(၂၈)ကြိမ်မြောက် ‘‘International Youth Football in Niigata’’ နိုင်ငံတကာဖိတ်ခေါ် လူငယ်ဘောလုံးပြိုင်ပွဲတွင်  မြန်မာ ယူ-၁၇ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်     စက်တင်ဘာ     ၁၆

ဂျပန်နိုင်ငံ နီဂါတာမြို့၌ ကျင်းပမည့် (၂၈)ကြိမ်မြောက် “Inter-national Youth Football in Niigata” နိုင်ငံတကာဖိတ်ခေါ် လူငယ်ဘောလုံးပြိုင်ပွဲတွင် မြန်မာ ယူ-၁၇ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရထားသည့် အိမ်ရှင် ဂျပန် ယူ-၁၇ အသင်း၊ နယူးဇီလန် ယူ-၁၇ အသင်းတို့နှင့်အတူ မြန်မာ ယူ-၁၇ အသင်း၊ နီဂါတာလက်ရွေးစင်အသင်းတို့   ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပကာ မြန်မာအသင်းသည် စက်တင်ဘာ ၁၇၊ ၁၉၊ ၂၁ ရက်တို့တွင် အုပ်စုပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် နီဂါတာဒေသ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာသက်တမ်းရှိ ပြိုင်ပွဲတစ်ခုဖြစ်ကာ မြန်မာအသင်းအနေဖြင့်  ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် ပြီးခဲ့သည့် အာရှဖလား ယူ-၁၇ ပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ပြိုင်ပွဲကျင်းပရေး၏ အဆိုပြုချက်အရ ယူ-၁၉ ကစားသမား ငါးဦး ပေါင်းစပ်ဖွဲ့စည်းထားသည်။ နည်းပြချုပ်အဖြစ် မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ဂျပန်နိုင်ငံသား ယူဂျီက ကိုင်တွယ်မည်ဖြစ်သည်။

မြန်မာ ယူ-၁၇ အသင်းသည် စက်တင်ဘာ ၁၅ ရက်ကတည်းက ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ညီမြတ်သော်တာ