နေပြည်တော် အောက်တိုဘာ ၂၅
(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယနေ့တွင် နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
ဒေါ်တင်တင်မျိုးရည်
(အကအကဲဖြတ်ဒိုင်)
ဆရာမက ယဉ်ကျေးမှုဌာနက ဦးစီးအရာရှိ ဖြစ်ပါတယ်။ ကဗျာလွတ်၊ ကျေးလက်နဲ့ တိုင်းရင်းသား အကတွေမှာ အကဲဖြတ်ဒိုင်အဖွဲ့ဝင် တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ကနေပြီးတော့ ဒီနှစ်အထိ ဒိုင်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ မျိုးဆက်သစ်တွေ အနေနဲ့က တစ်နှစ်ထက်တစ်နှစ် ပိုတိုးတက်လာပါတယ်။ အယူအဆတွေ လည်း ပြောင်းလဲတိုးတက်ခဲ့ပါ တယ်။ အကဘာသာရပ်ကို အကဲဖြတ်အမှတ် ပေးတာကတော့ ကဗျာလွတ်အကမှာဆိုရင် စည်းနဲ့ဝါး ကျနရဲ့လား၊ အကကိုရော လက်ချိုးပီသရဲ့လား အဲဒါတွေကို အသေအချာဆန်းစစ်ပြီး အမှတ် ပေးတာပါ။ တိုင်းရင်းသားအကဆိုရင်လည်း ရိုးရာအကကို ပီပြင်အောင်ကနိုင်လား၊ ရိုးရာအကကို ထိန်းသိမ်းနိုင်လား ဒါတွေကိုကြည့်ပါတယ်။ ကျေးလက်အကမှာဆိုရင်လည်း ဒေသတွေရဲ့ ကျေးလက်အလှအပကို ဖော်ညွှန်းနိုင်ရဲ့လား၊ ထိန်းသိမ်းနိုင်ရဲ့လား ဒါတွေကိုသေသေချာချာ ကြည့်ပြီး တော့မှ အကဲဖြတ်အမှတ်ပေးတာ ဖြစ်ပါတယ်။ အခုလို နိုင်ငံတော်က ဦးဆောင်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြတဲ့ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးက မျိုးဆက်သစ်တွေကို လည်း ကျေးဇူးတင်ပါတယ်။
မောင်အောင်ကြည်မြင့်
အကပြိုင်ပွဲဝင်၊ ဝါသနာရှင် (ဒုတိယတန်း)
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
မကွေးတိုင်းဒေသကြီး ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုက နှစ်ကြိမ်မြောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အရင်အကြိမ်က ဆုမရခဲ့ပါဘူး။ ဒီနှစ်အတွက်လည်း အများကြီးအားထည့်ပြီး ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်ခဲ့ပါတယ်။ ယှဉ်ပြိုင်ခဲ့ရာမှာလည်း အားရကျေနပ်မှုရှိပါတယ်။ အနုပညာအနေနဲ့ ကိုယ့်တိုင်းဒေသကြီးမှာပဲ ပွဲတွေကပါတယ်။ မျိုးဆက်သစ်တွေကို မြေတောင် မြှောက်ပေးလို့ ကျေးဇူးတင်သလို အပေါင်းအသင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရလို့ ကျေးဇူးတင်ရပါတယ်။
မောင်ကောင်းမြတ်ကျော်
အတီး (စန္ဒရား)ပြိုင်ပွဲဝင်၊ ဝါသနာရှင် (ဒုတိယတန်း)
ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
ကျွန်တော် အခုယှဉ်ပြိုင်ခဲ့တဲ့ သီချင်းကတော့ ချစ်သမျှကို (ပတ်ပျိုး) နဲ့ ဖြစ်ပါတယ်။ (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာ (၁၅- ၂၀) အတီ စန္ဒရားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ စန္ဒရားပညာကို ကျွန်တော်ဆဋ္ဌမတန်း ကျောင်းသားဘဝကတည်းက စတင်လေ့လာခဲ့ တာပါ။ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်ခဲ့ရတာတော့ရှိပါတယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက လေ့ကျင့်ခဲ့တာဆိုတော့ အခက်အခဲတော့ သိပ်မရှိပါဘူး။ အနာဂတ်မျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့ အတွက် အခုလိုပြိုင်ပွဲကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်။ ပြိုင်ပွဲတွေ ကျင်းပပေးတဲ့ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
ကိုနိုင်မျိုးအောင်
အရေးပြိုင်ပွဲဝင်၊ ဝါသနာရှင် (ပထမတန်း)
မကွေးတိုင်းဒေသကြီးကိုယ်စားပြု
ဝါသနာရှင် (ပထမတန်း) အမျိုးသား အရေးပြိုင်ပွဲမှာ မကွေးတိုင်းဒေသကြီး ကိုယ်စားပြုနဲ့ ပြိုင်တာပါ။ သီချင်းက ဘာသာရေးနဲ့ပတ်သက်တဲ့ သီချင်းလေးနဲ့ ရေးဖွဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ တခြားတူရိယာနဲ့ ပတ်သက်လို့ ဂီတာ၊ စန္ဒရား၊ ပလွေ၊ တယောတို့ တီးတတ်ပါတယ်။ အနုပညာလုပ်ငန်းအနေနဲ့ သီချင်းတွေလည်း ရေးပါတယ်။ တေးသံသာကနေပြီးတော့ ဖိုးကောကောလိပ်ဆိုတဲ့ နာမည်နဲ့ ဘဝထဲက သုညသီချင်း တစ်ပုဒ်ထွက်ထားတာရှိပါတယ်။ ကျွန်တော်ပြိုင်ပွဲဝင်တာ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိပါပြီ။ ဆုကတော့ ကြေးတံဆိပ်ပဲ ရပါသေးတယ်။
မောင်ဇေယျာဖြိုးကျော်
တယောအတီးပြိုင်ပွဲဝင်၊ ဝါသနာရှင်(ပထမတန်း)
မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု
ကျွန်တော် ဒီပါအေးမြ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြဋ္ဌာန်းသီချင်း ရှစ်ပုဒ်နဲ့ ထပ်ကာထပ်ကာလေ့ကျင့် ခဲ့ပါတယ်။ ကိုယ်အနှစ်သက်ဆုံး သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် အားရကျေနပ်ပါတယ်။ (၂၃) ကြိမ် နဲ့ (၂၄) ကြိမ် ပြိုင်ပွဲမှာ အဆင့်မြင့်နဲ့ ဝါသနာရှင်ဒုတိယတန်းမှာ ရွှေတံဆိပ်ဆုနှစ်ခုရခဲ့ပါတယ်။ အခု ခေတ်မှာ သီချင်းတွေကို အေအိုင်တွေနဲ့ဖန်တီးလာတာကို တွေ့ရတယ်။ အသုံးပြုတာတော့ပြုပါ။ ဒါပေမဲ့ ကိုယ့်ရဲ့တကယ့် မြန်မာ့ရိုးရာ အမွေအနှစ်ကိုလည်း ထိန်းသိမ်းစေလိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ ယဉ်ကျေးမှုဟာ နှစ်ပေါင်းရှည်ကြာတည်တံ့နေမှာ ဖြစ်ပါတယ်။
ဒေါ်မြမြဝင်း
ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲဝင်၊ ဝါသနာရှင် (ဒုတိယတန်း)
ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ အမျိုးသမီးဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အဖွဲ့လိုက် စည်းစည်းလုံးလုံး လက်တွဲညီညီနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ရွှေတံဆိပ်ဆု ရမယ်လို့ မျှော်လင့်ပါတယ်။
ကိုဝင်းထွဋ်
နှဲပြိုင်ပွဲဝင်၊ ဝါသနာရှင် (ဒုတိယတန်း)
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ နှဲနဲ့ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ရိုးရာတူရိယာတွေ တော်တော်များများကို တီးခတ်တတ် ပါတယ်။ လေ့လာပါတယ်။ လက်ရှိမှာလည်း ဒါတွေနဲ့ပဲအသက်မွေးဝမ်းကျောင်း ပြုနေပါတယ်။ ပြိုင်ပွဲကြီးကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ဝင်ပြိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ရင် အလွန်ပျော်ရွှင်မိမှာပါ။ နှဲပညာဆိုတာ အနုပညာလောကမှာ အခက်အခဲ အနက်အနဲဆုံးပါ။ ပတ်တီးပြီးရင် နှဲ၊ နှဲပြီးရင် ပတ်တီးဆိုပြီးတောင်မှ အခေါ်အဝေါ်ရှိပါတယ်။ ပတ်တီး ၁၀ ယောက်ဖြစ်လို့ နှဲတစ်ယောက်မဖြစ်ဘူးဆိုပြီး အရပ်စကားမှာ ပြောကြတာရှိပါတယ်။ လေရယ်၊ လက်ရယ်၊ စိတ်ရယ်၊ စိတ်ထဲမှာရှိတဲ့အသံကို လေနဲ့မှုတ်ပြီး လက်နဲ့လုပ်ယူရတာဖြစ်တဲ့အတွက် ခက်ခဲပါ တယ်။ နှဲပညာရပ်ကို သင်ချင်တဲ့ ဝါသနာရှင်တွေ ရှိရင်လည်း လက်တွဲခေါ်ပါတယ်။ ပညာတွေ မျှဝေပေးသွားပါမယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက အနုပညာရှင်သမားတွေရဲ့ အသက် ပါပဲ။ ဘာလို့လဲဆိုတော့ ပျောက်ကွယ်နေတဲ့ သီချင်းတွေကို ကျွန်တော်တို့က ပြန်ဖော်ထုတ်ခွင့်ရတယ်၊ တီးခွင့်ရတယ်၊ ဆိုခွင့်ရတယ်။ အဲဒီအတွက် နိုင်ငံတော်အကြီးအကဲနဲ့တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။
တွေ့ဆုံမေးမြန်းနှင့်
ဓာတ်ပုံ-လင်းသူရ


