


