33rd SEA Games 2025 (Thailand) နှင့် Heyball Masters Tour 2026 (China) ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ဘိလိယက်နှင့် စနူကာ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်

ရန်ကုန် ဩဂုတ် ၁

၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် 33rd SEA Games 2025 (Thailand) ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် သုံးခုတို့ဖြင့် နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာ အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြအဖွဲ့ဝင်များနှင့် ၂ဝ၂၆ ခုနှစ် ဇူလိုင်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပခဲ့သည့် Heyball Masters Tour 2026 (China) ပြိုင်ပွဲတွင် Runner-up ဒုတိယဆုရရှိခဲ့သည့် မောင်ဘုန်းမြင့်ကျော်(ခ) အားတီတို့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်း မဝတလမ်းဆုံအနီး GOLDEN PARK Hotel (Ruby Hall)၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆုချီးမြှင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက 33rd SEA Games 2025 (Thailand) ပြိုင်ပွဲတွင် ဘိလိယက်အသင်းလိုက် ရွှေတံဆိပ်ဆုရ ဦးပေါက်စ၊ ကိုအောင်ဌေးနှင့် ကိုနေသွေးဦး၊ Heyball Masters Tour 2026 (China) ပြိုင်ပွဲတွင် Runner-up ဆုရ မောင်ဘုန်းမြင့်ကျော်၊ 33rd SEA Games 2025 (Thailand)ပြိုင်ပွဲတွင် ဘိလိယက်တစ်ဦးချင်း ငွေတံဆိပ်ဆုရ ဦးပေါက်စ၊ 33rd SEA Games 2025 (Thailand)ပြိုင်ပွဲတွင် စနူကာတစ်ဦးချင်း ကြေးတံဆိပ်ဆုရ မောင်ဘုန်းမြင့်ကျော်၊ 33rd SEA Games 2025 (Thailand)ပြိုင်ပွဲတွင် စနူကာ 6 – Red တစ်ဦးချင်း ကြေးတံဆိပ်ဆုရ မောင်နေမင်းထွန်း၊ 33rd SEA Games 2025 (Thailand)ပြိုင်ပွဲတွင် စနူကာအသင်းလိုက် ကြေးတံဆိပ်ဆုရ မောင်ဘုန်းမြင့်ကျော်၊ မောင်ဝင်းကိုကိုနှင့် မောင်ကျော်ဝေယံစိုး၊ 33rd SEA Games 2025 (Thailand) ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့်‌ ကြေးတံဆိပ် သုံးခုရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသည့် အုပ်ချုပ်သူ၊ နည်းပြအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)