၂၀၃၀ ပြည့်နှစ်တွင် ရုပ်ကြွင်းမဟုတ်သည့် စွမ်းအင်ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းရရှိရန် တရုတ်နိုင်ငံ ရည်မှန်း

ပေကျင်း    ဩဂုတ်    ၃

တရုတ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လွှတ်သုံးစွဲမှုကို ရုပ်ကြွင်းလောင်စာမဟုတ်သည့် စွမ်းအင်အရင်းအမြစ်များမှ ၅၀ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲရန် ရည်ရွယ်ထားကြောင်း သိရသည်။

၂၀၂၆ ခုနှစ်မှ  ၂၀၃၀ ပြည့်နှစ်အထိ ချမှတ်ထားသည့်  အမျိုးသားလျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးရေးအစီအမံအရ ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။

၎င်းအစီအစဉ်အရ  တရုတ်နိုင်ငံသည် အမျိုးသားဓာတ်အားလိုင်းထဲသို့ ကီလိုဝပ် ၂  ဒသမ ၈ ဘီလီယံကျော်ရှိသော လျှပ်စစ်ဓာတ်အားကို ပေါင်းစပ်နိုင်စေရန်နှင့်  ၂၀၃၀  ပြည့်နှစ်တွင် လျှပ်စစ်ကား သန်း ၁၁၀ ကျော်ကို ပံ့ပိုးပေးနိုင်သည့် အားသွင်းအခြေခံ အဆောက်အအုံကွန်ရက်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 အဆိုပါ ရည်မှန်းချက်များအောင်မြင်စေရေးအတွက် စိမ်းလန်းပြီး  ကာဗွန်နည်းပါးသော ဓာတ်အားထောက်ပံ့မှုများ တိုးချဲ့ဆောင်ရွက်ခြင်း၊ ခံနိုင်ရည်အားရှိသည့် လျှပ်ဓာတ်အားလိုင်းတစ်ခု တည်ဆောက်ခြင်း၊  ဓာတ်အားစနစ်၏ ပြောင်းလွယ်ပြင်လွယ်ရှိမှုကို မြှင့်တင်ဆောင်ရွက်ခြင်း၊   လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကို မြှင့်တင်ခြင်း၊ ဈေးကွက်ကို အခြေခံသော ဓာတ်အားကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ခြင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

ရေအားလျှပ်စစ်ထုတ်ယူရေးစီမံကိန်းများအား သိပ္ပံနည်းကျမြှင့်တင်ပြီး နျူကလီးယားစွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးအပါအဝင် ရုပ်ကြွင်းလောင်စာမဟုတ်သည့် စွမ်းအင်အရင်းအမြစ်များမြှင့်တင်ရေးနှင့်  ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးရုံများတွင် ကာဗွန်စွမ်းရည်မြှင့်တင်ရေးတို့ကို ယခုအစီအစဉ်အရ ဆောင်ရွက်မည်ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် သမားရိုးကျရေအားလျှပ်စစ်ထုတ်လွှတ်ရေးစွမ်းရည်ကို  ကီလိုဝပ်သန်း ၄၁၀ ခန့်၊ နျူကလီးယားစွမ်းအင် စွမ်းရည်ကို ကီလိုဝပ်သန်း ၁၁၀ ခန့်နှင့် ဇီဝလောင်စာ၊ နေရောင်ခြည်စွမ်းအင်၊ မြေအောက်အပူစွမ်းအင်နှင့် သမုဒ္ဒရာစွမ်းအင်ပေါင်းစပ် စွမ်းရည်ကို ကီလိုဝပ်သန်း ၆၅ သန်းခန့်အထိ မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေသည်။ 

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု၏ ၄၉ ဒသမ ၇ ရာခိုင်နှုန်းကို ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားက ထောက်ပံ့ပေးခဲ့ကြောင်း  အစောပိုင်း တရားဝင်အချက်အလက်များက ပြသခဲ့ပြီး ၎င်းပမာဏသည် ၅၀ ရာခိုင်နှုန်းအောက်သို့ ပထမဆုံးအကြိမ် ကျဆင်းသွားခြင်းဖြစ်ကာ အဆိုပါအချက်သည် နိုင်ငံ၏ စိမ်းလန်းပြီး ကာဗွန်နည်းပါးသော စွမ်းအင်စနစ်သို့ ကူးပြောင်းရာတွင် မှတ်တိုင်သစ်တစ်ခုလည်းဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၃၀ မတိုင်မီ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေရန်နှင့် ၂၀၆၀ မတိုင်မီ  ကာဗွန်ကင်းစင်ရန် ကတိပြုထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ