နေပြည်တော် အောက်တိုဘာ ၂၆
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲကြီးကို ယနေ့တွင် နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီး၌ ဆက်လက်ကျင်းပခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
ဒေါ်မြနှင်းရီ
အတီး(မယ်ဒလင်) ပြိုင်ပွဲဝင်၊ ဝါသနာရှင်(ပထမတန်း)၊အမျိုးသမီး၊
စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု
ဒီပြိုင်ပွဲကြီးကို ၂၀၀၁ ခုနှစ် ကတည်းက ယှဉ်ပြိုင်ခဲ့တာပါ။ ဆုတံဆိပ်တွေလည်း ရရှိခဲ့ဖူးပါတယ်။ အခု တီးခတ်ပြိုင်ပွဲဝင်ခဲ့တာကတော့ မြရည်နန္ဒာ (ဘွဲ့) သီချင်းနဲ့ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကျင်းပပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ မပပျောက်အောင်လို့လည်း ထိန်းသိမ်းနေပါတယ်။ အခုပြိုင်ပွဲကြီမှာ မြေးမလေးနဲ့ တပည့်မလေးတစ်ယောက်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြေးမလေး ကတော့ တတိယဆုရခဲ့ပါတယ်။
ဒေါ်နန်းသူဇာ
အတီး(မယ်ဒလင်) ပြိုင်ပွဲဝင်၊ ဝါသနာရှင်(ပထမတန်း)၊အမျိုးသမီး၊
ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု
အခု ယှဉ်ပြိုင်တီးခတ်ခဲ့ရတာကတော့ မြရည်နန္ဒာ(ဘွဲ့) သီချင်းနဲ့ပါ။ ဒီပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက်လည်း အများကြီးကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ အရင်နှစ်က ဝါသနာရှင် (ဒုတိယ တန်း) ပြိုင်ပွဲတုန်းကတော့ သီးချင်းငါးပုဒ် လေ့ကျင့်ခဲ့ရပြီး ဒီနှစ်ဝါသနာရှင် (ပထမတန်း) ပြိုင်ပွဲမှာတော့ သီချင်းရှစ်ပုဒ် လေ့ကျင့်ခဲ့ရပါတယ်။ တီးခတ်ယှဉ်ပြိုင်ခဲ့ရတဲ့ အပေါ်မှာလည်း အားရ ကျေနပ်မှု ရှိပါတယ်။ ဒီပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့အတွက် အနုပညာသမားတွေအဖို့ အခွင့်အလမ်း များစွာရရှိစေပါတယ်။ လူငယ်တွေအနေနဲ့လည်း ငယ်ငယ်ကတည်းက ဒီပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အနုပညာအပေါ်မှာ ကြိုးစားချင်စိတ်တွေလည်း ဖြစ်ပေါ်စေပါတယ်။ ဒီပြိုင်ပွဲကနေတစ်ဆင့် ထွန်းတောက်သွားတဲ့ အနုပညာရှင်တွေလည်း အများကြီးရှိပါတယ်။ ပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
ဦးဝင်းကိုကို
အတီး(မယ်ဒလင်) ပြိုင်ပွဲဝင်၊ ဝါသနာရှင်(ဒုတိယတန်း)၊အမျိုးသား၊
တနင်္သာရီ တိုင်းဒေသကြီး ကိုယ်စားပြု
ဒီပြိုင်ပွဲကြီးကို ဝင်ရောက် ယှဉ်ပြိုင်တာ နှစ်ကြိမ်မြောက်ရှိပါပြီ။ မယ်ဒလင်ပညာကို ဘွဲ့ရပြီးမှ စတင် လေ့လာဖြစ်တာပါ။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်တီးခတ်နိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ အခု ယှဉ်ပြိုင်ပြီးခဲ့တဲ့အပေါ်မှာလည် ကျေနပ်မှုရှိပါတယ်။ အခုလို ပြိုင်ပွဲတွေကျင်းပပေးတာ ကောင်းပါတယ်။ တကယ်လို့ ဒီလိုပြိုင်ပွဲတွေသာမရှိဘူးဆိုရင် မဟာဂီတက ပျောက်ဆုံးသွားနိုင် ပါတယ်။ ဒီဘက်ခေတ် လူငယ်တွေဆိုရင် ခေတ်ပေါ်၊ ကာလပေါ်သီချင်းတွေကို စိတ်ဝင်စားမှု များလာတာတွေ့ရပါတယ်။ ဒါကြောင့် အခုလိုရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖော် ထုတ်ပေးတဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပပေးတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးအောင်သူဟိန်း
အတီး (မယ်ဒလင်) ပြိုင်ပွဲဝင်၊ ဝါသနာရှင်(ဒုတိယတန်း)၊အမျိုးသား၊
ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု
ကျွန်တော် (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ခဲ့တာပါ။ ပါဝင် ယှဉ်ပြိုင်ခဲ့တာကတော့ အခြေခံပညာအဆင့် အတီး (မယ်ဒလင်) ပြိုင်ပွဲမှာဖြစ်ပြီး ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။ မယ်ဒလင်ပညာကို ဆဋ္ဌမတန်း ကျောင်းသားဘဝကတည်းက စတင်လေ့လာခဲ့တာပါ။ ဒီနှစ်ပြိုင်ပွဲကြီးမှာလည်း အကောင်းဆုံး တီးခတ်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ ရွက်ပုန်းသီး အနုပညာရှင်လေးတွေ ထွက်ပေါ်လာအောင် တာဝန်ရှိသူတွေက ဒီပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့အတွက် အထူးပဲဝမ်းသာပီတိ ဖြစ်မိပါတယ်။ နောင်မျိုးဆက်သစ် လေးတွေကိုလည်း မြန်မာ့အနု ပညာအမွေအနှစ်တွေကို ထိန်းသိမ်းလက်ဆင့်ကမ်းနိုင်အောင် ကြိုးစားသွားပါမယ်။
မောင်ဖြိုးမောင်မောင်
အကဝါသနာရှင်(ပထမတန်း)
ကျွန်တော်က ကချင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဗဟို အဆင့်ရဲ့ အကဝါသနာရှင် ပထမတန်းမှာ ငွေတံဆိပ်ဆု၊ ဇာတ်တော်ကြီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီနှစ်အတွက်လည်း အများကြီး ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ လာရောက်ယှဉ်ပြိုင်တဲ့သူတွေ အားလုံး ကလည်း အကုန်လုံးကောင်းကြပါတယ်။ နောက်နှစ်မှာလည်း ဇာတ်တော်ကြီးအဖွဲ့မှာ ဝင်ရောက် ယှဉ်ပြိုင်ပါဦးမယ်။ အခုလိုမြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ထုတ်ဖော်တဲ့ပွဲတော်ကြီးမှာ ပါဝင်ခွင့် ရတဲ့အတွက် ကျွန်တော်တို့လို တက်သစ်စ ရွက်ပုန်းသီးအနု ပညာရှင်တွေ အများကြီးပညာရပါတယ်။ ပျော်ရွှင်ရပါတယ်၊ ဂုဏ်လည်းယူရပါတယ်။ လက်ရှိ အနုပညာအနေနဲ့လည်း ဇာတ်အဖွဲ့တွေမှာ ကနေပါတယ်။
မောင်မိုးထက်အောင်
အကဝါသနာရှင်(ပထမတန်း)
ကျွန်တော်က တနင်္သာရီတိုင်းဒေသကြီးကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အရင်နှစ်တွေ လာပြိုင်ခဲ့တာမှာ ရွှေငွေကြေးငါးခု ရခဲ့ပြီးပါပြီ။ ဒီနှစ်လည်း အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွှေရမယ်လို့လည်း ထင်ပါတယ်။ အခုလက်ရှိ အနုပညာအနေနဲ့ကတော့ ဇာတ်မင်းသားလုပ်ပါတယ်။ တစ်နှစ်မှတစ်ကြိမ် ကျင်းပတဲ့ပွဲဖြစ်တာကြောင့် ညီအစ်ကိုမောင်နှမတွေ ပြန်ဆုံရလို့ ဝမ်းသာရပါတယ်။ ခုလို ယဉ်ကျေးမှုတွေ ထိန်းသိမ်းတဲ့ပွဲကြောင့် နှစ်စဉ်နှစ်တိုင်း အောင်မြင်စွာ ကျင်းပနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
မချိုချိုစန်း
အကဝါသနာရှင်(ဒုတိယတန်း)
ကျွန်မက ဒီနှစ်မှ ပထမဆုံး ဗဟိုအဆင့်မှာ ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းချင်လို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ တစ်လကျော်လောက်လည်းလေ့ကျင့်ခဲ့ရပါတယ်။ နောက်နှစ်တွေမှာလည်း အကပညာရပ်ကို လာရောက်ယှဉ်ပြိုင်ဦးမှာပါ။ အတီးကိုလည်း ဝါသနာပါလို့လေ့လာနေပါပြီ။ နောင်အခါ အခွင့်သင့်ရင် အတီးပညာရပ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ပါဦးမယ်။
မရွှန်းလဲ့ဝင်း
အကဝါသနာရှင်(ဒုတိယတန်း)
ကျွန်မက မကွေးတိုင်းဒေသကြီးကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကကွက်တွေကို လိုအပ်ချက်မရှိ၊ လစ်ဟာချက်မရှိ၊ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ထားပါတယ်။ အနုပညာ အနေနဲ့က အငြိမ့်ပွဲတွေ လက်ခံပြီးကနေပါတယ်။ အခုလို အနုပညာရှင်တွေကိုဖော်ထုတ်နေရာပေးတဲ့ ဒီပြိုင်ပွဲကြီး ပြုလုပ်ပေးသူတွေကို ရင်ထဲကနေ အတိုင်းမသိကျေးဇူးတင်မိပါတယ်။ နောက်နှစ်ကို လည်း ဝါသနာရှင် ပထမတန်းမှာ လာရောက်ယှဉ်ပြိုင်ပါဦးမယ်။
တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ
လင်းသူရ


