ရန်ကုန် အောက်တိုဘာ ၁၂
၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲအားလုံး အောက်တိုဘာ ၁၁ ရက်က ပြီးဆုံးသွားပြီး မြန်မာအသင်းအပါအဝင် ခြေစစ်ပွဲအောင်အသင်းအားလုံး စုံလင်စွာထွက်ပေါ်လာပြီဖြစ်သည်။
ခြေစစ်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်အထိ အသင်းစုစုပေါင်း ၃၀ ဖြင့် ကျင်းပခဲ့ပြီး အုပ်စုရှစ်ခုမှ အမှတ်အများဆုံး ထိပ်ဆုံးတစ်သင်းစီ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲအပြီးတွင် အုပ်စု(A)၌ တောင်ကိုရီးယားအသင်း၊ အုပ်စု(B)၌ အင်ဒိုနီးရှားအသင်း၊ အုပ်စု(C) ၌ တရုတ်တိုင်ပေအသင်း၊ အုပ်စု(D)၌ ဗီယက်နမ်အသင်း၊ အုပ်စု(E)၌ အိန္ဒိယ အသင်း၊ အုပ်စု(F)၌ ထိုင်းအသင်း၊ အုပ်စု(G)၌ မြန်မာအသင်း၊ အုပ်စု(H) ၌ ဖိလစ်ပိုင်အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
နောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည် ဖြစ်ပြီး အိမ်ရှင်တရုတ်အသင်းအပါအဝင် ၂၀၂၆ ပြိုင်ပွဲ ချန်ပီယံ မြောက်ကိုရီးယားအသင်း၊ ဒုတိယဆုရ ဂျပန်အသင်း၊ စတုတ္ထနေရာရ သြစတြေးလျအသင်းတို့မှာ တိုက်ရိုက်ကစားခွင့်ရခဲ့ကာ မြန်မာ၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ အိန္ဒိယ၊ ဖိလစ်ပိုင် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ပွဲစဉ် များကို ၂၀၂၇ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုမဲခွဲပွဲကို ဒီဇင်ဘာလအတွင်း ပြုလုပ်မည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - စိုးညွန့်သော်


